【 နိုင်ငံတကာဆောင်းပါး 】 တန်းတူညီမျှမှု၊ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်း၊ ကြားဝင်စေ့စပ်ခြင်းနှင့် ကြေကွဲစရာများ

【 နိုင်ငံတကာဆောင်းပါး 】 တန်းတူညီမျှမှု၊ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်း၊ ကြားဝင်စေ့စပ်ခြင်းနှင့် ကြေကွဲစရာများ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးမှသည် ဝင်ရိုး အများအပြားရှိသော ကမ္ဘာအထိ ထိုမှ ဂါဇာနှင့် ယူကရိန်းပဋိပက္ခများအထိပါဝင်သည့် ကိစ္စအများအပြားအတွက် မေးခွန်းများကို ကြာသပတေးနေ့က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးမူဝါဒပန်းတိုင်များ၊ နည်းလမ်းများ နှင့် အောင်မြင်မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သော ဝမ်က ပေကျင်းတွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယအစည်းအဝေး၏ သီးခြားအစည်းအဝေးမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသောအခါ ငြိမ်းချမ်းရေးနှင့် အပြန်အလှန်အကျိုးကျေးဇူး ဆိုင်ရာ တရုတ်နိုင်ငံ၏ ကတိကဝတ်ကို အလေးထားပြောသည်။
 
တရုတ်နှင့် နိုင်ငံတကာသတင်းထောက်များထံမှ မေးခွန်း ၂၁ ခုပါဝင်သည့် မိနစ် ၄၀ ကြာာသတင်း စာရှင်းလင်းပွဲမှ မှတ်သားစရာ ၄ ခုကို အောက်တွင်ဖော်ပြလိုက်သည်။
 
          ၁။ ဝင်ရိုးစုံကမ္ဘာ၏ စားပွဲဝိုင်းမှ တန်းတူညီမျှသော ထိုင်ခုံများ
 
နိုင်ငံစုံစနစ်နှင့် ကုလသမဂ္ဂလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ဝမ်ယိ ပြောကြားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တန်းတူညီမျှသည့် ကစားကွင်းတစ်ခုနှင့် ကမ္ဘာတောင်ပိုင်း၏ သြဇာမြှင့်တင်ရေးကို တောင်းဆိုသည်။
 
တရုတ်နိုင်ငံ၏ ဖြေရှင်းမှုမှာ လူသားမျိုးနွယ်အတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်းတည်ထောင်ရေးဖြစ်ကြောင်း သူပြောသည်။ (ထိုအယူအဆမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက တင်ပြခဲ့ပြီးနောက် နိုင်ငံတကာဘုံသဘောတူညီချက်ဖြစ်လာသည့် အယူအဆဖြစ်သည်။)
 
ထိုရည်မှန်းချက်သည် ယခုအခါ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS နှင့် အခြားနိုင်ငံတကာအင်စတီကျူးရှင်းများ၏ ကြေ ညာစာတမ်းများတွင် ပါဝင်လာကြောင်း သူပြောသည်။
 
အုပ်စုနိုင်ငံရေး (သို့မဟုတ်) သဘောထားကွဲလွဲမှုကင်းမဲ့ပြီး တန်းတူအခွင့်အရေးနှင့် တန်းတူစည်းမျဉ်းများကို ပုံဖော်ကာ တန်းတူညီမျှပြီး စနစ်ကျသော ဝင်ရိုးစုံကမ္ဘာ တည်ဆောက်ရေးအပေါ် တရုတ်နိုင်ငံ၏ အလေးထားမှုကို ဝမ် အလေးထား ပြောကြားသည်။
 
လက်သီးကြီးသူများကို နောက်ဆုံးအဆုံးအဖြတ်ပေးခွင့် မပြုသင့်ကြောင်းနှင့် အချို့နိုင်ငံများသည် စားပွဲပေါ်ရောက်နေပြီး အချို့နိုင်ငံများသည် မီနူးတွင် ပါဝင်နေသည်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း သူပြောသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်၏ မကြာသေးမီက ပြောကြားချက်ကို ရည်ညွှန်းကြောင်း ထင်ရှားသည်။
 
ကမ္ဘာ့တန်းတူညီမျှရေးအတွက် တရုတ်တွန်းအား၏ အနာဂတ်လမ်းကြောင်းကို အကဲဖြတ်ရာတွင် ဝမ်က “ရှေ့ဆက်ရမယ့် လမ်းက ခက်ခဲရှုပ်ထွေးကောင်း ရှုပ်ထွေးပေမယ့် အနာဂတ်က တောက်ပတယ်” ဟု သူပြောသည်။
 
မကြာသေးမီနှစ်များက အကျပ်အတည်းများ စိန်ခေါ်မှုများကြောင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို တောင့်တင်းကြံ့ခိုင်အောင်လုပ်ရေး အရေးပါကြောင်း သူပြောသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို တိုးမြှင့်ရန် ပြုပြင်ပြောင်းလဲရေး လိုအပ်ကြောင်း သူပြောသည်။
 
ဉာဏ်ရည်တု (AI) နယ်ပယ်တွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံကိုလည်း နိုင်ငံခြားရေးဝန်ကြီးပြောပြီး ထိုနယ်ပယ်သည် အလျင်အမြန် ထွန်းကားနေပြီး ဖွံဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို တူညီစွာအလေးထားသင့်ပြီး AI နည်းပညာ ကွာဟမှုကို ပေါင်းကူးပေးသင့်ကြောင်း ပြောသည်။
 
ခြံသေးသေး ခြံစည်းရိုးမြင့်မြင့် လုပ်ထုံးလုပ်နည်းများ ဖန်တီးရန် အားထုတ်မှုများသည် သမိုင်းဝင် အကျိုးဆက်များရှိသည့် အမှားများကို ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံအားလုံး တန်းတူပါဝင်နိုင်သည့် ကုလသမဂ္ဂ မူဘောင်အောက်မှ နိုင်ငံတကာ အုပ်ချုပ်ရေးစနစ် ရှိသင့်သည်ဟုလည်း သူပြောသည်။
 
တရုတ်နိုင်ငံသည် မူ ၃ ခုကို အာရုံစိုက်ကြောင်း သူပြောသည် - AI သည် အပြုသဘောဆောင်သော အင်အားစုဖြစ်သင့်သည်၊ လုံခြုံရေးကိုအာမခံသင့်ပြီး ၎င်းကို လူသားထိန်းချုပ်မှုအောက်တွင် ထားသင့်သည်၊ သမာသမတ်ရှိမှုကို ရှာဖွေသင့်သည်။
 
တရုတ်နိုင်ငံသည် နည်းပညာကွာဟမှု ပေါင်းကူးရန် နိုင်ငံအာလုံး AI မှ အကျိုးခံစားရရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား AI စွမ်းရည်တည်ဆောက်မှု မြှင့်တင်ရေးအတွက် ကုလသမဂ္ဂတွင် ဆုံးဖြတ်ချက် မူကြမ်းတ်ခု တင်သွင်းမည်ဟုလည်း သူပြောသည်။
 
          ၂။ တရုတ်-အမေရိကန် ဆက်ဆံရေး အရေးပါ၊ ပဋိပက္ခသည် မစဉ်းစားသင့်သော ကိစ္စဖြစ်
 
၂၀၂၃ ခုနှစ် နိုဝင်ဘာလက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံမှုနောက်ပိုင်း တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တိုးတက်မှုများရှိကြောင်း ဝမ်ပြောသော်လည်း တရုတ်နှင့်ပတ်သက်ပြီး အမေရိကန်နားလည်မှုအလွဲများကို သတိပေးပြီး ဝါရှင်တန်၏ ကတိကဝတ်များကို အပြည့်အ၀မဖြည့်ဆည်းသေးကြောင်း သတိပေးသည်။
 
တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများဘဝ သာယာစိုပြေရေးနှင့် ကမ္ဘာ့အနာဂတ် လူသားမျိုးနွယ်အတွက် အရေးပါကြောင်း နိုင်ငံခြားရေးဝန်ကြီးပြောကြားပြီး အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်သည့် တရုတ်၏ ချဉ်းကပ်သည့် နည်းလမ်းသည် တည်ငြိမ်ပြီး ရှေ့နောက်ညီညွတ်ကြောင်း ပြောသည်။
 
အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတရုတ်က အဓိကလိုက်နာသည့် မူ ၃ ခုကို သူပြောကြားသည် - အပြန်အလှန်လေးစားမှုသည် ကြိုတင်လိုအပ်ချက်ဖြစ်သည်။ပဋိပက္ခသည် စိတ်ကူးယဉ်မရသည့် အကျိုးဆက်များ ဖြစ်လာနိုင်သောကြောင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးသည် အခြေခံဖြစ်သည်၊ နှစ်ဦးနှစ်ဘက် အကျိုး ရှိသော ပူးပေါင်းဆောင်ရွက်မှုသည် ပန်းတိုင်ဖြစ်သည်။
 
သို့သော် အမေရိကန်ပြည်ထောင်စုသည် အရေးယူပိတ်ဆို့မှုများနှင့် အခြားအစီအမံများကို မှန်းဆမရသည့် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်း၏ စိတ်ရှုပ်စရာအဆင့်အထိ တိုးချဲ့ပြီး တရုတ်ကို ကန့်သတ်ရန် ဆက်လက်ကြိုးစားနေသည်ဟု သူပြောသည်။
 
အမေရိကန်ပြည်ထောင်စု၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်း သူမေးခွန်းထုတ်ပြီး အမေရိကန်ပြည်ထောင်စုအတွက် စစ်မှန်သော စိန်ခေါ်မှုသည် အမေရိကန်ပြည်ထောင်စုပင်ဖြစ်ကြောင်း သူပြောသည်။
 
“အမေရိကန်ပြည်ထောင်စုအတွက် စိန်ခေါ်မှုက အမေရိကန်ပြည်ထောင်စုက လာတာသာဖြစ်တယ် တရုတ်ကလာတာ မဟုတ်ဘူး။တရုတ်ကို ဖိနှိပ်ဖို့သာ စိတ်ဖိစီးနေရင် ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်နစ်နေစေလိမ့်မယ်” ဟု သူပြောသည်။
 
တရုတ်နိုင်ငံသည် ကြိုတင်ပြင်ဆင်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးပြီး လူငယ်မျိုး ဆက်များနှင့် နှစ်နိုင်ငံပြည်သူများတွင် မျှော်လင့်ချက်ထားကာ တည်ငြိမ်ခိုင်မာ ရေရှည်တည်တံ့သော တိုးတက်မှုလမ်းကြောင်း သို့ ပြန်သွားရန် မျှော်လင့်ကြောင်း ဝမ် ပြောသည်။
 
          ၃။ အရေးပါသော ပြဿနာများနှင့်ပတ်သက်သည့် တရုတ်၏နည်းလမ်း
 
မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဆော်ဒီအာရေးဗီးယား-အီရန် ဆက်ဆံရေး ပြန်လည်ထူထောင်ရေးတွင် အောင်မြင်အောင် လုပ်ဆောင်ခဲ့သည့် တရုတ်၏ အောင်မြင်သော ကြားဝင်စေ့စပ်ရေး အားထုတ်မှုများကို ဝမ် မီးမောင်းထိုးပြသည်။အရေးပါသောပြဿနာများကို ဖြေရှင်းရာတွင် အပြုသဘောထိတွေ့ဆက်ဆံခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တရုတ်၏တာဝန်ဖြစ်သည်ဟု သူပြောသည်။
 
ကြားဝင်စေ့စပ်မှုနှင့်ပတ်သက်သည့် တရုတ်၏နည်းလမ်းကို မေးသောအခါ တရုတ်နိုင်ငံသည် နိုင်ငံတကာအလေ့အထများနှင့် ကိုယ်ပိုင်အသိပညာမှ လေ့လာသင်ယူကြောင်း သူပြောသည်။ထိုကိစ္စနှင့်ပတ်သက်ပြီး အခြေခံမူ ၄ ခုကို သူရှင်းပြသည် - ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး၊ နိုင်ငံရေးအရ ဖြေရှင်းမှုကို ကတိပြုရေး၊ ဘက်မလိုက်ဘဲ စံနှုန်း ၂ မျိုး မကျင့်သုံးရေး ကတိကဝတ်နှင့် ရောဂါလက္ခဏာများကိုသာမက အကြောင်းအရင်းကိုပါ ကိုင်တွယ်ဖြေရှင်းရေးတို့ဖြစ်သည်။
 
ကိုရီးယားကျွန်းဆွယ်မှ ယူကရိန်းအထိ ကမ္ဘာတစ်ဝှမ်းမှ အရေးပါသော ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းသည် လွန်စွာအရေးပါသည်ဟု တရုတ်ကယုံကြည်ကြောင်း သူပြောသည်။
 
ယူကရိန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပဋိပက္ခရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန် လုပ်ဆောင်နေကြောင်း သူပြောသည်။တရုတ်သည် ပဋိပက္ခစတင်ချိန်မှစပြီး ဓမ္မဓိဋ္ဌာန်ကျသော သဘောထားကို ဆုပ်ကိုင်ကာ ခေါင်းဆောင်ခြင်း သံတမန်ရေးဖြင့် ထိတွေ့ဆက်ဆံပြီး သဘောထားစာတမ်းတစ်စောင် ထုတ်ပြန်ကာ လီဟွီးကို အထူးသံတမန်အဖြစ်ခန့်ပြီး ထိုအထူးသံတမန်သည် ဒေသတွင်းတွင် ကျယ်ပြန့်သော ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း သူပြောသည်။
 
မကြာသေးမီက မြူးနစ်လုံခြုံရေးဆွေးနွေးပွဲမှ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ သဘောထားမှာ ထွက်ပေါက်အတွက် အခြေအနေများကို စူးစမ်းလေ့လာရန် စိတ်အားထက်သန်ခြင်းဖြစ်ကြောင်း သူပြောပြီး အချိန်နှင့်အမျှ နှစ်ဘက်ရှုံးမည့် အန္တရာယ်ကြီးထွားလာကြောင်းနှင့် ပဋိပက္ခရှည်ကြာခြင်းသည့် အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း သူပြောသည်။
 
ဆွေးနွေးပွဲများ မြန်မြန်စတင်နိုင်လေ၊ ငြိမ်းချမ်းရေးအရောက်မြန်လေလေဖြစ်ပြီး ချိန်ခွင်လျှာညီမျှ ရေရှည်တည်တံ့သော လုံခြုံရေးစနစ်ကို တွေ့နိုင်မည်ဖြစ်ကြောင်း သူပြောပြီး နောင်တွင် ရုရှားနှင့် ယူကရိန်း ၂ ဘက်လုံးက ထောက်ခံသည့် နိုင်ငံတကာညီလာခံကို တရုတ်က ထောက်ခံကြောင်း သူဆက်လက်ပြော ကြားသည်။
 
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုလျှော့ချပြီး တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန်လည်း ဝမ် တောင်းဆိုသည်။
 
          ၄။ ဂါဇာကြေကွဲစရာဇာတ်လမ်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံ
 
ဂါဇာအခြေအနေသည် လူသားမျိုးနွယ်အတွက် ကြေကွဲစရာဇာတ်လမ်းနှင့် ယဉ်ကျေးမှုလူ့အဖွဲ့အ စည်းအတွက် ကျက်သရေယုတ်ကြောင်း ဝမ်က ပြောကြားပြီး ပဋိပက္ခရှည်ကြာအောင် ဆွဲဆန့်ခြင်းနှင့် အရပ်သားများကို သတ်ဖြတ်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြောသည်။
 
“မြင့်မြတ်တဲ့အသက်တွေ၊ နိမ့်ကျတဲ့အသက်တွေဆိုတဲ့ ခွဲခြားမှုမရှိသလို ဘဝကို ယုံကြည်မှု ဘာသာရေးနဲ့ တံဆိပ်မကပ်သင့်ဘူး။ဒီလူသားချင်းစာနာမှုကပ်ဆိုးကို ၂၁ ရာစု ဒီနေ့မှာ ရပ်တန့်ဖို့ ပျက်ကွက်ခြင်းဟာ လူသားမျိုးနွယ်အတွက် ကြေကွဲစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ယဉ်ကျေးမှုလူ့အဖွဲ့အစည်းအတွက် ကျက်သရေ ကင်းမဲ့မှုဖြစ်တယ်” ဟု သူပြောသည်။
 
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်း ဂါဇာတွင် သေဆုံးမှုနှုန်းသည် ၃ သောင်းကျော်ပြီဖြစ်ကြောင်း ဟားမတ်စ်အုပ်ချုပ်သည့် ဒေသကျန်းမာရေးဝန်ကြီးဌာနပြောသည်။
 
ချက်ခြင်း အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကို အားပေးရန် ဝမ်က နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုပြီး ဖမ်းဆီးထားသူအားလုံးကို လွှတ်သင့်ပြီးအရပ်သားထိခိုက်စေသည့် လုပ်ရပ်များ ရပ်သင့်သည်ဟု ပြောသည်။
 
ပါလက်စတိုင်းနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင် အပြည့်အဝဖြစ်ရေးကို တရုတ်က ထောက်ခံကြောင်း ဝမ်ကပြောပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံအနေဖြင့် ထိုကိစ္စကို မတားဆီးရန် တိုက်တွန်းသည်။
 
ပါလက်စတိုင်းများအတွက် သမိုင်းဆိုင်ရာ တရားမမျှတမှု ဆက်လက်မရှိသင့်ကြောင်း သူပြောကြားပြီး နိုင်ငံ ၂ နိုင်ငံ ထူထောင်ရေးဖြေရှင်းချက်သည် ရေရှည်ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောသည်။
 
ပါလက်စတိုင်းနှင့် အစ္စရေးအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလျင်အမြန်ပြန်လည်စတင်ရေးကို တရုတ်ကထောက်ခံပြီး နှစ်နိုင်ငံလုံး ငြိမ်းချမ်းစွာ ပူးတွဲတည်ရှိမှုကို အာမခံသည့် နှစ်နိုင်ငံဖြေရှင်းမှုကို တရုတ်က တောင်းဆိုမည်ဖြစ်ကြောင်း ပြောသည်။
 
ထိုအကျပ်အတည်းအတွက် အဖြေရရန် လမ်းပြမြေပုံတစ်ခုရစေမည့် ထိရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကို တရုတ်က ထောက်ခံကြောင်းလည်း ဝမ် ထပ်လောင်းပြောကြားသည်။
 
စိုးနိုင်ထွန်း
Ref - Wang Yi presser takeaways: Equality, absurdity, mediation and tragedy | CMG