【 ဆောင်းပါး 】 ဈေးကွက်ထဲ ထိပ်တန်းဦးဆောင်သူဖြစ်ဖို့ AI ကို ဘယ်လိုအသုံးချမလဲ ?

【 ဆောင်းပါး 】 ဈေးကွက်ထဲ ထိပ်တန်းဦးဆောင်သူဖြစ်ဖို့ AI ကို ဘယ်လိုအသုံးချမလဲ ?

ဒီ ၂၀၂၄ ခုနှစ်ဟာ AI နှစ်လို့ ခေါ်လို့ရအောင် (Artificial Intelligent - ဉာဏ်ရည်တု (သို့မဟုတ်) လူဖန်တီးတဲ့ ဉာဏ်ရည်) AI များ စတင်တွင်ကျယ် အသုံးပြုလာတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

AI ဆိုတာက လူတို့ဖန်တီးထားတဲ့ ဉာဏ်ရည်ကို စက်ကိရိယာ ဒါမှမဟုတ် စက်ရုပ် ဒါမှမဟုတ် ကွန်ပြူတာ ဆော့ဖ်ဝဲလ်/အက်ပလီကေးရှင်း တစ်မျိုးမျိုးနဲ့ ပေါင်းစပ်ပြီး လူသားကဲ့သို့ တွေးခေါ်ဆောင်ရွက်နိုင်အောင် တည်ထွင်ထားတဲ့ နည်းပညာတစ်ရပ်ဖြစ်ပါတယ်။ကွန်ပြူတာစနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် အလွန်တရာ လျင်မြန်တိကျတဲ့ ရလဒ်တွေကို တစ်ခဏအတောအတွင်းမှာ အဖြေရှာ၊ ဖြေရှင်းပေးနိုင်တဲ့အတွက် အလွန်အသုံးတည့်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးမှာ တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ပါတယ်။

လူတွေရဲ့ ရုပ်ရည်သွင်ပြင်ကို မှတ်မိခြင်း (Facial Recognition)၊ အင်တာနက်မှာ မိမိသိလိုရာကို ရှာဖွေခိုင်းခြင်း (Internet Searches)၊ ယာဉ်/စက်တို့ကို အလိုအလျောက်မောင်းနှင်ခိုင်းခြင်း (Driving a Car/ Machine) လို လွယ်ကူတဲ့ AI (Weak AI) ကနေ အထွေထွေ AI (General AI) လို့ခေါ်တဲ့ လူသားတွေ လုပ်နိုင်စွမ်းသမျှသော လုပ်ငန်းတာဝန်တွေအားလုံးကို အင်မတန်လျင်မြန်တဲ့နှုန်းနဲ့ ပြီးစီးအောင် လုပ်နိုင်စွမ်းရှိတဲ့ အဆင့်မြင့် AI (Strong AI) စတဲ့ အခြေခံအကျဆုံး AI နှစ်မျိုးရှိပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ChatGPT ဆိုတဲ့ AI ကို စတင်မိတ်ဆက်လာပြီးတဲ့နောက် အလားတူ AI တွေ နယ်ပယ်အသီးသီးမှာ ပေါ်ထွက် တွင်ကျယ်လာခဲ့တယ်။လောလောဆယ် လူသုံးအများဆုံး AI ကတော့ ChatGPT လို့ခေါ်တဲ့ မိမိသိလိုရာကို စာရိုက်မေးမြန်းနိုင်တဲ့၊ စာတွေ ကဗျာတွေ သီချင်းစာသားတွေ ဖန်တီးရေးစပ်ခိုင်းနိုင်တဲ့ AI ဖြစ်ပြီး၊ QuillBot လို အင်္ဂလိပ်စာ သဒ္ဒါအမှားပြင်ပေးတဲ့ AI တွေ၊ စာကြောင်းအသစ် ပြင်ရေးပေးတဲ့ AI တွေ၊ Google Translate လို ဘာသာပြန်ပေးတဲ့ AI တွေလည်း လူသုံးများပါတယ်။

အခြား ပန်းချီဆွဲခိုင်း၊ ဓာတ်ပုံပြုလုပ်ခိုင်း၊ ဒီဇိုင်းရေးဆွဲခိုင်း၊ ဗွီဒီယိုလုပ်ခိုင်းနိုင်တဲ့ AI တွေ၊ လူရုပ်ပုံတစ်ခုရှိရုံနဲ့ မိမိဆိုခိုင်းချင်တဲ့ သီချင်း၊ ပြောခိုင်းလိုတဲ့ စကားတွေကို အမှန်တကယ်ပြောဆိုတဲ့အလား အသက်သွင်းနိုင်တဲ့ AI အက်ပလီကေးရှင်းတွေလည်း အများအပြားတီထွင်လာကြပြီး လူကြိုက်များ၊ လူသုံးများလာပါပြီ။မိမိသိလိုရာ တတ်လိုရာ ပညာရပ်တွေကို သူ့ဖာသာ အလိုအလျောက် အင်တာနက်ထဲမှာ ရှာဖွေလေ့လာ မှတ်သားခိုင်းထားပြီး၊ မိမိအလိုရှိတဲ့အချိန်မှာ လိုသလိုခိုင်းစေ မေးမြန်းနိုင်တဲ့ Microsoft Bing ရဲ့ Copilot လို AI တွေ၊ AI ဆရာတွေ၊ အကြံပေး AI တွေလည်း တီထွင်လာနိုင်ကြပြီဖြစ်ပါတယ်။
 
ဒီတော့ အဲဒီလောက် အသုံးဝင်တဲ့ အသုံးတည့်တဲ့ AI နည်းပညာကို ဈေးကွက်ထိုးဖောက်ရေး (Marketing) မှာ ဈေးကွက်ဦးဆောင်သူ (Market Leader) ဖြစ်အောင် AI ကို ဘယ်လိုအသုံးချကြမလဲ။ AI ရဲ့ လုပ်ဆောင်နိုင်တဲ့ အစွမ်းတော်တော်များများကို Marketing ဗျူဟာတွေ ဖန်တီးတဲ့နေရာမှာ အသုံးချနိုင်တာကို တွေ့ရပါတယ်။

(၁) ဈေးကွက်ရေးရာ ဒေတာအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်ခြင်းနဲ့ အတွင်းကျကျ လေ့လာ နိုင်ခြင်း။

အခုခေတ်ကာလဟာ သတင်းအချက်အလက်ခေတ် (Information Technology- IT ခေတ်) ဖြစ်တာနဲ့အညီ သတင်းအချက်အလက်တွေ၊ အခြေအနေအပြောင်းအလဲတွေကို အချိန်နဲ့တစ်ပြေးညီ သိမှသာ ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာတဲ့၊ လတ်ဆတ် သစ်လွင်တဲ့ နည်းဗျူဟာနဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ AI တွေဟာ နေရာပေါင်းစုံက ခက်ခဲနက်နဲတဲ့ အချက်အလက်ပေါင်းများစွာကို အလွန်လျင်မြန်တဲ့နှုန်းနဲ့ သွားရောက်ရှာဖွေ ရယူနိုင်သလို ခက်ခဲရှုပ်ထွေးတဲ့ အချက်အလက် ကိန်းဂဏန်းတွေကို ရှင်းလင်းသဘောပေါက် လွယ်ကူတဲ့ သတင်းအချက်အလက်အဖြစ် ပြန်လည်သတင်းပေးပို့နိုင်သလို၊ အဲဒီသတင်းအချက်အလက်ထဲကနေ ဈေးကွက်ထိုးဖောက်ရေးအတွက် အလွန်အရေးပါလှတဲ့ စားသုံးသူ/သုံးစွဲသူ အုပ်စုအလိုက်၊ နယ်မြေဒေသအလိုက် စားသုံးသူတွေရဲ့ နှစ်သက်မှုပုံစံအရွေ့တွေ၊ ဝယ်ယူမှုပုံစံ ပြောင်းလဲလာမှုတွေ၊ အွန်လိုင်းကို အသုံးပြုလာပုံတွေသာမက ဈေးကွက် ဘယ်ကိုဦးတည် ရွေ့လျှားပြောင်းလဲနေပြီ၊ ဘယ်အခြေအနေကို ဆိုက်ရောက်တော့မယ် စတဲ့ အချက်တွေကို ပြန်လည်ထုတ်နှုတ် သုံးသပ်ပေးနိုင်၊ ခန့်မှန်းပေးနိုင်တဲ့အတွက် ဈေးကွက်ထိုးဖောက်သူတွေက ဒီတိကျသေချာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး မိမိရဲ့ ဈေးကွက်ထိုးဖောက်ရေးဗျူဟာကို ရေးဆွဲလှုပ်ရှားလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၂) တစ်ဦးချင်းစီ ဦးတည် စည်းရုံးနိုင်ခြင်း

ဈေးကွက်ထိုးဖောက်ရာမှာ စားသုံးသူ/သုံးစွဲသူတွေကို တူညီတဲ့အုပ်စု (Customer/ Consumer Segmentation) သတ်မှတ်ပြီး၊ မိမိဦးတည် ရည်ရွယ်ထားတဲ့ စားသုံးသူ/သုံးစွဲသူ (Target Consumer/ Customer) အလိုက် သူတို့ရဲ့ အကြိုက်၊ သူတို့ရဲ့ လိုအပ်ချက် လိုလားချက် (Consumer Needs and Wants) အလိုက် ဗျူဟာရေးဆွဲ ထိုးဖောက်ရတာဖြစ်တယ်။ Consumer/Customer Segment ပေါင်းစုံ အလွှာအသီးသီးကို ထိအောင်ပစ်နိုင်တဲ့ ဈေးကွက်ရေးရာ ဗျူဟာက ရောင်းအကောင်းဆုံး၊ ဖောက်သည်တွေက ချစ်ခင်နှစ်သက် အလိုလားဆုံး အမှတ်တံဆိပ် (Brand) ဖြစ်လာနိုင်မှာဖြစ်တယ်။ဈေးကွက်ထိုးဖောက်သူ (Marketer) အားလုံးရဲ့ စိတ်ကူးပန်းတိုင်ကလည်း အဲဒီလို market leader ဖြစ်ပြီး ထိပ်တန်းက ဦးဆောင်ရောင်းချနိုင်သူ ဖြစ်ချင်ကြတာပါ။အုပ်စုလိုက် စည်းရုံးခြင်းထက် တစ်ဦးချင်းအကြိုက် Tailor Made Marketing ဆင်းနိုင်လေ ထိရောက်အောင်မြင်လေဖြစ်ပါတယ်။

AI တွေက ဘယ်အုပ်စုအတွက် ဘယ်လိုကုန်ပစ္စည်း အမှတ်တံဆိပ်မျိုး ထုတ်သင့်တယ်၊ ဘယ်လိုကြော်ငြာမျိုး နဲ့ စည်းရုံးသင့်တယ်၊ ဘယ်လိုပရိုမိုးရှင်းမျိုးဆို သူတို့စိတ်ကြိုက်ဖြစ်မယ်၊ အီးမေးလ်နဲ့ တိုက်ရိုက်ဆက်သွယ် စည်းရုံးချင်တယ်ဆိုရင် ဘယ်လိုရေးသား လုပ်ဆောင်သင့်တယ်၊ ဝက်ဘ်ဆိုက်မှာ ဘယ်လိုရေးသား ဒီဇိုင်းဖန်တီးသင့်တယ် စသဖြင့် ရည်ရွယ်ထားတဲ့ စားသုံးသူ အုပ်စုအလိုက် သူတို့အသည်းစွဲ ခိုက်သွားမယ့် နည်းဗျူဟာတွေနဲ့ ပစ်မှတ်ကို အတိအကျချိန်ရွယ် ပစ်ခတ်နိုင်တာမို့လို့ အရင် ဝန်ထမ်းတွေအများကြီးနဲ့ ဖွဲ့စည်းလုပ်ဆောင်ရတဲ့ Customer Care/Service တို့၊ Telemarketing တို့လို စားသုံးသူ/သုံးစွဲသူ တစ်ဦးချင်းနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ လုပ်ငန်းမျိုးကို AI ရဲ့ အစွမ်းနဲ့ ထိထိရောက်ရောက် ပျံ့ပျံ့နှံ့နှံ့ လုပ်လာနိုင်မှာဖြစ်ပါတယ်။ Call Center တွေမှာလည်း AI တွေကို တာဝန်ပေးထားရင် စားသုံးသူ/သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီ စိတ်ကျေနပ်စေမယ့် ဖြေရှင်းပေးတာတွေ၊ လမ်းညွှန်ပေးတာတွေကို ပိုမိုထိရောက်မြန်ဆန်စွာ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

(၃) ခိုင်လုံတိကျတဲ့ ခန့်မှန်းတွက်ချက်မှု ပြုပေးနိုင်ခြင်း

AI က အရင်မှတ်တမ်းကို ပြန်လည်သုံးသပ်ကြည့်ပြီး နောင်ဖြစ်လာမယ့် ရောင်းအားအတက်အကျ၊ ဈေးနှုန်းအတက်အကျ စတာတွေ၊ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အခွင့်အလမ်းကို ခိုင်လုံတိကျအောင် တွက်ချက်ပေးနိုင်တယ်။ဒီတော့ ဈေးကွက်ထိုးဖောက်သူတွေအနေနဲ့ ကုန်ကြမ်းဝယ်ယူ သိုလှောင်တာက အစ၊ ဈေးနှုန်းအတက်အကျအတွက် ဘယ်လိုပြင်ဆင်ထားမယ်၊ ဘယ်လိုပရိုမိုးရှင်းမျိုးတွေနဲ့ ကာကွယ်မယ်၊ ဒါမှမဟုတ် ဘယ်လိုဗျူဟာမျိုးနဲ့ အခွင့်အရေးယူမယ် စသဖြင့် မဟာဗျူဟာ နည်းဗျူဟာတွေကို ကြိုတင်ပြင်ဆင်ပြီး အကောင်းဆုံးအခွင့်အရေးရအောင် ဖန်တီးယူနိုင်မှာဖြစ်ပါတယ်။

(၄) မိမိ ထိုးဖောက်လိုသော ဈေးကွက်ရှိ ဘာသာစကားဖြင့် ကြော်ငြာစည်းရုံးနိုင်ခြင်း

အထက်ကဆိုခဲ့သလို AI တွေကို မိမိရဲ့ ပင်ရင်းဘာသာစကားကနေ မိမိထိုးဖောက်လိုတဲ့ ဈေးကွက်မှာ အသုံးပြုနေတဲ့ ဘာသာစကားအဖြစ် ဘာသာပြန်ပြီး၊ Blog Post ၊ Email ၊ အောက်ခြေစာတန်းထိုး စတာတွေနဲ့ မိမိထိုးဖောက်ချင်တဲ့၊ ရည်ရွယ်ဦးတည်ထားတဲ့ စားသုံးသူ/သုံးစွဲသူတွေ ပိုမိုနားလည် သိရှိလက်ခံလာအောင် ထိထိရောက်ရောက် သတင်းစကား (Information/ message) ပေးနိုင်မှာဖြစ်ပါတယ်။လက်ရှိ စာရိုက်ပြီး အသုံးပြုနေရတဲ့ အဆင့်ဖြစ်ပေမယ်၊ နောက်မကြာခင်မှာ မိမိနှစ်သက်ရာ ဘာသာစကားနဲ့ ပြောဆိုစေခိုင်းလာနိုင်ပါတော့မယ်။

စာရိုက်စရာမလိုဘဲ စကားပြောပြီး စာရိုက်ခိုင်းလို့ရတဲ့ AI တွေလည်း ပေါ်ထွက်နေပါပြီ။ (လောလောဆယ် အနေအထားအရ Google Translate သုံးပြီး မြန်မာဘာသာပြန်နဲ့ ထိုးဖောက်နေတဲ့ နိုင်ငံခြားကုန်ပစ္စည်း ကြော်ငြာတွေ၊ Content/Blog Post တွေကတော့ သိပ်အဆင်မပြေသေးဘူး၊ အဓိပ္ပာယ် ရိပ်ဖမ်းသံဖမ်းတော့ သိနိုင်လို့ အလုပ်ဖြစ်တယ်ဆိုရုံတော့ ရှိပါတယ်။ AI ရဲ့ သဘောတရားက သူနားလည်မှု ပိုကောင်းလာအောင် များများလေ့ကျင့်ပေးရတဲ့အတွက် စာရှုသူ ပရိသတ်တို့ကလည်း အခွင့်သင့်ရင် သင့်သလို Google Translate ဒါမှမဟုတ် အခြားဘာသာပြန် အက်ပ်တွေကို များများခိုင်းပြီး လေ့ကျင့်ပေးရင် မြန်မာဘာသာပြန်တာတွေ ပိုကောင်း ပိုတိကျလာနိုင်မှာဖြစ်ပါတယ် - (စကားချပ်)

အဲဒါတွေကတော့ AI ကို အသုံးပြုပြီး ဈေးကွက်ထိုးဖောက်ရာမှာ ရောင်းအကောင်းဆုံးနဲ့ စားသုံးသူ/သုံးစွဲသူ ချစ်ခင်မှုအများဆုံး အမှတ်တံဆိပ် (Brand) အဖြစ် ထိပ်တန်းကဦးဆောင်တဲ့ Market Leader ဖြစ်စေနိုင်မယ့် နည်းလမ်းတွေပါ။

AI အကြောင်းကြားရတာ Snow White ထဲက မေးသမျှ ဖြေတဲ့ မှန်တို့၊ ရှေ့ဖြစ်နောက်ဖြစ် ကြည့်နိုင်တဲ့ မှော်ဆရာ ဖန်လုံးတို့လို ဒဏ္ဍာရီပုံပြင်ဆန်ဆန် အံ့သြစရာတွေနဲ့ ပြည့်နှက်နေမှာပါ။နောက်ဆိုရင် ဒါထက်မက ဘယ်လိုတိုးတက်လာဦးမယ်ဆိုတာ မခန့်မှန်းတတ်အောင်ပါပဲ။ AI ကို သေချာခိုင်းတတ်ရင် စေတစ်လုံးပိုင်ရှင်လို့တောင် ဖြစ်လာမတတ်ပါပဲ။

ကွန်ပျူတာပေါ်ကာစက ဖတ်မိတဲ့ ကာတွန်းတစ်ခုကို သတိရမိတယ်။လူက ကွန်ပျူတာကိုမေးတယ် “မင်းဘာလုပ်တတ်သလဲ” တဲ့ ကွန်ပျူတာက ပြန်ဖြေတယ် “မင်းဘယ်လောက်ခိုင်းတတ်သလဲ” တဲ့။ အင်္ဂလိပ်လို “Rubbish in rubbish out” ဆိုတာလို အမှိုက်ထည့်ရင် အမှိုက်ပဲ ပြန်ထွက်လာမယ်ပေါ့။ဆိုလိုတာက AI က သူ့အလိုအလျောက် အချက်အလက်တွေစုဆောင်း စိစစ်ပေးနိုင်တယ်ဆိုပေမယ့် ဘယ်အချက်တွေကို လေ့လာစုဆောင်းမယ်၊ ဘယ်လိုအသုံးချမယ်ဆိုတာကတော့ လူသားတွေက စဉ်းစားတွေးခေါ် ဆုံးဖြတ်ရမှာ အသုံးချရမှာဖြစ်ပါတယ်။ AI ဉာဏ်ရည်တုက လူသားတွေ လုပ်ဆောင်နိုင်သမျှကို သူက အလွန်လျင်မြန်စွာ၊ ငြီးငွေ့ပင်ပန်းမှုမရှိ၊ အနားယူဖို့လိုခြင်းမရှိပဲ ၂၄/၇ လုပ်နိုင်စွမ်းရှိတယ်။မှတ်သားထားသမျှတွေလို လူသားတွေလို မေ့သွားတာ အမှတ်လွဲနေတာမရှိဘဲ သတင်းအချက်အလက် တိတိကျကျ ပြန်ပေးနိုင်တဲ့အပြင် ရှေ့ဖြစ်ဟောရာမှာလည်း အရင်ဖြစ်ပျက်ခဲ့တဲ့ သတင်းအချက်အလက် တိတိကျကျအပေါ် သုံးသပ်မျှော်မြင်ပေးတာဖြစ်တဲ့အတွက် ကိုင်ရိုလို ရှေ့ဖြစ်ဟောဗေဒင်ဆရာတွေထက် အစွမ်းထက်ပါတယ်။ AI ကို စနစ်တကျ အသုံးချတတ်ဖို့ပဲ လိုပါတယ်။

AI ရဲ့ အံ့မခန်းအစွမ်းတွေကို သိလာကြပြီးတဲ့နောက်မှာ မေးခွန်းက AI က ဒီလောက်အထိ မှော်ဆန်နေတာ သူ့ကိုသုံးရတာ စိတ်ချရပါ့မလား၊ မိမိရဲ့ သတင်းအချက်အလက်တွေကို ခိုးယူ နှိုက်ယူသွားနိုင်မလားပေါ့နော် စိတ်ပူလာကြတယ်။ဟုတ်ပါတယ်၊ စနစ်တကျ အသုံးမချတတ်ရင်တော့ သတင်းအချက်အလက် ပေါက်ကြားတဲ့ပြဿနာ ရှိနိုင်ပါတယ်။အဲလိုမဖြစ်အောင် သတိထားသုံးစွဲရမှာဖြစ်ပါတယ်။

အချက်အလက် သိုသိပ်မှုနဲ့ လုံခြုံမှု ထိန်းသိမ်းပါ။

- AI တွေက သတင်းအချက်အလက်အပေါ်မှာ လွန်စွာအားကိုး အသုံးချရတာဖြစ်တဲ့အတွက် မိမိသတင်းအချက်အလက် လုံခြုံမှုနဲ့ မပေါက်ကြားစေဖို့အတွက် လုံခြုံရေးနဲ့ ထိန်းချုပ်ရေးက သိပ်အရေးကြီးပါတယ်။မိမိသတင်းအချက်အလက်တွေကို ကုတ်ဒ်အနေနဲ့ သိမ်းဆည်းတာတို့၊ တာဝန်ရှိသူမှအပ လူတိုင်း ဝင်မကြည့်နိုင်အောင် စကားဝှက်တို့၊ ခွင့်ပြုသူသာ ဝင်ကြည့်နိုင်မယ့် လက်ဗွေရာ၊ မျက်လုံးစကင်ဖတ်တာတို့လို၊ သီးသန့်လျှို့ဝှက်နေရာမှာ သိမ်းဆည်းထားတာတို့လို၊ Two Steps Verification တို့လို အမှန်တကယ်ဝင်ရောက် ကြည့်ရှုခွင့်ရှိသူ ဟုတ်၊ မဟုတ် စစ်ဆေးနည်း စတဲ့ တင်းကြပ်တဲ့ နည်းလမ်းတွေနဲ့ မိမိရဲ့ လျှို့ဝှက်အပ်တဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းထားဖို့တော့ လိုပါတယ်။

ဈေးကွက်ထိုးဖောက်ရေး (Marketing) မှာ AI ရဲ့ အစွမ်းတွေကို စနစ်တကျ အသုံးချခြင်းဖြင့် ဈေးကွက်မှာ ထိပ်တန်းက ဦးဆောင်တဲ့ Market Leader များအဖြစ် ရောင်းကောင်းရုံမက စားသုံးသူ/သုံးစွဲသူတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိတဲ့ ထိပ်တန်းအမှတ်တံဆိပ် (Brand) တွေကို ဖန်တီးနိုင်တဲ့ အောင်မြင်တဲ့ ဈေးကွက်ထိုးဖောက်နိုင်သူတွေ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် .....

သက်ထွန်း (သျှမ်း)