【 နိုင်ငံတကာဆောင်းပါး 】 တရုတ်လူမှုအသိုက်အဝန်း၏ ကျောရိုးဖြစ်သော ပြည်သူ့ဒီမိုကရေစီ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်လူမှုအသိုက်အဝန်း၏ ကျောရိုးဖြစ်သော ပြည်သူ့ဒီမိုကရေစီ

ရွေးကောက်ပွဲများနှင့် ပါတီပေါင်းစုံ မရှိသော တရုတ်၏ အဆင့်အားလုံးပါဝင်ပြီး စနစ်ကျသည့် ဒီမိုကရေစီစနစ်သည် အနောက်နိုင်ငံများအတွက် ထူးခြားဆန်းကြယ်ဖြစ်နိုင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၄၉ ခုနှစ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ်နိုင်ငံတစ်ခု တည်ဆောက်ရေး အဓိကရည်မှန်းချက်များတွင် တတိယအချက်အနေဖြင့် ဒီမိုကရေစီစနစ် ဖြစ်တည်ရေးကို ဖော်ပြခဲ့သည်။

ပြည်သူများအနေဖြင့် နိုင်ငံရေးတွင် စနစ်တကျပါဝင်ခြင်းကို ချဲ့ထွင်စေရန်၊ လူ့အခွင့်အရေးနှင့် ဥပဒေကို ကာကွယ်ရေး အားကောင်းစေရန်နှင့် ပြည်သူများအနေဖြင့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဥပဒေနှင့်အညီ ခံစားနိုင်စေရန် တရုတ်ကွန်မြူနစ်ပါတီက တိုက်တွန်းထားသည်။

ပါတီတစ်ခုက ခေါင်းဆောင်သော ဒီမိုကရေစီစနစ်တွင် မှတ်ချက်ကောက်ယူခြင်း ယန္တရားများမှတစ်ဆင့် အများပြည်သူများ၏အမြင်ကို ရယူကာ မူဝါဒများနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်ချက်များ ပြုလုပ်သည်။အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲများမရှိသော်လည်း ထိုသို့ပြုလုပ်ခြင်းသည် အလွှာပေါင်းစုံနှင့် ထိတွေ့ဆက်ဆံနိုင်ခြင်းဖြစ်သည်။

ပါတီခေါင်းဆောင်များက ပါတီကွန်ဂရက်၌ ငါးနှစ်တာတိုင်း တင်သွင်းသော လုပ်ငန်းအစီရင်ခံစာများနှင့် အမျိုးသားပြည်သူ့ကွန်ဂရက်၌ အစိုးရက နှစ်စဉ်တင်သွင်းသော လုပ်ငန်းအစီရင်ခံစာများတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူများနှင့် ပြည်သူများ၏ အားဖြည့်ချက်များ၊ အကြံပြုချက်များကို ထည့်သွင်းထားသည်ကို တွေ့ရှိနိုင်သည်။

တရုတ်အနေဖြင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုနှင့် အဖွဲ့အစည်း၏ အရည်အသွေးကြောင့်ဖြစ်သည်။တရုတ်သည် ၂၀၁၃ ခုနှစ်တွင် ပစ်မှတ်ထားပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ခြင်းကို အဆိုပြုခဲ့သည်။ပစ်မှတ်ထားခြင်းဆိုသည်မှာ ဆင်းရဲသည့် မိသားစုများအတွက် စံနှုန်းနှင့်ကိုက်ညီပြီး တစ်ဦးချင်းစီနှင့် သင့်လျော်သော စီမံကိန်းများကို ဆိုလိုသည်။ထိုလုပ်ငန်းစဉ်များတွင် ပြည်နယ်အဆင့်၊ မြူနီစီပယ်အဆင့်၊ ကောင်တီအဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့် စသည်ဖြင့် အဆင့်ဆင့်က ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သန်းနှင့်ချီသော ဆင်းရဲသည့် မိသားစုများသည် ကိုယ်ပိုင်သီးသန့်ဖြစ်သော အစီအစဉ်များ ပိုင်ဆိုင်ကြပြီး ထိုအစီအစဉ်များကို လစဉ်စစ်ဆေးကာ ပြီးပြည့်စုံမှုနှင့် လေ့လာဆန်းစစ်မှုများကို ပြုလုပ်လေ့ရှိသည်။

အနောက်နိုင်ငံများ၏ သတ်မှတ်ချက်အရ နိုင်ငံရေးပါတီဆိုသည်မှာ ပွင့်လင်းပြီး ပါတီပေါင်းစုံပါဝင်သော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့အစည်းဖြစ်ပြီး ထိုစနစ်ကို ဒီမိုကရေစီဟု ခေါ်ခြင်းဖြစ်သည်။အာဏာရပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စရာ မလိုသောအခါ ဒီမိုကရေစီစနစ် မဟုတ်ဟု ကောက်ယူကြသည်။ ထိုအမြင်သည် တရုတ်၏ စနစ်ကို မှားယွင်းစွာ ပုံဖော်နေခြင်းဖြစ်သည်။တရုတ်သည် ကွဲပြားသော မူဝါဒအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်တွင် ပါတီဆိုသည်မှာ အုပ်ချုပ်ရေးအဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်။

လူမှုအသိုက်အဝန်း ကဏ္ဍပေါင်းစုံမှ လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်ပါဝင်ပြီး တရုတ်ပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို ကိုယ်စားပြုသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရသည်။

ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ပါတီသည် အနောက်နိုင်ငံများ၏ စနစ်ရှိ အာဏာရ နိုင်ငံရေးပါတီတစ်ခုနှင့် မတူညီဘဲ အနောက်နိုင်ငံများ၏ စနစ်တွင်မူ နိုင်ငံရေးပါတီများသည် မဲပေးသူ အစုအဖွဲ့တစ်ခုကိုသာ ကိုယ်စားပြုပြီး ရွေးကောက်ပွဲစက်ဝန်းအရ အချိန်အကန့်အသတ်ဖြင့်သာဖြစ်သည်။

ထို့ကြောင့်ပင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် ပိုမိုမြင့်မားပြီး ကျယ်ပြန့်သော တာဝန်များကို ယူထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ထိုအထဲတွင် ပြုပြင်ပြောင်းလဲရေးများ၊ တရားဥပဒေစိုးမိုးရေး၊ အစိုးရ၌ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အုပ်ချုပ်ရေးတွင် အများပြည်သူပါဝင်လာရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီမြှင့်တင်ရေးနှင့် လူ့အခွင့်အရေးတို့ ပါဝင်သည်။ထိုအချက်များသည် လက်တွေ့စိန်ခေါ်မှုများဖြစ်သည်။

နိုင်ငံရေးစနစ်အားလုံးနှင့် နိုင်ငံရေးပါတီအားလုံးတွင် ဖလှယ်နိုင်သော တန်ဖိုးများရှိသည်။အမျိုးသားရေးပန်းတိုင်ဖြစ်သော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကဲ့သို့ လုပ်ငန်းစဉ်များသည် တရုတ်၏ ပါတီက ဦးဆောင်သော စနစ်၏ အားသာချက်ဖြစ်သည်။ထို့အပြင် စနစ်ကို လေ့လာဆန်းစစ်ရာတွင် ပြုပြင်ပြောင်းလဲမှုများ၊ တံခါးဖွင့်ဝါဒီများနှင့် စနစ်တိုးတက်မှုများကိုလည်း ထည့်သွင်းစဉ်းစား၍ရသည်။

တရုတ်အတွက်မူ ဆင်းရဲမွဲတေမှု တိုက်ဖျက်ခြင်းသည် လူ့အခွင့်အရေး၏ ဥပမာဖြစ်သည်။တရုတ်ကွန်မြူနစ်ပါတီအတွက်မူ ဒီမိုကရေစီနှင့် အုပ်ချုပ်ရေး တိုးတက်စေရေးသည် လုပ်ဆောင်ရမည့် တာဝန်နှင့် စိန်ခေါ်မှုဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Whole-process people's democracy the backbone of China's society