【ဆောင်းပါး】“တစ်ယောက်တည်းနေဖြစ်သည့် စိတ် ”

【ဆောင်းပါး】“တစ်ယောက်တည်းနေဖြစ်သည့် စိတ် ”

ငယ်စဉ်က တစ်ယောက်တည်းနေရတာ၊ တစ်ယောက်တည်း အချိန်ကုန်ဆုံးရတာကို ကြိုက်သည်။ တကယ်တော့ တစ်ယောက်တည်းနေရတာ လူအဝန်း၀ိုင်းနှင့် သဟဇာတ မဖြစ်တာမို့ တစ်ယောက်တည်းနေဖြစ်တာ အိမ်ထောင်မကျခင်အထိ ဖြစ်သည်။ ထိုအကျင့်က အိမ်ထောင်ကျသည့်တိုင် ဆက်ပါလာပြီး အဖော်အပေါင်းနည်းကာ အလုပ်သဘောသာများသည်။ အဖော်မဲ့ခြင်း၊အထီးကျန်ခြင်းမှာ နာမည်သာဆိုးသော်လည်း ယနေ့ခေတ်တွင် အန္တရာယ်ကင်းကာ လူတစ်ဦးတစ်ယောက်အတွက်မူ စိတ်သွားတိုင်းကိုယ်ပါသည့် ကောင်းမွန်သည့်အခွင့်အရေးရှိနေခြင်းပင်ဖြစ်သည်။
 
တစ်ယောက်တည်းနေသည်နှင့် ပတ်သက်ပြီး ဘုရားဟော တရားတစ်ပုဒ်ကို ဖတ်ခဲ့ဘူးတာရှိသည်။ ကဿပဘုရားရှင်လက်ထက်က ဖြစ်သည်။ ကဿပဘုရားရှင်လက်ထက် တရားကျင့်ဘက် သူငယ်ချင်း ရဟန်းနှစ်ပါးမှာ တရားကျင့်ပြီး နတ်ပြည်မှာ နတ်ဖြစ်လေသည်။ နတ်ဖြစ်ပြီးနောက် စုတေကာ တစ်ပါးက ဘုရင့်သား ဖြစ်ပြီး၊တစ်ပါးက ပုရောဟိတ်ရဲ့သားဖြစ်ကြလေသည်။
 
တစ်နေ့တွင် ပုရောဟိတ်သားက ဘုရင့်သားကို သူငယ်ချင်း တစ်ချိန်မှာ သင်ကဘုရင်ဖြစ်ပြီးငါက ပုရောဟိတ် ဖြစ်လိမ့်မယ်။ထို့ကြောင့် ငါတို့ပညာတတ်မှဖြစ်မယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက် ပညာသင်ဖို့ မြို့ရွာတွေကို ပညာရှာထွက်ခဲ့သည်။ ရွာတစ်ရွာအရောက်တွင် ပစ္စေကဗုဒ္ဓတွေကိုရွာသူရွာသားတွေက ဆွမ်းလောင်း၊နေရာထိုင်ခင်းပြု ၊အရိုအသေပြုနေသည်ကို တွေ့ပြီး အရှင်မြတ်တွေဟာ အတတ်ပညာ တစ်ခုခုကို တတ်လို့လူတွေက အရိုအသေပြုနေကြတာဟုတွေးပြီး ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကို တောင်းပန်သည်။
 
ပစ္စေကဗုဒ္ဓအရှင်မြတ်တွေက ထိုသို့တောင်းပန်သဖြင့် ရဟန်းအတတ်ပညာကို ရဟန်းပြုမှသင်ပေးမည်ဟု ပြောသဖြင့်‌ သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြသည်။ထို့နောက် ပစ္စေကဗုဒ္ဓတွေက သင်္ကန်းဝတ်ပုံ၊နေပုံထိုင်ပုံ၊ တရားအားထုတ်ပုံစသည်တို့ကိုသင်ပေးရင်း ဒီတရားတွေကို တစ်ပါးတည်းနေပြီး အားထုတ်ရကြောင်းပြောကာ တရားအားထုတ်ရန် သစ်ရွက်မိုးတဲ့ သစ်သားကျောင်းလေးတွေ တစ်ကျောင်းစီပေးလေသည်။ပုရောဟိတ်၏သားက ကျောင်းလေးထဲမှာတရားစအားထုတ်သည်နှင့် သမာဓိတန်းရသည်။ ဘုရင့်သားတော်မှာတော့ တစ်ပါးစီခွဲနေရသဖြင့် ပျင်းသည့်စိတ်ဝင်လာကာ ပုရောဟိတ်သားရဟန်းဆီ သွားလည်သည်။
 
ပုရောဟိတ်သားရဟန်းက ပထမတစ်ခါတွင် လက်ခံသည်။ သုံးကြိမ်မြောက်လာသည့်အခါ ဒီမင်းသားရဟန်း အမြဲလာနေပါက သူလည်း တရားအားထုတ်မှုပျက်မည်။ငါလည်းတရားအားထုတ်မှုပျက်တယ်လို့ တွေးပြီး နေထိုင်ရာကျောင်းကနေ တိတ်တဆိတ်ထွက်ခွာလိုက်ပါတယ်၊ပြီးတော့တောထဲသွားအားထုတ်သည်။
နောက်တစ်နေ့မင်းသားရဟန်းရောက်လာသည့်အခါ ပုရောဟိတ်သားရဟန်းကိုမတွေ့တာနဲ့ သြော်... ပုရောဟိတ်သားရဟန်းကတောင် ငါလိုမင်းသားကိုမတွေ့ချင်တော့ပါလား လို့ စဉ်းစားရင်း ကိုယ့်စိတ်ကလေးကိုပြန်ပြောသည်။
 
အို...စိတ်၊သင်စိတ်ဟာရှက်ဖို့ကောင်းလိုက်တာ၊ သင်စိတ်ဟာလေးကြိမ်မြောက်အထိတောင် ဒီကျောင်းကို ငါ့ကိုပို့ပေးတယ်၊ဒီတစ်ခါတော့ သင်စိတ်အလိုတိုင်းမလိုက်နိုင်တော့ဘူး။ သင်စိတ်ကသာ ငါ့အလိုတိုင်း လိုက်ရတော့မည်။
 
မင်းသားရဟန်းမှာ ကိုယ့်စိတ်ကိုပြန်ပြောပြီး ကိုယ့်ကျောင်းလေးဆီပြန်သွားသည်။ နောက်တော့ တစ်ပါးတည်း တရားကို ကြိုးကြိုးစားစားအားထုတ်လိုက်ရာ ပစ္စေကဗုဒ္ဓ ဖြစ်သွားခဲ့သည်။ ပစ္စေကဗုဒ္ဓဖြစ်သည့်အခါ နန္ဒမူတောင်သို့ကြွသည်။ ပုရောဟိတ်သားရဟန်းလည်း တောထဲတွင် တစ်ပါးတည်းအားထုတ်ခဲ့ရာ ဘုရင့်သား နည်းတူ ပစ္စေကဗုဒ္ဓဖြစ်သွားခဲ့သည်။ ပစ္စေကဗုဒ္ဓဖြစ်သည့်အခါ နန္ဒမူတောင်ကိုကြွလေသည်။ ထိုနှစ်ပါးဆုံတော့ နှစ်ပါးအတူ ဥဒါန်းစကားကျူးရင့်သည်။
 
“ရင့်ကျက်တဲ့ပညာရှိတဲ့ဝီရိယရှိတဲ့ အတူတကွတရားကျင့်ဘက် မိတ်ဆွေကောင်းကိုရခဲ့ရင် အဲဒီ မိတ်ဆွေကောင်းနဲ့ ဝမ်းမြောက်ဝမ်းသာဘေးရန်တွေကိုပယ်ရှားပြီး တရားကျင့်သင့်သည်။ အကယ်၍ မိတ်ဆွေကောင်းမရခဲ့ပါက တစ်ယောက်တည်းတရားကျင့်သင့်သည်ဟူ၍ပင်” ။
(သုတ္တနိပါတ်အဋ္ဌကထာ၊ပတွဲ ၊နှာ- ၈၁)
ထိုတရားတော်ကို ပြဆိုခြင်းမှာ အခြားမဟုတ် ။ လေကုတ္တရာဖြစ်သည့် နယ်ပယ်တွင်ပင် အမှီတွယ်သည့်စိတ်၊ အဖော်မင်သည့် စိတ်ရှိပြီး ဖြတ်ရခက်ခဲ့သည်ကို ပြောပြလိုခြင်း ဖြစ်ပြီး ဖြတ်နိုင်ပါက မည်မျှအကျိုးထူးသည်ကို ပြဆိုလိုခြင်း ဖြစ်သည်။ သို့ရာတွင် လောကီ၌ လူအများစုမှာ တစ်ယောက်တည်းနေရသည်ကို နှစ်သက်ခြင်းမရှိပေ။ တစ်ယောက်တည်းနေပါက ဘာလုပ်လို့လုပ်ရမှန်းမသိသလို တောင်တွေးမြောက်တွေးနှင့် စိတ်ဓာတ်ကျလာသည်ဟုဆိုကြသည်။ အဓိကမှာ အပေါင်းအဖော်ဖြင့်နေရာမှ တစ်ယောက်တည်းနေရသည့်အခါ မနေတတ်မထိုင် တတ်ခြင်း ဖြစ်သည်။ ထိုအတွက် အကောင်းဆုံးအစားထိုးမှုမှာ အလုပ်ကို မနားမနေလုပ်ခြင်းဖြင့် အစားထိုးရသည်။
 
ပြီးခဲ့သည့် နှစ်တွေအတွင်း ကပ်ဘေးအရ အပေါင်းအဖော်များဆုံးရှုံးရသလို သီးခြားနေရသည်မှာ လများစွာကြာသည်။ စနေရသည့်အခါ အိမ်ရှေ့မှ အိမ်နောက်၊အိမ်နောက်မှ အိမ်ရှေ့ ကျဉ်းကျပ်လှသည့်အိမ်ထဲ တစ်နေ့လုံး သေလောက်အောင် ပျင်းရိဖွယ်နေ့တွေကို ဖြတ်ကျော်ရသည်.။တစ်ခါတစ်လေ ဖြစ်ချင်ရာဖြစ် အိမ်တံခါးဖွင့်ပြီး လဘက်ရည်ဆိုင်ထိုင်မည်ဆိုပြီး ထွက်သည့်အခါ လမ်းထဲဘယ်သူမှမရှိ။ အားလုံး အိမ်ထဲ။ ဒီတော့ အိမ်ထဲပြန်ဝင်။ သည်လိုနှင့် တစ်ရက်။နောက်တော့ တစ်ရက်။ ဒီလိုနှင့် အနည်းငယ်နေကျင့်ရလာသည်။ နောက်တော့ စာအုပ်ဖတ်။နောက်တော့ တရားနားထောင်။နောက်တော့ တရားထိုင်။ ဆိုသည်က စိတ်ကို အလိုလိုက်ချင်ရင်တောင် အလိုလိုက်လို့မရသည့်အခါ စိတ်က သူရှိရမည့်နေရာတွင် သူရှိသွားသည်ကို အံ့အားသင့်ဖွယ်တွေ့ရသည်။ ယခင်ကဆို အားသည်နှင့် လဘက်ရည်ဆိုင် ထိုင်ချင်သည့် စိတ်၊ လမ်းထဲ ဟိုဟိုသည်သည် အရာဝင်ချင်စိတ်တို့မှာ ကြက်ပျောက် ငှက်ပျောက်ပင်။
 
တကယ်တော့ စိတ်သွားတိုင်းကိုယ်မပါ ဆိုသည်မှာ လူတွေက စိတ်၏စေရာအတိုင်း လိုက်ရသဖြင့် ပင်ပန်းရသည့် ကိစ္စတွေ ဖြစ်သည်။စိတ်ကို ချည်ရာတိုင်တွင်ထားသည့်အခါ ပထမရုန်းလိမ့်မည်။နောက်တော့ မရုန်းတော့။ ကြာသည့်အခါ စိတ်က နေရာတကာ အလိုမပါတော။ ထိုအခါမှာ စိတ်သွားတိုင်းကိုယ်ပါသည်နှင့် မပါသည်က ဘယ်ရာက ကောင်းသလဲဆိုသည်ကို သိလာကြလိမ့်မည်ဖြစ်သည်။ စိတ်ကိုနိုင်နင်းခြင်းက အကောင်းဘက်သို့သွားသည့်အရွေ့ဖြစ်ပါသည်။
 
မောင်ဦးလွင်