【 ဆောင်းပါး 】 အစွဲ ......

【 ဆောင်းပါး 】 အစွဲ ......

ကျနော်နေသည့် လမ်းအဆုံးတွင် စျေးလေးရှိသည်။ထိုစျေးမှာ ကျနော်နေသော ရပ်ကွက်နှင့် ဘေးရပ်ကွက် နှစ်ခုစလုံးအတွက် တစ်ခုတည်းသော ရပ်ကွက်စျေးဖြစ်သည်။

မြို့တည်ကာစကတည်းက ခြောက်တီးခြောက်ကပ်ဖြင့် ရပ်ကွက်နှစ်ခုကြား မြေကွက်အလွတ်တွင် စရောင်းချခဲ့ကြခြင်းဖြစ်သဖြင့် နှစ်တွေကြာလာလေ စျေးက စည်ကားလာသည်။ပျံကျနှင့် လက်လုပ်တန်းစား အဓိကနေထိုင်သော မြို့သစ်ဖြစ်၍လည်း လူနေထိုင်မှုများလာသည်။ဒီတော့ စျေးကစည်လာပြီး ထိုအနီးတစ်ဝိုက် အိမ်မြေစျေးလေးပါ ကျွဲကူးရေပါဆိုသလို တန်ဖိုးရှိလာခဲ့သည်။

ထိုစျေးတွင် စျေးတန်းက တစ်ခုတည်းသာရှိသည်။လမ်းမ ဟိုဘက်ဒီဘက်တွင် စျေးဆိုင်တန်းများဆောက်ထားကာ စျေးတန်းဆုံးပါက ရပ်ကွက်ထဲ ပြန်ဝင်သွားသလိုဖြစ်သဖြင့် စျေးက ညစျေးလို ပျံကျစျေးလိုဖြစ်နေသည်။အကြောင်းမသိသူဆိုပါက စျေးတန်းနှင့် ရပ်ကွက်လမ်းကို တစ်ခုတည်းလို့ ထင်ကြမည်ဖြစ်သည်။

ကျနော်တို့ ရပ်ကွက်ဘက်က လမ်းမှ စျေးတန်းဘက်ကိုလျှောက်ပါက ဟိုဘက်ရပ်ကွက်အစရှိ စျေးတန်းအဆုံးထိ အတော်လျှောက်ယူရသည်အထိ စျေးတန်းကရှည်သည်။စျေးတန်း ဒီဘက်အစတွင် ကုန်ခြောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ စျေးတန်းအလယ်တွင် အဝတ်အထည်နှင့် ဆေးဝါးဆိုင်၊ စျေးတန်းဆုံးဘက်တွင် ကုန်စိမ်းဆိုင်တွေ၊ သားငါးဆိုင်တွေ။ထိုစျေးတန်းအဆုံးတွင် ချည်ဖတ်သည်တွေ သုံးလေးသည်ရှိသည်။ထိုချည်ဖတ်သည်တွေထဲ တစ်သည်မှာ ရောင်းလာတာ စျေးတစ်သက်လို့ ဆိုရမလောက်အောင် ကြာနေပြီ။စျေးနှင့်အတူ ဖွင့်လာတာဖြစ်သဖြင့် ထိုချဉ်ဖတ်သည်ထံမှာ ဒီရပ်ကွက် လူခံတွေ အဝယ်များသည်။ထိုအသည်ထံမှာ ကျနော့်အမေက ချဉ်ဖတ်ဝယ်တာ ကာလမနည်းတော့။ဒီရပ်ကွက်ကို ပြောင်းလာကတည်းကဖြစ်သည်။ကျနော်တောင် အမေစျေးမသွားနိုင်ကတည်းက ပဲတီချဉ်၊ မုန်လာချဉ်၊ ဟင်းဂလာချဉ် တို့ချင်သည့်အခါ ဒီအသည်ဆီမှာ လာဝယ်သည့်နှစ်က မနည်းတော့။

စျေးသည်နှင့် စျေးဝယ်ကြား ပုံမှန်ဝယ်လာတာကြာလျှင် မမြင်ရသော ခင်မင်မှုမှသည် စိတ်ချင်းပါ သိလာတတ်သည်။ဆိုချင်သည်က ဝယ်သူအကြိုက်ကို စျေးသည်က အလိုလိုသိနေသလို သယ်သူကလည်း ကိုယ်လိုချင်သော အရသာကို ဘယ်ဆိုင်ကမှ ရနိုင်သည်ကို သိနေသည့် အစွဲမျိုးဖြစ်သည်။ထိုအသည်မရှိလို့ အခြားအသည်ဆီက ဝယ်သည့်တိုင် ကိုယ်စားချင်သည့် အရသာမျိုးမရဟု စိတ်ကထင်နေတတ်တာမျိုး။ဝယ်နေကျ စျေးသည်ဆီမှသာ ရနိုင်သည်ဆိုသော အစွဲကလည်း စျေးဝယ်သူတိုင်း၏ အမှတ်သညာဖြစ်သည်။ဒါကြောင့် တခြားစျေးသည်ဆီကနေ ပြောင်းပြီး ဝယ်ဖို့ဆိုတာ ပုံမှန်ဝယ်နေကျ စျေးဝယ်ဆိုလျှင် မဖြစ်နိုင်။ဒီလိုမျိုး ဝယ်သူရောင်းသူကြား “မိတ်” ဆိုတာရှိသည်။လွယ်လွယ်ပြောရမည်ဆိုလျှင် တစ်ဦးနှင့် တစ်ဦးကြား အချိန်အတော်ကြာကြာ တည်ဆောက်ခဲ့ကြသည့် ‘ယုံကြည်မှု’ ဟု ပြောလျှင် ဖြစ်မလား။

ကျနော်က အိမ်မှာ မနက်ပိုင်း ထမင်းစားဖြစ်သည်ဆို ထမင်းပူပူ၊ ငပိရည်ကို ငါးဖျော်ကာ ငရုပ်သီးစိမ်းထောင်းပြီး ပဲတီချဉ်ဖတ်လေးနှင့် စားတတ်သည်။ယခင်က အမြဲတမ်းနီးပါး  မနက်ပိုင်း စာလိုက်သင်ရသဖြင့် အိမ်မှာ မနက်စာ စားဖြစ်သည်က နည်းသည်။ယခုတော့ အလုပ်ကပါးပြီး စာသင်ရတာလည်း သိပ်မရှိတော့ အိမ်မှာ မနက်စာ ပုံမှန်စားနေရသည်။ဒီတော့ ကိုယ်စိတ်ကြိုက် ချဉ်ဖတ်တို့စရာအစုံနှင့် စားဖို့ နေ့တိုင်းလိုလို စျေးတန်းဘက် ရောက်ဖြစ်သည်။

ချဉ်ဖတ်ဆိုသည်က အချဉ်တည်သော အိုးကနေ ထုတ်လိုက်ပါက နေ့ချင်းသာ စားလို့ကောင်းသည်။ညကျော်လျှင် မကောင်းတော့။နောက်ရက်ဆို နွမ်းပြီး ရိကုန်သည်။ဒီတော့ နေ့ချင်း ကုန်သလောက်ဝယ်တာ အကောင်းဆုံးဖြစ်သည်။ဒီတော့ စျေးက  ချဉ်ဖတ်သည်ထံ ကျနော်နေ့တိုင်းရောက်လေ့ရှိသည်။

ထိုချဉ်ဖတ်သည်ထံမှာ ကျနော် စဝယ်ချိန်က ချဉ်ဖတ်ရောင်းသည့် အသည်မှာ ငါးဆယ်ကျော်၊ အဲဒီတုန်းက ကျနော့်အသက်က သုံးဆယ်တောင် မပြည့်သေး။အမေနှင့်ဆို ရွယ်တူတန်းတွေလို့ ပြောလို့ရသည်။ယခု ကျနော့်အသက် ခြောက်ဆယ်တန်းဆိုတော့ ချဉ်ဖတ်သည် အဒေါ်ကြီးလည်း အသက် ၈၀ တန်း ရောက်နေပြီ။သို့သော် အလုပ်နှင့် လက်မပြတ်သောကြောင့် အသက်တန်းတူ အမေထက် ပိုပြီးသန်မာသည်။အမေကလည်း ထိုအသည်ဆီမှာ စွဲဝယ်လာတာကြာပြီဖြစ်လို့ သက်တူရွယ်တူ ချဉ်ဖတ်သည်ကို ခင်သည်။အိမ်မှာ စားစရာလေးလုပ်စားလို့ ချဉ်ဖတ်ဝယ်ဖို့ရှိတဲ့နေ့နှင့် တိုက်ဆိုင်လျှင် လမ်းကြုံထည့်ပေးတတ်သည်။

ယခု ထိုချဉ်ဖတ်သည် အဒေါ်ကြီး ချဉ်ဖတ်ရောင်းတာ ပိတ်ထားသည်။နေမကောင်းသည်လား၊ နယ်ပြန်သည်လား၊ အိမ်ရောင်းလိုက်သည်လား မသိ။ထိုရက်ထဲ ကျနော် တခြားဆိုင်ကနေ ဝယ်ရသည်။ဒီလိုဝယ်ရတော့ ထမင်းစားသည့်အခါ တို့စရာ ချဉ်ဖတ်က စားမမြိန်။တစ်ခုခုလိုနေသလို။ကျနော်တစ်ယောက်တည်းလားဆို မဟုတ်။ကျနော့်လိုပဲ ထိုချဉ်ဖတ်ကို ဝယ်လေ့ရှိသူတို့လည်း ထိုချဉ်ဖတ်သည် ထွက်လား၊ မထွက်လား လာလာကြည့်ကြသည်။

တစ်ခါတလေ ကျနော်တို့ စကားတွေ ပြောကောင်းကောင်းနှင့် အလွန်အကျွံပြောတတ်ကြသည်။ထိုထဲ ကျနော်လည်းပါသည်။အမေသာမရှိရင် … ဇနီးသာမရှိတော့ရင် ဘုန်းကြီးဝတ်မည်၊ တခြားနေရာတစ်ခု ထွက်သွားပြီး အေးအေးချမ်းချမ်းနေမည်ဆိုသော လောကီအာရုံ ကာမဂုဏ်ကို စွန့်ပယ်ချင်သော စိတ်ကူးစိတ်သန်းကို ပြောဖြစ်လေ့ရှိသည်။ကိုယ့်ကိုယ်ကိုယ်လည်း တကယ်ကို လုပ်နိုင်၊ ဖြတ်နိုင်၊ စွန့်နိုင်သည်ဟု ထင်မိတတ်သည်။ထိုအခါမျိုးတွင် အမေပြောလေ့ပြောထရှိသည်မှာ “ငါသေရွာကနေ လာထကြည့်ချင်တယ်၊တကယ်လုပ်ဖြစ်၊ မဖြစ်ကို” ဟု ဆိုသည်။

မိန်းမကလည်း အမေ့စကားကို ထောက်ခံပြီး ‘ဟုတ်တယ် အမေ့သား အဲလိုတကယ်လုပ်မယ်ဆို အခုချက်ခြင်းတောင် သေပေးလိုက်ချင်တယ်’ ဟု ခပ်ရွဲ့ရွဲ့ပြောတတ်သည်။ထိုအခါမျိုးဆို ကျနော်က ဇွတ်အတင်းတိုးကာ “တကယ်၊ငါတကယ်လုပ်မှာ” ဟု ပြောတတ်သည်။ထိုအခါ အမေကော မိန်းမကပါ “ဆောက်ဖြစ်မှ ကျောင်းတကာပါ” စကားဖြင့် အနိုင်ပိုင်းတတ်သည်။ကျနော်မှာ စိတ်က မခံချိမခံသာ။

စိတ်အစွဲနှင့် ရသာအစွဲဆိုပြီး လူတွေမှာရှိသည်။စိတ်အစွဲဆိုသည်မှာ သားသမီးမြေးမြစ် ညီအစ်ကိုမောင်နှမ ချစ်ခင်ရသူ၊ နေရာထိုင်ခင်း၊ ရာထူးစည်းစိမ်တွေ။အရသာအစွဲဆိုသည်မှာ စားသောက်မှုအပေါ်ဖြစ်သည့် စွဲလန်းသည့်စိတ်တွေ။လောကတွင် ဖြစ်ရသည့် အကြောင်းကိစ္စ အတော်များများသည် ဒီလိုအစွဲနှစ်မျိုးကြောင့် ဖြစ်ကြရတာများသည်။ပြောရလျှင် စိတ်အစွဲထက်စာလျှင် အရသာစွဲက ဖြတ်လို့ ပိုလွယ်နိုင်သည်။ထိုသို့လွယ်နိုင်သည့် အရသာအစွဲတောင် တန်ဖိုးမကြီးလှသည့် ချဉ်ဖတ်မှာတောင် ကျနော်ဝယ်နေကျဆီက မရသဖြင့် စိတ်က မတင်းတိမ်။ခဏခဏ ဆိုင်ပြန်ဖွင့်ပြီလားဟု သွားသွားကြည့်မိသည်။ရသာအစွဲလေးကိုတောင် ကျနော်မဖြတ်နိုင်။

ဘာမဟုတ်သည့် ရသာစွဲလေးတောင် ကျနော်တို့ မဖြတ်နိုင်သေးလျှင် နေရာစွဲ၊ ရာထူးစွဲ၊အာဏာစွဲမျိုးဆိုလျှင် ဘယ်လိုဖြတ်ကြမလဲဆိုတာ တွေးကြည့်မိသည်။အစွဲဖြတ်ဖို့ဆိုတာ တကယ်တော့ မလွယ်သည့် အရာတွေ။ဒါတွေကို လွယ်လွယ်နှင့် စွန့်ဖို့ဆိုသည်မှာ တကယ်တော့ မလွယ်ရေးချ မလွယ်။ဒါကြောင့် အမေက “ဆောက်ဖြစ်မှ ကျောင်းတကာ” လို့ ပိုပိုသာသာပြောခဲ့ခြင်းဖြစ်သည်။

ကျနော်တို့မှာ အစွဲတွေ အများကြီး။ဒါတွေကို မဖြတ်ချနိုင်ဘဲ လူကြားကောင်းအောင် ဘာတွေပဲပြောပြော ဘယ်သူမှယုံမည်လည်းမဟုတ်။ပါးစပ်အားလို့ ပြောတာသာ ထင်ကြမည်ဖြစ်သည်။လုပ်နိုင်မည်ဟုလည်း ယုံကြမည် မဟုတ်ပေ။

အမေပြောသလို “ဆောက်ဖြစ်မှ ကျောင်းတကာ”လို့  ပြောရမည်သာဖြစ်မည်။

မောင်ဦးလွင်