【 ဆောင်းပါး 】 ထောင်ထဲက ဗေဒင်ဆရာ

【 ဆောင်းပါး 】 ထောင်ထဲက ဗေဒင်ဆရာ

မနက် ၁၀ နာရီကျော်လို့ ထင်တယ်။
 
မန္တလေးထောင်ထဲ နေ့ခင်းစာ ထမင်းစားပြီးနောက် ၁၂ နာရီလောက်ဆို အကျဉ်းသားအားလုံး ကိုယ့်အခန်းကိုယ်ဝင် တရေးအိပ်။မွန်းလွဲ ၁ နာရီကျော် ပြန်ထပြီးနောက် အလုပ်ရှိသူတွေက သက်ဆိုင်ရာ အလုပ်တွေဆီ သွားကြ။အလုပ်မရှိသူတွေကတော့ ဟိုနေရာထိုင်စကားပြော၊ ဒီနေရာထိုင်စကားပြော။စကားပြောတယ်ဆိုတာက ထောင်ထဲမှာ သိပ်ပေါလွန်းနေတဲ့ အချိန်ကို ထုခွဲပစ်ခြင်းမဟုတ်လား။
 
အဝတ်လျှော်စားတဲ့ အကျဉ်းသားတချို့က ဒီလိုအချိန် ရေကန်ဘုတ်ကိုင်ကို တစ်ခုခုနဲ့ာလာဘ်ထိုးပြီး အဝတ်လျှော်လေ့ရှိတယ်။အဝတ်လျှော်ခကတော့ ထောင်ထဲမှာ လိုသလိုသုံးနိုင်တဲ့ ဆေးလိပ်ပါပဲ။
 
ထောင်တွင်းအနှိပ်သည်တွေကလည်း ဒီလိုအချိန် ကောင်းကောင်း မာဆက်လေ့ရှိတယ်။ထောင်တွင်းမာဆက်ဆိုပြီး အထင်တော့မသေးလိုက်နဲ့။လက်ကလည်းပေါက်၊ ဟိုချိုးဒီလိမ် နည်းစနစ်တွေကလည်း အစုံအလင်မို့ အပူတွေ အောတိုက်ထွက်မှာ သေချာ။တစ်နာရီလောက်ကြာတဲ့ မာဆက်ပြီးသွားရင် လူတစ်ကိုယ်လုံး ပေါ့ပါးသွားရော။
 
တချို့ကလည်း ပြင်ပကမ္ဘာမှာ တကယ်အနှိပ်သည်လုပ်ခဲ့ဖူးသူတွေမို့ အညောင်းပြေရုံတင်မက အ ကြောတွေကိုပါ သေချာသိကြတဲ့ ပရော်ဖယ်ရှင်နယ်။အဲဒီလို ပရော်ဖယ်ရှင်နယ်တွေဆိုရင် ထောင်မှူးတွေရော၊ တပ်ကြပ်ကြီးတွေရော၊ အကျဉ်းသားတွေထဲက ဘာကောင်ညာကောင်တွေပါ ခေါ် နှိပ်ခိုင်းတတ်တယ်။ထောင်ဝန်ထမ်းတွေကတော့ ရှင်းတယ်။တစ်ပြားမှမပေး။ထောင်ဝန်ထမ်းနဲ့အကျဉ်းသား အစုန်သာရှိပြီး အဆန်မရှိ။အကျဉ်းသားထဲက ဘာကောင်ညာကောင်တွေကတော့ ပေးတဲ့သူပေး၊ တချို့လည်း အကျဉ်းသားချင်း ကိုယ်ချင်းမစာ ဘာမှမပေး။အနှိပ်သည်ကလည်း ဆေးလိပ်တစ်လိပ်မှ မပေးရင်လည်းနေ၊ မျက်နှာရ မနည်းဘူးဆိုတဲ့ စိတ်နဲ့ တက်တက်ကြွကြွ နှိပ်ရတာပါပဲ။
 
ထောင်တွင်းအနှိပ်သည်အများစုကတော့ ထောင်ထဲရောက်မှ မတတ်သာလို့ ဝမ်းရေးအတွက် အနှိပ်သည်လုပ်ကြတာမျိုး။သူတို့က တကယ့်အနှိပ်သည်တွေဆီက ပညာယူပြီး နှိပ်ကြတာဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အညောင်းပြေအောင် အပူထွက်အောင်အထိတော့ နှိပ်တတ်သား။ကျနော်ဆို အနှိပ်ခံရတာ ကြိုက်သူမို့ ဆေးလိပ်လေး နည်းနည်းပေါသီတဲ့အချိန်ဆို အနှိပ်ခံလေ့ရှိတယ်။အနှိပ်ခံတာ နည်းနည်းကြာလာတော့ သူတို့ရဲ့ နည်းစနစ်တွေကိုပါ သိလာတယ်။ထောင်ကနေထွက်လာပြီးနောက် အနှိပ်ခံတတ်တဲ့ ဦးလေးနဲ့ အဖေကို ထောင်ထဲက နည်းစနစ်အတိုင်း နှိပ်ပေးလိုက်တာ ကြိုက်မှကြိုက်။
 
ကျနော်တို့တောက အနှိပ်ဆရာတွေထက် နည်းစနစ်ပိုစုံဆိုလား။ ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ရန်ကုန်မြို့က အနှိပ်ခန်းတွေဆီရောက်တော့ အနှိပ်သမတွေရဲ့ အနင်းအနှိပ်တွေက ထောင်ထဲက နည်းစနစ်နဲ့ ဘာမှမကွာ။ထားတော့။ထောင်ဆိုတာ အခန့်မသင့်ရင် ဘယ်သူမဆိုရောက်နိုင်တာပဲ မဟုတ်လား။
 
ဗေဒင်ဆရာတချို့လည်း အကြောင်းအမျိုးမျိုးနဲ့ ထောင်ထဲရောက်လာကြတာမို့ သူတို့လည်း တတ်သည့်ပညာ မနေသာ။အခုလို မွန်းလွဲပိုင်းအချိန်မှာ ဟောကြတယ်။လူတွေက ကိုယ့်ဘဝရှေ့အလားအလာကို သိပ်သိချင်ကြတယ်မဟုတ်လား။ဗေဒင်ဆရာတွေက ထောင်ထဲမှာလည်း အလုပ်ဖြစ်ကြတယ်။အဆင်မပြေတဲ့ ဗေဒင်ဆရာက တစ်ခါဟော ဆေးလိပ် ဘယ်နှစ်လိပ်ဆိုတာမျိုး။အဆင်ပြေတဲ့ ဗေဒင်ဆရာကတော့ အခကြေးငွေမယူ၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကိုပဲ ဟောလေ့ရှိတယ်။
 
မန္တလေးထောင်ထဲ ရင်းနှီးခဲ့တဲ့ ဗေဒင်ဆရာတစ်ယောက်ရှိတယ်။သူက ဗေဒင်ပညာကို သေသေချာချာ လေ့လာထားသလို စာတွေပေတွေလည်းဖတ်တာမို့ အပြောအဟောကလည်းကောင်း၊ ဗဟုသုတလည်းကြွယ်ကြွယ်၊ ပြီးတော့ သူတို့ခေတ်အခါက စာပေးစာယူနဲ့ ဘွဲ့ယူခဲ့တဲ့ ဘွဲ့ရတစ်ယောက်မို့ ပညာတတ်တစ်ယောက်လို ဟိတ်ဟန်ထုတ်နေတတ်သေးတဲ့ ဗေဒင်ဆရာ။သူပြောပြလို့ ဆရာမိုက်ကယ်ဆိုတဲ့ ဗေဒင်ဆရာအကြောင်း ကြားခဲ့ဖူးတယ်။ဆရာမိုက်ကယ်တို့ ဘယ် လောက်မှန်သလဲဆို သေလောက်အောင်မှန်တဲ့ ဗေဒင်ဆရာတဲ့။လူတစ်ယောက် သေတော့မယ်ဆိုတာကို မသေခင် တစ်လလောက်မှာ ကြိုဟောကိန်းထုတ်နိုင်သူတဲ့။ကျနော်တို့ ပါးစပ်အဟောင်းသားဖြစ်ရ။
 
ထောင်ကနေပြန်ထွက်ပြီး နှစ်အတန်ကြာ ဆရာသော်တာဆွေရဲ့ ‘ကျနော့်ဘဝဇာတ်ကြောင်း’ စာအုပ် ဖတ်မိတဲ့အခါကျမှ စာရေးဆရာကြီးတစ်ဦးကို မသေခင် တစ်ပတ်၊ ၁၀ ရက်လောက်က မကြာခင်သေတော့မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဆရာမိုက်ကယ်အကြောင်း ပြန်ဖတ်ရပြီး ထောင်ထဲက မိတ်ဆွေဗေဒင်ဆရာကို ပြန်အမှတ်ရမိတယ်။
 
အဲဒီလိုနှံ့စပ်တဲ့ ဗေဒင်ဆရာက သရဲတစ္ဆေတွေအကြောင်း စကားစပ်မိတော့ Wave တွေလို့ သူက ရူပဗေဒအမြင်ကနေ ချပြတော့ ကျနော်ဖြုံရတယ်။သူ့ဘာသာ နာတာရှည်ရောဂါတစ်ခုခုကြောင့် ဖြည်းဖြည်းချင်း သေသွားသူတွေနဲ့ မီးဇာကုန်ဆီခမ်း အသက်ကြီးမှ သေသူတွေက ကျနော်တို့ပြောနေတဲ့ သရဲတွေဘာတွေမဖြစ်။ဘယ်လိုလူတွေ သရဲဖြစ်သလဲဆိုတော့ ရုတ်တရက်သေသွားကြတဲ့သူတွေလို့ ဗေဒင်ဆရာက ဆိုတယ်။
 
“အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးကို ရုတ်တရက် ဘရိတ်ဆွဲလိုက်ရင် တိခနဲမရပ်ဘဲ ရှေ့ကို အရှိန်နဲ့ပါသွားတာမျိုးပဲ။လူတစ်ယောက် သူ့အရှိန်နဲ့သူ သွားနေချိန်မှာ ရုတ်တရက် ဘရိတ်ဆွဲလိုက်သလို သေသွားတော့ အရှိန်တွေက ကျန်နေတယ်။အဲဒီအရှိန်က လှိုင်းတွေအဖြစ်နဲ့ ဆက်ကျန်နေပြီးတော့ လှိုင်းတွေကနေ အဲဒီလူရဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာတတ်တာ။အဲဒါကို ကျနော်တို့က သရဲခြောက်တယ်လို့ ပြောကြတာ။အဲဒီအရိပ်အယောင်တွေက အရှိန်ကုန်သွားတဲ့အချိန်မှာ လုံးဝပြီးသွားရော” လို့ ဗေဒင်ဆရာကဆိုတော့ ကျနော်တို့ စဉ်းစားစရာတွေ ရလိုက်တယ်။
 
ကျနော်တို့လို ထောင်ထဲမှာ ဘာအလုပ်မှလည်းမရှိ၊ သက်သောင့်သက်သာ တော်ကီပစ်ဖို့သာရှိတဲ့သူတွေက မွန်းလွဲပိုင်းလိုအချိန်မျိုးမှာ တော်ကီတွေ အထွေးလိုက်ပစ်ကြ။ဒေါသမပါ၊ တိုက်ခိုက်တာမျိုးမဟုတ်တဲ့ အငြင်းအခုံမျိုးတွေနဲ့ ဖောင်ဖွဲ့ကြ။ဗေဒင်ဆရာရဲ့ သရဲတစ္ဆေအပေါ် အမြင်က ကျနော်တို့ကို တော်တော်အလုပ်ပေးခဲ့၊မကြာခဏဆိုသလို ဆွေးနွေးဖြစ်ကြတယ်။
လူတွေကထိစမ်းလို့မရတဲ့အရာ၊ မမြင်ရတဲ့အရာတွေကို ကြောက်ကြတာတဲ့။ပြီးတော့ လူတွေက အကြောက်တရားတွေကို ပုံကြီးချဲ့ ဖွဲ့နွဲ့ကြတာတဲ့။မမြင်ရတဲ့ ကံကြမ္မာကိုလည်း လူတွေက သိချင်ကြောက်ချင်ကြတော့ ကံဆိုးလို့ ထောင်ထဲရောက်နေတာတောင် ဗေဒင်ဆရာတွေက ထောင်ထဲမှာ ဖေကံကောင်းအ ဍဖြစ်နဲ့  အလုပ်ဖြစ်နေကြတာလို့ သူကဆက်ပြောပြန်။ကျနော်တို့ ရယ်ရမောရ။
 
အဲဒီဗေဒင်ဆရာ မန်းထောင်မှာ ဘယ်လောက်တောင် အလုပ်ဖြစ်သလဲဆို ကြိုတင်ဘွတ်ကင်ယူတာတောင် ကိုယ့်အလှည့်ရောက်ဖို့ တစ်ပတ်လောက်စောင့်ရ။သူ့နာမည်က ဆရာမှန်။မှန်တာတွေပဲ ဟောနိုင်တဲ့ ဗေဒင်ဆရာမို့ ဆရာမှန်လို့ သူ့ကိုယ်သူ နာမည်ပေးထားတာတဲ့။
 
ဆရာမှန် ဘာဖြစ်လို့ ထောင်ကျတာလဲမေးတော့ မှန်အောင်ဟောနိုင်လို့ ထောင်ကျလာတာတဲ့။ကဲ ဆရာမှန်တို့က အဲဒီလို။
 
ငြိမ်းခင်