【 နိုင်ငံတကာဆောင်းပါး 】 ရှင်ကျန်းဒေသနှင့်ပတ်သက်သည့် သတိပြုစရာ အချက်များ

【 နိုင်ငံတကာဆောင်းပါး 】 ရှင်ကျန်းဒေသနှင့်ပတ်သက်သည့် သတိပြုစရာ အချက်များ

မကြာသေးမီကပင် အနောက်နိုင်ငံ မီဒီယာများနှင့် အမေရိကန်အစိုးရတို့သည် ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ပတ်သက်ပြီး သတင်းမှားများကို ဖြန့်ဝေနေခြင်းဖြစ်သည်။

ပြောဆိုချက်များအနက် တစ်ခုမှာ ရှင်ကျန်းဒေသတွင် ဂျာမန်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့က တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်း၌ အတင်းအကြပ် လုပ်အားခိုင်းစေမှုရှိနေခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းဖြစ်ပြီး ပို၍ဆိုးသည်မှာ အမေရိကန်အောက်လွှတ်တော်က တရုတ်လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းသုံးခုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် အာဖဂ္ဂန်နစ္စတန်တွင် များစွာသော မူဆလင်လူမျိုးများကို ဗုံးကြဲသတ်ဖြတ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဝီဂါမူဆလင်လူမျိုးများအတွက် စိုးရိမ်နေခြင်းမှာ ဟန်ဆောင်ငိုပြခြင်းသာဖြစ်သည်။အမေရိကန်သည် မူဆလင်များအပေါ်တွင်သာမကဘဲ များစွာသော နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည်။

အမေရိကန်က သူ၏စနစ်ကိုသာ အားလုံးက လိုက်နာစေလိုသည်။ထို့ကြောင့် ပြည်တွင်းရေးပြဿနာများကြောင့် ထိခိုက်နေချိန်တွင် တရုတ်ကဲ့သို့သော ပြိုင်ဘက်များအပေါ်တွင် ပို၍ဖိနှိပ်လာခြင်းဖြစ်သည်။အမေရိကန်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်ပြီး အမေရိကန်က အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သူဖြစ်သည်ဟူသော အချက်ကို ဖုံးကွယ်ထားလိုသည်။

တစ်ဖက်တွင်မူ တရုတ်၏ ဒီမိုကရေစီသည် ဒေသအားလုံးကို လွှမ်းခြုံသော လက်တွေ့ကျသည့် လေ့ကျင့်မှုဖြစ်သည်။အမေရိကန်ပြည်သူများစွာသည် ဒီမိုကရေစီအပြောင်းအလဲစစ်စစ်ကို လိုလားကြပြီး စစ်ပွဲများ အဆုံးသတ်ကာ ပိုမိုကောင်းမွန်သော ပညာရေး၊ ကျန်းမာရေးနှင့် သက်သာသော နေထိုင်ရေးများ ရရှိလိုကြသည်။အမေရိကန်ပြည်သူများအနေဖြင့် တရုတ်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်တက်လာခြင်းကဲ့သို့ လူ့အခွင့်အရေးအောင်မြင်မှုများကို သိရှိရပါက အမေရိကန်ခေါင်းဆောင်များအပေါ် ထောက်ခံမှု ပို၍ကျဆင်းသွားမည်ဖြစ်သည်။

ရိုးရှင်းသော အချက်မှာ ရှင်ကျန်းဒေသအပေါ် ဝါဒဖြန့်ချိနေခြင်းနှင့် ခွဲထွက်ရေး သွေးထိုးနေခြင်းသည် အမေရိကန်အပေါ်တွင်သာ ပြန်လည်သက်ရောက်သွားခြင်းဖြစ်သည်။သူတို့၏အဆိုအရ အကြမ်းဖက်မှုလျှော့ချရေး စခန်းများက နှိပ်စက်သည့်စခန်းများဖြစ်သွားပြီး ဘာသာနှစ်ခုပညာရေးက မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်ကာ အပြန်အလှန် အလုပ်ပေး၊ လခပေး စီမံကိန်းများက အတင်းအကြပ်လုပ်အားခိုင်းစေမှု ဖြစ်သွားရသည်။

တရုတ်နှင့်ပတ်သက်ပြီး အမေရိကန်၏ ရည်ရွယ်ချက်မှာ တရုတ်၏ အားကောင်းလာမှုကို ဟန့်တားရန်ဖြစ်ပြီး အမေရိကန်များကသာ ညီညွတ်ခြင်းနှင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်သည်ဟု ပုံဖော်ရန်ဖြစ်သည်။အမေရိကန်အတွက် တရုတ်၏ မတည်ငြိမ်မှုကို လိုလားခြင်းဖြစ်သည်။သို့သော် ဆန့်ကျင်ဖက်အားဖြင့် တရုတ်၏ လုပ်ဆောင်မှုများသည် အာဖဂန်တွင် ဖြစ်ပျက်ခဲ့သလို ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဟန့်တားနိုင်စွမ်းရှိပြီး ဝီဂါလူမျိုးများကို ကာကွယ်ပေးလျက်ရှိသည်။ထို့ကြောင့် အမေရိကန်တို့ လိုလားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ လက်တွေ့မှာ စွပ်စွဲမှုများနှင့် ကွဲလွဲနေခြင်းဖြစ်သည်။

ရှင်ကျန်း၌ လုပ်ငန်းလုပ်ဆောင်နေသော ဂျာမန်ကုမ္ပဏီက အတင်းအကြပ်လုပ်အားခိုင်းစေခြင်းမျိုးမရှိကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။ထိုပြောဆိုချက်မျိုး ထွက်ပေါ်လာသည်မှာလည်း တရုတ်ကို ဖြုတ်ချရန် ရည်ရွယ်ပြီး အမေရိကန်က ငွေပေးထားသော အဖွဲ့အစည်းတစ်ခုမှဖြစ်သည်။ရှင်ကျန်းဒေသနှင့်ပတ်သက်ပြီး စွပ်စွဲချက်အသစ်များသည် ယခုမှထွက်ပေါ်လာသည်မဟုတ်ဘဲ အမေရိကန်၏ ဆက်တိုက်ပြုလုပ်နေသော ဝါဒဖြန့်ချိရေး၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

အမေရိကန်သည် စွပ်စွဲချက်များ၊ ချဲ့ကားချက်များဖြင့် မီဒီယာကမ်ပိန်းကို ကောင်းစွာလုပ်ဆောင်လေ့ရှိပြီး ၎င်းတို့၏ မူဝါဒများကို ဖြန့်ချိလေ့ရှိသည်။ထိုကမ်ပိန်းများကို အချိန်ကောင်းကိုစောင့်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်။သို့သော် လက်တွေ့တွင်မူ တရုတ်သည် အမေရိကန် ပစ်မှတ်ထားခဲ့သော အခြားနိုင်ငံများနှင့်မတူဘဲ ထိန်းချုပ် ကျူးကျော်ရန် ခက်ခဲခြင်းဖြစ်သည်။

အမေရိကန်၏ သတင်းများနှင့် မူဝါဒများသည် အမေရိကန်၏ ရန်စခြင်းကိုသာ ထင်ဟပ်နေခြင်းဖြစ်သည်။ဂျာမန်ကုမ္ပဏီအား တရုတ်မှ ဖယ်ခွာကာ တရုတ်-ဥရောပ ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်နေသည်မှာ သိသာသည်။အမေရိကန်သည် နော့ဒ်ရေစီးကြောင်းအား တိုက်ခိုက်ခြင်းမှစတင်ပြီး အမျိုးမျိုးသော လုပ်ရပ်များဖြင့် ဂျာမန်ကို သိမ်းသွင်းနေခြင်းဖြစ်သည်။

အမေရိကန်နှင့် ဥရောပပြည်သူများသည် ၎င်းတို့၏ ခေါင်းဆောင်များ လုပ်ဆောင်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အာရုံစိုက်ရမည်ဖြစ်သည်။ရှင်ကျန်းနှင့် ကမ္ဘာ့တောင်ပိုင်းဒေသများနှင့်ပတ်သက်ပြီး မကြာခဏငိုကြွေးပြနေခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ။

အနောက်နိုင်ငံပြည်သူများက မီဒီယာများကိုသာ အခြေခံပြီး တရုတ်ကို ဝေဖန်ခြင်းမပြုလုပ်ဘဲ တရုတ်နိုင်ငံနှင့် ရှင်ကျန်းဒေသသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ပြီးမှသာ လူ့အခွင့်အရေးအကြောင်းကို ဆွေးနွေးသင့်ပေသည်။

စိုးနိုင်ထွန်း
Ref - China Daily | Xinjiang: Why are “they” crying wolf again ?