【 နိုင်ငံတကာ‌ဆောင်းပါး 】 ကမ္ဘာ့သက်ရှိအားလုံးအတွက် အသိုက်အဝန်းတစ်ခု အတူတည်ဆောက်ခြင်း

【 နိုင်ငံတကာ‌ဆောင်းပါး 】 ကမ္ဘာ့သက်ရှိအားလုံးအတွက် အသိုက်အဝန်းတစ်ခု အတူတည်ဆောက်ခြင်း

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲများဆိုင်ရာ ပဋိညာဉ်မှ ပါတီများ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ဇီဝမျိုးကွဲများကို ကာကွယ်ခြင်းသည် ကမ္ဘာမြေကြီးကို ကာကွယ်ခြင်းဖြစ်ပြီး လူသားမျိုးနွယ်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်မည်ဟု ဆိုခဲ့သည်။

ကူမင်းတွင် ကျင်းပခဲ့သော ထိုအစည်းအဝေးတွင် ၂၀၂၀ ခုနှစ်အလွန် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ၏ မူဘောင်တစ်ခုကို အနှစ်ချုပ်ခဲ့ပြီး အနာဂတ်အတွက် ပန်းတိုင်အသစ်များနှင့် လမ်းကြောင်းအသစ်များ ချမှတ်ခဲ့သည်။

လူသားနှင့် သဘာဝတို့သည် ဟန်ချက်ညီစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်သောကြောင့် သဘာဝတရားကိုလေးစားပြီး ကာကွယ်ပေးရန် လိုအပ်သည်ဟု သမ္မတ ရှီက ဆိုသည်။

စိမ်းလန်းသော တောင်တန်းများသည် ရွှေတောင်တန်း၊ ငွေတောင်တန်းများဖြစ်ပြီး ခိုင်မာသော ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်သည် စီးပွားရေးအကျိုးအမြတ်များဖြစ်ပြီး စီးပွားရေး၊ လူမှုရေးတိုးတက်မှုအတွက် သက်ရောက်မှုများစွာရှိသည်။ထို့ကြောင့် စီးပွားရေးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှုတို့ကို အပြန်အလှန်အကျိုးရှိမည့် နည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဟု သမ္မတ ရှီက ပြောခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအပေါ် အဟန့်အတားဖြစ်ခဲ့ပြီး စီးပွားရေးနာလန်ထူမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့တွင် များစွာသောလုပ်ငန်းများ အကောင်အထည်ဖော်ရန် လိုအပ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပို၍ အကူအညီများ လိုအပ်လျက်ရှိသည်။ထို့ကြောင့် ညီညွတ်ခြင်းကို အားကောင်းစေခြင်းဖြင့်သာ ပိုမိုမျှတသော နည်းလမ်းဖြင့် ကမ္ဘာတစ်ဝန်း ပြည်သူများကို အကျိုးအမြတ်ဖြစ်စေရန် အရေးကြီးသည်။

ခေတ်ကာလအရ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသလို မျှော်လင့်ချက်များလည်း ပြည့်နှက်နေသောကြောင့် အချင်းချင်းလက်တွဲခြင်းဖြင့်သာ တောက်ပသော အနာဂတ်ဆီ လျှောက်လှမ်းနိုင်မည်ဟု သမ္မတ ရှီက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဂေဟစနစ်ယဉ်ကျေးမှု တိုးတက်ခြင်းအား အဓိကဦးစားပေးပြီး စက်မှုယဉ်ကျေးမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းကာ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်တွင် လူသားများ၏ လုပ်ဆောင်ချက်များကို ကန့်သတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်များကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ ပြုလုပ်ရမည်။ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော တိုးတက်ရေးအတွက် စိမ်းလန်းသော၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော စီးပွားရေးစနစ် တည်ဆောက်ရမည်ဖြစ်ပြီး စိမ်းလန်းသော တောင်တန်းများ၊ သန့်ရှင်းသော ရေများက ပေးဆောင်မည့် အကျိုးအမြတ်ကို အမြင့်ဆုံးရယူရမည်ဖြစ်ပြီး ထို့အတွက်လည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အသီးအပွင့်များကို နိုင်ငံအားလုံးနှင့် မျှဝေခံစားနိုင်မည်ဖြစ်သည်။

ပြည်သူများသည် ပိုမိုကောင်းမွန်သော ဘဝကို လိုလားကြသည့်အလျောက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ စီးပွားရေး တိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ကြားတွင် ဟန်ချက်မျှစွာ အပြန်အလှန်အကျိုးရှိခြင်းဖြင့်သာ ပြည်သူအားလုံး၏ ပျော်ရွှင်မှုနှင့် လုံခြုံမှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု သမ္မတ ရှီက မှတ်ချက်ပြုသည်။

တရားမျှတ ညီမျှသော နိုင်ငံတကာအစိုးရစနစ်ဖြစ်လာရန် နိုင်ငံတကာဥပဒေအား အခြေခံအဖြစ် သတ်မှတ်ရန်လည်း လိုအပ်သည်။ထို့ကြောင့် နိုင်ငံပေါင်းစုံမူဝါဒကို ကျင့်သုံးရန် လိုအပ်ပြီး နိုင်ငံတကာစည်းမျဉ်းများသည်လည်း တစ်ဦးတစ်ယောက်ကောင်းကျိုးအတွက် မဖြစ်သင့်ဘဲ ဟန်ချက်မျှရန် လိုအပ်သည်။

တရုတ်အနေဖြင့် ဂေဟယဉ်ကျေးမှုစနစ် တည်ဆောက်ခြင်းတွင် သိသာသော တိုးတက်မှုများရရှိခဲ့ပြီး ဆက်လက်၍လည်း တီထွင်ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံသော တိုးတက်ရေး ဒဿနအသစ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

တရုတ်သည် ကူမင်း ဇီဝမျိုးကွဲများဆိုင်ရာ ရန်ပုံငွေ တည်ထောင်မည်ဟု သမ္မတ ရှီက ကြေညာခဲ့ပြီး ထို့အတွက် ယွမ် ၁.၅ ဘီလီယံ မြှုပ်နှံကာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဇီဝမျိုးကွဲများ ကာကွယ်ခြင်းကို ထောက်ပံ့သွားမည်ဟု ဆိုသည်။

ဇီဝမျိုးကွဲများ ကာကွယ်ခြင်းကို အားကောင်းစေနိုင်ရန်အတွက် တရုတ်နိုင်ငံသည် အမျိုးသားဥယျာဉ်များအား ကာကွယ်ရေးဧရိယာများအဖြစ် တည်ဆောက်ခြင်းကို အရှိန်မြှင့်တင်သွားမည်ဖြစ်သည်ဟု သမ္မတ ရှီက ဆိုသည်။

သဘာဝဂေဟစနစ်အရ အရေးပါပြီး ထူးကဲသော သဘာဝတရားများရှိသည့် နေရာများကို အမျိုးသားဥယျာဉ်စနစ်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။လက်ရှိတွင် တရုတ်၏ အမျိုးသားဥယျာဉ်ဧရိယာသည် ၂၃၀,၀၀၀ စတုရန်းကီလိုမီတာရှိပြီး တရုတ်ရှိ သဘာဝတောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနယ်မြေ ၃၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားသည်။

ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးနှင့် အသားတင် သုညပန်းတိုင်များ ရရှိစေရေးအတွက် တရုတ်သည် အဓိကနယ်ပယ်များတွင် ကာဗွန်ထုတ်လွှတ်မှုအား အမြင့်ဆုံးအဖြစ် သတ်မှတ်နိုင်ရေးအတွက် မူဘောင်များကို အကောင်အထည်ဖော်လျက်ရှိသည်ဟု သမ္မတ ရှီက ပြောခဲ့သည်။

ဆက်လက်၍လည်း စက်မှုဖွဲ့စည်းပုံနှင့် စွမ်းအင်အသုံးပြုမှုများကို ပြန်လည်ထိန်းညှိကာ လေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး အခြေစိုက်စခန်းများကို ပိုမိုကြီးမားစွာ တိုးတက်စေရေးအတွက် စီစဉ်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - Working Together to Build a Community of All Life on Earth | China Daily