【 ဆောင်းပါး 】 မင်္ဂလာဆောင်

【 ဆောင်းပါး 】 မင်္ဂလာဆောင်

ကျနော့်အဖေက ဒေါသကြီးတယ်၊ သူ့စိတ်မထင်ရင် မထင်သလို ခပ်ရမ်းရမ်း။ကျနော်တို့ မြို့ရဲ့ မြို့နယ်အဆင့် ဘောလုံးလက်ရွေးစင်။ဘောလုံးပွဲတွေမှာ ရန်ဖြစ်ဖို့ရာ ဝန်မလေးတဲ့သူ။အဖေက နောက်တန်းခံစစ်သမား။လူချကစားတာမျိုး မလုပ်တတ်ပေမယ့် ခပ်ကြမ်းကြမ်းကစားတတ်ပြီး အဖျက်လည်းကောင်းတာမို့ နာမည်လည်းကြီးတယ်လို့ ကြားဖူးတယ်။

အဖေတို့လက်ထက် ကျနော်တို့ တောမြို့တွေဆိုတာက သိပ်ပြီး ရွာစိတ်မြို့စိတ်ကြီးတဲ့ခေတ်။ကိုယ့်ရွာကို၊ ကိုယ့်မြို့ကိုထိရင် ဆတ်ဆတ်ခါနာကြတဲ့ခေတ်ဆိုတော့ ကျေးရွာအုပ်စုအလိုက်၊ မြို့အလိုက် တရားဝင်ဖလားပေး ကျင်းပတဲ့ ဘောလုံးပွဲတွေမှာ ရန်ပွဲတွေကမနည်း။

အဖေ့ရဲ့ အဖေ ကျနော်တို့အဘိုးက လူငယ်ဘဝတုန်းက သူ့သားထက် အများကြီးပိုမိုက်ခဲ့တဲ့သူ။အင်္ဂလိပ်လက်ထက်၊ အိမ်ခြေ ၅၀၀ လောက်ရှိပြီး သင်္ဘောဆိပ်လည်းရှိတဲ့ အဘိုးတို့ရွာကြီးမှာ တခြားရွာတွေနဲ့ ရိုက်ကြနှက်ကြပြီဆို အဘိုးက ဦးဆောင်တာမို့ အဲဒီကတည်းက အဘိုးရဲ့သြဇာက မသေးလှ။

အဲဒီလို ငယ်ဘဝ မိုက်ဂုဏ်ကလည်းရှိ၊ လယ်ဧက လေး၊ ငါးဆယ် ပိုင်ဆိုင်သူလည်းဖြစ်လာ။အဘိုး အသက် ၄၀ ကျော်အရွယ်၊ ရွာထဲ ဓားပြဝင်တိုက်တော့ သူ့ငှက်ကြီးတောင်ဓား ဆွဲထုတ်ပြီး ဓားပြတွေကို ဦးဆောင်ရင်ဆိုင်ခဲ့တာမို့ အသက်ကြီးပေမယ့် မိုက်ရဲတုန်းပဲဆိုတဲ့ဂုဏ်က ဘယ်သေးမလဲ။

ကျနော့်အဖေက သူ့အဖေအရှိန်အဝါကရှိနေတော့ ကိုယ့်ကိုလာထိရင် မခံဘူးဆိုတဲ့ စိတ်အပြည့်နဲ့ ဘောလုံးကွင်းထဲမှာရော အပြင်မှာပဲ ခပ်စွာစွာရယ်။ပြီးတော့ အဘိုးရဲ့သွေးက အဖေ့ဆီမှအပြည့်မို့ မှန်တယ်ထင်ရင် ရမ်းချင်တဲ့အစားထဲက။

အဘိုးမွေးထားတာက သား ၂ ယောက်တည်း။အကြီးဆုံးသား ကျနော်တို့ ဘကြီးကျတော့ ရန်ဖြစ်တာတွေ ဘာတွေမရှိ။စိတ်ထားနူးနူးညံ့ညံ့။သူ့အမေ ကျနော်တို့ အဘွားက အင်မတန်အနေအေးပြီး စိတ်ကောင်းရှိသူဆိုတော့ အမေနဲ့တူတဲ့ သားကြီးလို့ ဆိုကြတယ်။ဒါပေမဲ့ ဘကြီးက ရန်သာမဖြစ်တာ။သူ့ခေါင်းကြောက မာမာရယ်။ဘယ်သူကပဲ ကန့်ကွက်ပါစေ၊ သူလုပ်ချင်တာကို ဇွတ်ဖြစ်အောင်လုပ်တာမို့ ဘကြီးက သူ့အဖေနဲ့လည်းတူတယ်လို့ ဆိုကြတယ်။

ဘကြီးက သူ့ညီထက် ၃ နှစ် ကြီးတယ်။ပြီးတော့ သူ့ညီကိုလည်း သိပ်ချစ်ရှာတယ်။သူ့ညီ ရန်ဖြစ်တော့မယ်ဆို ဘကြီးက ရွှေပြည်အေးသမားမို့ တားလေ့ရှိတယ်။သူ့ညီကို ရန်လာရှာတဲ့သူတွေရှိရင်လည်း ဘကြီးက မေတ္တာရပ်ခံလေ့ရှိတယ်။အဲဒီလိုတားတာ၊ ဆွဲတာတွေက သူ့ညီခံရမှာစိုးလို့ အဓိက။

ညီအစ်ကို ၂ ယောက်ရှိတဲ့ထဲ ညီဖြစ်သူ ကျနော့်အဖေက အရင်မိန်းမရတယ်။အဖေက ရန်ကုန်မှာ ရုံးစာရေးအလုပ်ရပြီးနောက် မိန်းမယူတာ။ ၂ ယောက်စလုံးက ရန်ကုန်မှာ ရုံးစာရေးအလုပ်နဲ့ အခြေချနေကြတဲ့ တစ်မြို့တည်းသားချင်း။ရွာချင်းကတော့ မတူဘူးပေါ့။

အဖေ မိန်းမယူမယ်ဆိုတော့ မြေးချီချင်နေတဲ့ အဘိုးက သိပ်ပျော်တယ်။ဘကြီးကလည်း သူ့ညီ မိန်းမယူမယ်ဆိုတော့ ပျော်လိုက်တာ လွန်ရော။

“ဘကြီးမပျော်ဘဲ ရှိမလားကွာ။သားတို့ အဘိုးက သူမြေးချီချင်တိုင်း ဘကြီးက မိန်းမ-မယူသေးလို့ဆိုပြီး ရန်ရှာနေတယ်။သားအဖေက မိန်းမယူတော့မယ့်အချိန် ဘကြီးကလည်း ရည်းစားတောင် မရှိသေးဘူး။ညီ မိန်းမယူတော့ ဘကြီးလည်း သားတို့ အဘိုးပြောတာဆိုတာ နည်းနည်းတော့သက်သာပြီဆိုပြီး ပျော်တာပေါ့” တဲ့။

ရွာထုံးစံအတိုင်း မနက်စောစော ဘုန်းကြီးတွေကို မင်္ဂလာဦးဆွမ်းကပ်။မနက် ၉ နာရီမထိုးခင်ကစလို့ လူတွေကို ဧည့်ခံ။ပြဿနာက မင်္ဂလာဦးဆွမ်းကပ်တဲ့အချိန် ကျနော့်အမေရွာက ဘုန်းကြီးက သီလပေး တရားဟောလုပ်တဲ့အပေါ် ကျနော့်အဖေက မကြည်တာ။မကြည်တဲ့ အကြောင်းအရင်းက အဲဒီဘုန်းကြီးက ရပ်ကျော်ရွာကျော် နာမည်ပျက်တစ်ခုရှိထားတာကြောင့်တဲ့။

ဒါနဲ့ အဲဒီဘုန်းကြီး သီလပေးတော့ အဖေက လိုက်မဆိုဘူးရယ်။အဲဒါကို ဘုန်းကြီးကသိတော့ ငါဟောတဲ့တရား မနာတဲ့သူ ဘာဖြစ်မယ်၊ ညာဖြစ်မယ် လုပ်ရော။အဲဒီအချိန်မှာ သတို့သားဆီကနေ တောက်ခေါက်သံ အကျယ်ကြီးထွက်လာပြီး အသံတိတ်ကုန်ရော။

“အဲဒီတုန်းက ပွဲပျက်ပြီလို့ ဘကြီးထင်တာ။ဘုန်းကြီးက ဘာမှထပ်မပြောဘဲ ဟိုလိုလိုဒီလိုလိုနဲ့ တရားစကိုဖြတ်လိုက်လို့ တော်သေးတယ်” တဲ့။

အဖေ့ရဲ့ရမ်းချက်က အဲဒီလို။အမေ့ရဲ့ရွာက အဘိုးသြဇာရှိတဲ့ ရွာမို့ ရွာကာလသားတွေနဲ့ ဘာပြဿနာမှမရှိဘဲ မင်္ဂလာပွဲ ပြီးသွားခဲ့တာ။အဲဒီတုန်းက ဘကြီးခမျာ မင်္ဂလာပွဲပျက်မှာစိုးလို့ အမေ့ရွာက ကာလသားတွေကို မျက်နှာချိုသွေးခဲ့ရတာ လွန်ရောတဲ့။

အဖေ မိန်းမယူပြီး ၃ နှစ်လောက်ကြာမှ ဘကြီးက ရည်းစားရပြီး မိန်းမရတာ။ဘကြီးက သူ့တစ်သက် တစ်ခါမှ ရည်းစားမထားဖူးရုံတင်မက ဘယ်မိန်းမကိုမှလည်း ကြိုက်တဲ့သူမဟုတ်။ဘကြီး လယ်အလုပ် ဦးဆောင်လုပ်ပြီးနောက်ပိုင်း ဥပါသကာလှည့်ရင်းနဲ့မှ ကြိုက်တဲ့သူ တွေ့တာတဲ့။

ဥပါသကာဆိုတာက ကျနော်တို့ရပ်ရွာရဲ့ဓလေ့။ကိုယ့်ရပ်ရွာ ဘုန်းကြီးကျောင်းအတွက် ဝါတွင်းကာလမှာ ဆွမ်းဆန်လိုက်အလှူခံကြတာ။ဥပါသကာလှည့်ရင်း ဘကြီးရဲ့ ယောက္ခထီး ဦးဖိုးလူနဲ့ အရင်ရင်းနှီး။ပြီးတော့ ဘကြီးရဲ့ ယောက်ဖနဲ့လည်း ရင်းနှီးသွား။ဘကြီးရဲ့ ခေတ်အမြင်ရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းအကြောင်း တော်ကီမှာ ယောက္ခမရော ယောက်ဖပါ မျောပါရင်းနဲ့ ဦးဖိုးလူရဲ့ သမီးကပါ ကြွေသွားခဲ့တာတဲ့။

ဘကြီးတို့ခေတ်က ကြိုက်ပြီဟေ့ဆို အောင်သွယ်တွေဘာတွေကနေတစ်ဆင့် စကားစပစ်၊ရည်းစားစာပေးလုပ်ရတဲ့ ခေတ်။ဘကြီးကတော့ ဘယ်အောင်သွယ်နဲ့မှ မချိတ်ဆက် အိမ်ပေါ် စာတက်ပေးလိုက်တာတဲ့။

“သူ့ အဖေ၊ အမေ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်တဲ့ရက်၊ ယောက်ဖက လယ်ထဲဆင်းနေတဲ့အချိန် အရင်ကလည်း အိမ်ပေါ် ရံဖန်ရံခါ လာနေကျဆိုတော့ ပြဿနာမရှိဘူးလေ။အဲနေ့ အိမ်ပေါ်တက်သွားတော့ ဘယ်ပြေးလို့ရတော့မလဲ။ဧည့်ခန်းမှာ ခပ်တည်တည်နဲ့ထိုင်ပြီး ရည်းစားစကားလည်းပြော၊ ရည်းစားစာလည်း ပေးထားခဲ့တာ” တဲ့။

ရည်းစားဖြစ်ပြီး ၃၊ ၄လအကြာမှာပဲ လူကြီးတွေကို အသိပေးလိုက်တယ်။ယောက္ခမတွေက သဘောတူပြီးသားမို့ ပြဿနာမရှိ။ ၁ နှစ်လောက်အကြာ မင်္ဂလာဆောင်ကြမယ်ဆိုတော့ ဘကြီးက တစ်ခုတောင်းဆိုတယ်။မင်္ဂလာဆောင် လက်ဖွဲ့ငွေ ထည့်ချင်တဲ့သူ ထည့်၊ မထည့်ချင်တဲ့သူ မထည့်နဲ့။လက်ဖွဲ့ရတဲ့ ငွေကိုလည်း ရွာအတွက် ဇရပ်ဆောက်ဖို့ လှူချင်တယ်တဲ့။

ဘကြီးတို့ခေတ် တောမှာ တစ်ခါမှ မကြားဖူးတဲ့ မင်္ဂလာဆောင်။တောမှာက မင်္ဂလာဆောင် လက်ဖွဲ့ငွေကို သတို့သမီးဘက်က အပိုင်သဘောမျိုး သတ်မှတ်ကြတာမို့ မိန်းမဘက် ဆွေမျိုးတွေက ဘဝင်မကျ။မင်္ဂလာဆောင်ဖို့ လူကြီးချင်းစကားပြောတဲ့အချိန် အဲဒီကိစ္စက အဆင်မပြေ။ဘကြီးကလည်း နည်းနည်းလေးမှ မလျှော့။နှစ်ဖက်စလုံးက ငွေကြေးအဆင်ပြေကြတာမို့ မင်္ဂလာဆောင်တယ်ဆိုတာ အလှူလုပ်တာမျိုးပဲ ဖြစ်သင့်တယ်တဲ့။

သတို့သမီးလောင်းခမျာ ဘကြီးရဲ့ အလျှော့မပေးမှုကြောင့် မျက်ရည်နဲ့မျက်ခွက်။လူသိရှင်ကြား မြန်းပြီးခါမှ မယူဖြစ်ရင် အရှက်ကွဲမှာ မဟုတ်လား။နောက်ဆုံး၊ ဘကြီးရဲ့ ယောက္ခမ ဦးဖိုးလူရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ဘကြီးပြောတဲ့အတိုင်း လုပ်မယ်ဆိုတော့မှ သက်ပြင်းချရတော့တယ်။

“သား ၂ ယောက် မိန်းမယူတာ ကိုယ့်မှာ စိတ်အေးလက်အေးကိုမရှိဘူး။မင်္ဂလာပွဲမပြီးမချင်း ပူလိုက်ရတာ” လို့ အဘွားက ပြောပြတော့ ကျနော်သဘောကျမိတယ်။

ငြိမ်းဆက်