【 ဆောင်းပါး 】 စိတ်ဝမ်းမကွဲပြားစေနှင့်

【 ဆောင်းပါး 】 စိတ်ဝမ်းမကွဲပြားစေနှင့်

လူသည် တစ်ဦးတစ်ယောက်တည်း နေထိုင်လှုပ်ရှားနေသည် မဟုတ်ပါ။စုစုစည်းစည်း ဆွေးဆွေးနွေးနွေးနှင့် ရင်းရင်းနှီးနှီး နေကြသူတွေပါ။ထိုသို့စုဝေးနေထိုင်ရင်း စိတ်ဝမ်းမကွဲဘဲ ညီညီညွတ်ညွတ်ရှိကြလျှင် တစ်ဦးချင်းရော တစ်မိသားစုချင်းရော စိတ်ချမ်းသာပြီး အစစအရာရာ အောင်မြင်တိုးတက်ကြမှာ အသေအချာပင်ဖြစ်သည်။

သို့သော်လည်း တစ်ယောက်တလေ တစ်ကိုယ်ကောင်းစိတ် မွေးမိတာနှင့် တစ်ဖွဲ့လုံး ပျက်စီးသွားနိုင်ပါသည်။

တစ်ကိုယ်ကောင်းစိတ်ထားခြင်းသည် မကောင်းမှန်းသိသောသူများပင်လျှင် သိသိကြီးနှင့် တစ်ကိုယ်ကောင်းဆန်တတ်ကြသည်။သူ့အတွက် အခွင့်အရေးရပြီး ပိုအမြတ်ထွက်သည်က မသေချာသော်လည်း တခြားသူတွေအတွက် အလွန်နစ်နာသွားတာကတော့ သေချာပါသည်။သူ့တစ်ယောက်အတွက်နှင့် အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။အနည်းဆုံး အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုတွေဖြစ်ကာ စည်းလုံးညီညွတ်မှု ပျက်ပြားပါလိမ့်မည်။

အထူးသဖြင့် မိသားစုအတွင်း လမ်းအတွင်း အဖွဲ့အစည်းတစ်ခုခုအတွင်းတွင် စိတ်ဝမ်းကွဲမှု ဖြစ်လေ့ရှိ၏။စိတ်ဝမ်းကွဲမှုဖြစ်စေသည့် အခြေခံအချက်ကတော့ တစ်ယောက်နှင့် တစ်ယောက် သည်းခံချင်စိတ်မရှိခြင်း၊ မနာလိုဝန်တိုခြင်း၊ အဖွဲ့အစည်းအပေါ် သံယောဇဉ်မထားခြင်းတို့ကြောင့်ဖြစ်သည်။ထိုသူမျိုးသည် သူကသာ တခြားသူတွေထက် သာချင်သည်။သူ့ကို အားလုံးက ဂရုစိုက်စေချင်သည်။ထိုအခွင့်အရေးမျိုး မရလျှင်လည်း တခြားသူကို အပြစ်တင်ဝေဖန်ကာ နာမည်ပျက်အောင်လုပ်ပြီး နေရာယူတတ်သည်။

ဘုရားရှင် ပွင့်တော်မူနေစဉ်က အဖြစ်အပျက်တစ်ခုနှင့် သာဓကပြချင်ပါသည်။

ဃောသကသူဌေး ဆောက်လုပ် လှူဒါန်းသော ဃောသိတာရုံကျောင်းမှာ ဘုရားတပည့် ရဟန်းတစ်ထောင် သီတင်းသုံးနေတော်မူသည်။ရဟန်းငါးရာကို ဝိနည်းဓိုရ်ရဟန်းက ဦးဆောင်သည်။ကျန်ရဟန်းငါးရာကို ဓမ္မကထိကရဟန်းက ဦးဆောင်သည်။ကျောင်းနေရဟန်းအားလုံးသည် ဘုရားရှင် ဟောကြားထားသော တရားတော်အတိုင်း အသီးသီးလိုက်နာကျင့်ကြံကာ စည်းလုံးညီညွတ်စွာ နေခဲ့ကြသည်။

တစ်နေ့တွင် ဓမ္မကထိကရဟန်းသည် ကုဋီသို့ဝင်ရောက်ပြီး ကိုယ်လက်သုတ်သင်သည်။ထို့နောက် ကုဋီမှ ပြန်ထွက်ခဲ့သည်။သူသုံးခဲ့သော ရေလက်ကျန်နှင့် ခွက်ကို သည်အတိုင်း လှန်ထားခဲ့မိသည်။ရဟန်းတို့ စောင့်ထိန်းရသော ဝိနည်းအတိုင်းဆိုလျှင် ထိုသို့ထားခဲ့သည့်အတွက် အာပတ်သင့်ပြီဖြစ်၏။

သူကုဋီမှထွက်လာပြီးနောက် ကုဋီသို့ဝင်ရောက်ခဲ့သည့် ဝိနည်းဓိုရ်ရဟန်းသည် ကုဋီမှထွက်လာပြီးနောက် ဓမ္မကထိကရဟန်းကို ဘာကြောင့် သန့်သက်ရေခွက်ကို ရေလက်ကျန်နှင့် လှန်ထားခဲ့ရသနည်းဟု မေးသည်။ဓမ္မကထိကရဟန်းက သူမှားသွားကြောင်း ဝန်ခံသည်။ဝိနည်းဓိုရ်ရဟန်းက ထိုသို့ထားခဲ့လျှင် အာပတ်သင့်တာကို မသိဘူးလားဟု မေးပြန်သည်။ဓမ္မကထိကရဟန်းက သိရှိကြောင်းနှင့် အာပတ်ဖြေလိုက်ပါမည်ဟု ပြန်ပြောသည်။ဝိနည်းဓိုရ်ရဟန်းက လွန်ကျူးလိုသော စေတနာမပါလျှင်တော့ အာပတ်မသင့်ကြောင်း ရှင်းပြသည်။ဓမ္မကထိက ရဟန်းကလည်း လွန်ကျူးလိုသော စေတနာတော့ မပါကြောင်း မရည်ရွယ်ပါဘဲ အမှတ်တမဲ့ကျန်ခဲ့တာဖြစ်ကြောင်း ပြန်ရှင်းပြပြီး အာပတ်မဖြေခဲ့ပေ။

မကြာမီမှာပင် ထိုပြဿနာသေးသေးလေးက ကြီးလာခဲ့လေသည်။အကြောင်းမှာ ဝိနည်းဓိုရ်ရဟန်းသည် သူ၏တပည့်ရဟန်းတို့ကို ဓမ္မကထိကရဟန်းက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကုဋီတက်လို့ သန့်သက်ရေကျန်သော ရေခွက်ကို ပိုးလိုးပက်လက်လှန်ထားခဲ့တာကိုတောင် အာပတ်သင့်မှန်း မသိကြောင်း ပြောပြမိသည်။နောက်လိုက်ရဟန်းတချို့က ဓမ္မကထိက နောက်လိုက်ရဟန်းအချို့ကို ထိုအကြောင်းပြောကာ ဓမ္မကထိကရဟန်းကို အပြစ်တင်ကြသည်။ထိုအခါ ဓမ္မကထိကရဟန်း၏ တပည့်ရဟန်းများကလည်း သူတို့၏ခေါင်းဆောင်ကို ထိုအကြောင်း ပြန်တိုင်သည်။ဓမ္မကထိကရဟန်းကလည်း တပည့်များကို အကျိုးအကြောင်း အစအဆုံး ပြန်ရှင်းပြသည်။

ဝိနည်းဓိုရ်ရဟန်းသည် သူတို့ခေါင်းဆောင်က အမှားဝန်ခံတုန်းကတော့ ကျူးလွန်လိုသည့် စေတနာမပါသည့်အတွက် အပြစ်မရှိ အာပတ်ဖြေစရာမလိုကြောင်းပြောခဲ့ပြီး ကွယ်ရာရောက်မှ အပြစ်တင်နေသည်မှာ ပို၍အပြစ်ကြီးကြောင်း ပို၍အာပတ်သင့်ကြောင်း တုံ့ပြန်ပြောဆိုရာမှ ရဟန်းအုပ်စုနှစ်ခုသည် သူမှားသည် ကိုယ်မှားသည် ငြင်းခုံကြလေသည်။ထိုမှတစ်ဖန် သူတို့ကိုကိုးကွယ်ကြသည့် ဒါယကာ ဒါယိကာမတို့ကလည်း သူ့ဘက် ကိုယ့်ဘက် ငြင်းခုံရာတွင် ပါလာကြပြန်သည်။နောက်ဆုံး နတ်တွေ ဗြဟ္မာတွေအထိ အုပ်စုကွဲကာ အငြင်းအခုံဖြစ်ပွားလေတော့သည်။

ဝိနည်းဓိုရ်ရဟန်းက ဓမ္မကထိကရဟန်းကို ဥက္ခေပနီယကံပြုကာ ကျောင်းမှ နှင်ထုတ်၏။ဓမ္မကထိကရဟန်းကလည်း ဝိနည်းဓိုရ်ရဟန်းသည် ဝိနည်းတော်နှင့် မညီသော အဓမ္မကံပြုခြင်းဖြစ်လို့ မလိုက်နာနိုင်ဟုဆိုကာ ကျောင်းမှ လုံးဝမထွက်ခွာခဲ့ပေ။သူတို့အုပ်စုနှစ်စုတိုက်ပွဲသည် ပြင်းထန်သည်ထက် ပြင်းထန်လာသည်။

ဘုရားရှင် သိသွားသောအခါ ကိုယ်စားစေလွှတ်၍ ရန်ငြိမ်းစေသော်လည်း လုံးဝမငြိမ်းအေးကြပေ။နောက်ဆုံး ဘုရားရှင် ကိုယ်တိုင်ကြွသွား၍ ဖြန်ဖြေလည်းမရ အကျိုးအကြောင်းရှင်းပြပြီး နားချလည်းမရ တရားပြလည်းမရကြပေ။ဘုရားရှင်သည် ကိုယ်တိုင်ပြောတာကိုတောင် နားမထောင် မလိုက်နာနိုင်အောင် မောဟအမှောင်ဖုံးနေသော ထိုရဟန်းများကို ဘာမှထပ်မပြောတော့ဘဲ ရဟန်းအားလုံးကို စွန့်ခွာကာ ပါလိလေယျကတောသို့ ကြွသွားပြီး တစ်ပါးတည်း သီတင်းသုံးနေတော်မူသည်။ထိုတောမှာပင် တစ်ဝါဆိုခဲ့လေသည်။

ကောသမ္ဗီပြည်သားတို့သည် ဘုရားရှင်ကိုယ်တော်တိုင် ဆုံးမတာကိုတောင် မနာခံခဲ့သော ထိုရဟန်းများကို အရိုအသေမပြုတော့ရုံတင်မကဘဲ ဆွမ်း၊ သင်္ကန်းကအစ မထောက်ပံ့ မလှူဒါန်းတော့ပေ။သာသနာအတွက် အပြစ်ကြီးနေပြီဖြစ်သည့် ထိုရဟန်းများအဖြစ်ကိုကြည့်ကာ မနေနိုင်သော အနာထပိဏ်သူဌေး ဝိသာခါကျောင်းအမ စသူတို့က အာနန္ဒာမထေရ်ကို တောင်းပန်လျှောက်ထားပြီး ဘုရားရှင်ကို ပင့်ဆောင်ခေါ်လာပေးရန် တောင်းပန်ကြသည်။အာနန္ဒာမထေရ်က ဘုရားရှင်ထံ လိုက်သွားပြီး ပင့်ဆောင်ခဲ့သည်။

ဘုရားရှင် ပြန်ကြွလာသောအခါ ရဟန်းများက ဘုရားရှင်ကို ဝန်ချတောင်းပန်ကာ အချင်းချင်းပြန်လည်ညီညွတ်သွားကြသည်။ဘုရားရှင်က အချင်းချင်းမညီညွတ်သော ရဟန်းများနှင့်ပတ်သက်၍ အောက်ပါဒေသနာတရားကို ဟောကြားခဲ့သည်။

“ရန်လိုသူတို့သည် တစ်ချိန်မှာ ငါတို့သေကြရမည်ဟု နားမလည်ကြပေ။ထိုသို့ မသိသဖြင့် ခိုက်ရန်ဖြစ်ကြ၏။ပညာရှိတို့သည် ထိုသဘောကိုသိကြသောကြောင့် ခိုက်ရန်မဖြစ်ဘဲ ရန်ငြိမ်းအောင်ပြုကြသည်”။

လူဆိုတာ အမှားနှင့် မကင်းပါ။သို့သော်လည်း ကိုယ်မှားခဲ့မိသည့်အတွက်ကိုတော့ ဝန်ခံရန် တောင်းပန်ရန် ဝန်မလေးသင့်ပါ။တစ်ဖက်လူကလည်း တစ်ခါတလေမှားတာမျိုးကို နားလည်ခွင့်လွှတ်ပေးသင့်ပါသည်။အမှားကျူးလွန်သူကို စေတနာထားပြီး ပြုပြင်သင့်ပါသည်။တစ်ဖက်လူက သူ့အမှားကို မသိလျှင်လည်း စေတနာနှင့် ထောက်ပြ အကြံပေးကာ ပြုပြင်ပေးသင့်ပါသည်။ထိုသို့ စေတနာထား နားလည်မပေးနိုင်လျှင်လည်း သူ့ထိုက်နှင့် သူ့ကံဆိုပြီး လျစ်လျူရှုလိုက်လျှင်လည်း ဖြစ်ပါသည်။

သို့သော်လည်းတချို့လူတွေက စေတနာမထားသည့်အပြင် မလိုမုန်းတီးစိတ်မျိုးနှင့် တစ်ဖက်လူကို လူသိရှင်ကြား အပုပ်ချ နာမည်ဖျက်ကာ သူတို့က အမှားထောက်ပြနိုင်သူအဖြစ် နာမည်ကောင်းယူတတ်ကြသည်။ထိုအတွေးဆိုးမျိုးကတော့ လုံးဝမထားသင့်တာပါ။ထိုအတွေးဆိုးနှင့် ထိုယုတ်မာတတ်သူမျိုးကတော့ လူ့အဖွဲ့အစည်းအတွင်းမှာရော သံဃာ့အဖွဲ့အစည်းအတွင်းမှာရော မရှိသင့်သူတွေပါ။

ထိုလူဆိုးမျိုးရှိနေသမျှတော့ ကျန်ရှိသည့်လူများထဲမှာလည်း စိတ်ဝမ်းကွဲမှုတွေ မညီညွတ်မှုတွေရှိနေဦးမှာပါ။ဘာပဲဖြစ်ဖြစ် မသိသူက ဘယ်လိုပင်ဆိုးသော်လည်း သိသူက မယိမ်းမယိုင်ဘဲ စိတ်ဓာတ်ခိုင်မာစွာနှင့် မိမိစိတ်ကို မိမိနှုတ်ကို မိမိကိုယ်ကို ကောင်းအောင် ကြိုးစားထိန်းထားရပါမည်။

ရိုက်မောင်း
Photo Credit - Ministry of Hotels & Tourism Myanmar