【 ဆောင်းပါး 】 စကားသာရှိ ..... တရားမသိသူ

【 ဆောင်းပါး 】   စကားသာရှိ ..... တရားမသိသူ

လောကမှာ အပြောတစ်မျိုး အလုပ်တစ်မျိုး လူတွေ တော်တော်များများရှိပါသည်။ထိုလူများသည် ပါးစပ်က ငါ့စကားနွားရ သဘောနှင့် အခြားသူတွေကို သူပြောချင်တာပြောပြီး သူကိုယ်တိုင်ကျတော့ သူ့စကားအတိုင်း မလိုက်နာတတ်ပါ။ထိုသူမျိုးကို အပြောနှင့် အလုပ် မညီသူဟုပြောလျှင်လည်း ရပါသည်။

ထိုသူမျိုးသည် စာတတ်ပေတတ် ဖြစ်ချင်ဖြစ်မည်။ဗဟုသုတကြွယ်ဝသူ ဖြစ်ချင်ဖြစ်မည်။သို့သော်လည်း သူသည် သူတတ်သမျှ မှတ်မိသမျှ အကြောင်းအရာများကို တကယ်သဘောမပေါက်သူဖြစ်သည်။အကယ်၍ သဘောပေါက်သည့်တိုင် လက်တွေ့လိုက်နာဆောင်ရွက်ရန် မကြိုးစားသူ၊ ကြိုးစားခဲ့လျှင်လည်း စိတ်ဓာတ်မခိုင်မာသူဖြစ်သည်။

သူသည် သူပြောသောစကားကို သူကိုယ်တိုင် တန်ဖိုးထားသူ မဟုတ်ပေ။သူများကို ဆရာလုပ်ချင်သူသက်သက်သာဖြစ်သည်။သူများတွေကို လိမ်မပြောရန် အကိုးအကား အထောက်အထား အစုံအလင်နှင့် နားဝင်အောင် ပြောတတ်သော်လည်း သူကိုယ်တိုင်က လိမ်ညာပြောတာကို နှစ်သက်သူမျိုးပါ။ခိုးတာဝှက်တာ မကောင်းကြောင်း ပြောဟောနေသော်လည်း သူကိုယ်တိုင်က မခိုးမဝှက်ရလျှင် မနေနိုင်သူဖြစ်သည်။တခြားလူကို စည်းလုံးညီညွတ်မှုတန်ဖိုးနှင့်ပတ်သက်၍ အားရပါးရပြောပြီး သူကိုယ်တိုင်ကတော့ စည်းလုံးညီညွတ်နေသူများကိုပင် မပျက်-ပျက်အောင် ဖျက်ပစ်တတ်သည်။

သူကတော့ သူ့ကိုယ်သူဟုတ်လှပြီ အောက်မေ့နေသော်လည်း အချိန်တွေကြာလာသည်နှင့်အမျှ သူ့အကျင့်ဆိုးကို အားလုံးက သတိထားမိကာ တရားစကားပြောပြီး မတရားလုပ်သူအဖြစ် အထင်သေးကြပေမည်။ဆံပင်ကို သေချာဖီး၊ အင်္ကျီကို စတိုင်ကျကျဝတ်၊ စင်ပေါ်တက်ပြီး လက်သီးလက်မောင်းတန်းကာ စင်အောက်ကပရိသတ်တွေကို ဟောပြောနေသော်လည်း သူ့လုံချည်ကျွတ်မှန်း သတိမထားမိသူ (သို့မဟုတ်) ကျွတ်မှန်းသိလျက်နှင့် ပြန်ကောက်မဝတ်သူဖြစ်သည်။အတိအကျပြောရလျှင် အရှက်မရှိသူတစ်ယောက်သာဖြစ်သည်။လူကောင်းဟန်ဆောင်ထားသော အတ္တသမားသက်သက်သာဖြစ်သည်။

သူ့စကားက မည်မျှပင်ကောင်းစေကာမူ၊ သူ့စကားအတိုင်း လိုက်နာကျင့်သုံးသူရှိစေကာမူ သူကတော့ ကုသိုလ်ရမည် မဟုတ်ပါ။ကောင်းစေလိုသော စေတနာမပါဘဲပြောသည့် ပရိယာယ်စကားသက်သက်ဖြစ်သောကြောင့် အကုသိုလ်သာ ရရှိမှာပါ။စေတနာအစစ်အမှန်မပါဘဲ ဟန်ဆောင်ကြွားဝါပြောသူဖြစ်၍ သူ့မူလအကျင့်စရိုက်က တစ်ချိန်မဟုတ် တစ်ချိန် ဘွားဘွားကြီးပေါ်လာမှာပါ။

စာတတ် စကားတတ်ပြီး အသိမရှိသောသူမျိုး ဘုရားရှင်လက်ထက်က ရှိခဲ့ဖူးပါသည်။ဘုရားရှင်ပွင့်တော်မူစဉ်ကဖြစ်သည်။

ဥပနန္ဒမထေရ်သည် ဘုရားရှင် သာသနာအောက်မှာရှိသော ရဟန်းတစ်ပါးဖြစ်သည်။
ဥပနန္ဒမထေရ်သည် အဟောအပြောကောင်းသည်။ရဟန်းရှင်လူတို့က ကြည်ညိုကြသည်။တရားဟောသောအခါမှာလည်း အလိုနည်းခြင်းနှင့်ပတ်သက်သော တရားကိုသာ ဟောလေ့ရှိသည်။သူ့တရားကို နာပြီးသော တချို့ရဟန်းများသည် ပစ္စည်းဥစ္စာကို မက်မောသော လောဘစိတ်ကို ပယ်သတ်နိုင်ကြသည်။သူတို့ရရှိသော လှူဖွယ်ပစ္စည်းများကိုလည်း အခြားရဟန်းများကို လှူဒါန်းပူဇော်ကြသည်။လိုချင်တပ်မက်မှု လောဘစိတ်ကို အတတ်နိုင်ဆုံး ပယ်သတ်ကာ ဓုတင်အကျင့်များကို ကျင့်ကြံအားထုတ်ကြသည်။

ဥပနန္ဒမထေရ်သည် အခြားသူများကို တရားဟောရာ၌ အောင်မြင်သူဟု ဆိုရပေမည်။သူ့အဟော သူ့အပြောများကို နာယူမှတ်သားကာ ကျင့်ကြံအားထုတ်ကြသောကြောင့် ထိုသူတို့သည် လောဘကို သတ်နိုင်လာကြသည်။ခြိုးခြံတတ်လာသည်။သည်းခံတတ်လာသည်။အမှန်တကယ် တရားရလာကြသည်။အံ့ဩစရာကောင်းသည်က မထေရ်သည် သူ့တရားကိုတော့ သူကိုယ်တိုင် သဘောမပေါက်သူဟု ဆိုရမည်။အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က သူဟောသော တရားနှင့်အညီ မကျင့်ကြံခဲ့ပေ။လောဘကိုလည်း လုံးဝမပယ်သတ်နိုင်ခဲ့ပေ။တစ်ဖက်က လောဘသတ်တရား ဟောနေသော်လည်း တစ်ဖက်မှာတော့ သူကိုယ်တိုင်က လောဘကို လုံးဝမပယ်သတ်ခဲ့ပေ။အခြားဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ လှူဒါန်းပေးကမ်းခြင်းမရှိဘဲ သူများလှူဒါန်းပေးကမ်းမှုကိုသာ မျှော်လင့်နေသူဖြစ်သည်။အချိန်ရှိသမျှ ပရိက္ခရာအသုံးအဆောင်များကိုပဲ စုဆောင်းလျက်ရှိသည်။လှူဖွယ်ပစ္စည်းကို မက်မောလွန်းသဖြင့် တောရွာဇနပုဒ်ကျာင်းများသို့ သွားသည်။ထို့နောက် တစ်ကျောင်းတွင် သူ့ဖိနပ်ကို ထားခဲ့သည်။အခြားတစ်ကျောင်းတွင် သူ့တောင်ဝှေးကို ထားခဲ့သည်။နောက်တစ်ကျောင်းတွင် သူ့ရေဘူးကို ထားခဲ့သည်။နောက်ဆုံးကျောင်းတွင်မှ သူကိုယ်တိုင် ဝါကပ် သီတင်းသုံးသည်။

သူ့ပစ္စည်းအသုံးအဆောင်များကို အခြားကျောင်းများတွင် တစ်ကျောင်းစီ ထားခဲ့ခြင်းမှာ ထိုကျောင်းများတွင် သူကိုယ်တိုင်သီတင်းသုံးနေသည့်သဘောမျိုး သက်ရောက်ရန်ဖြစ်ပြီး ထိုကျောင်းမှ သူ့အတွက် ဝေစုအဖြစ် အလှူဝတ္ထုပစ္စည်းများ ရရှိရန်ဖြစ်သည်။
သူ့လိုချင်တပ်မက်မှုလောဘက တရားသည်၊ မတရားသည်ကိုပင် ဆင်ခြင်နိုင်စွမ်းမရှိခဲ့ပေ။

တစ်နေ့တွင် သူနှင့်အတူ တစ်ကျောင်းတည်းနေ ရဟန်းငယ်နှစ်ပါးက သူတို့ရရှိသည့် သင်္ကန်းနှစ်ထည်နှင့် တန်ဖိုးကြီး ကမ္ဗလာတစ်ထည်ကို အဝေမတည့်ဖြစ်နေသည်။နောက်ဆုံးတွင် နှစ်ဦးသား သဘောတူညီမှုယူကာ မထေရ်ကြီးဖြစ်သော သူ့ကို လေးစားအားကိုးသမှုနှင့် သူတို့ပစ္စည်းများကို ညီညီမျှမျှ ခွဲဝေပေးပါရန် လျှောက်ထားလာကြသည်။ထိုအခါ သူက ဝမ်းသာအားရဖြင့် ရဟန်းငယ်တို့ကို သင်္ကန်းတစ်ထည်စီ ဝေငှပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း ခွဲဝေပေးခဆိုကာ တန်ဖိုးကြီး ကမ္ဗလာထည်ကို ယူလိုက်သည်။

ရဟန်းငယ်တို့သည် များစွာ မကျေမနပ်ဖြစ်သော်လည်း သူ့ကိုပြန်မပြောရဲသောကြောင့် ဘုရားရှင်ထံသွားပြီး အမှန်အတိုင်း လျှောက်ထားကြသည်။ဘုရားရှင်က သူတို့သုံးပါးသည် အတိတ်ဘဝတစ်ခုမှာလည်း အလားတူပြဿနာဖြစ်ဖူးခဲ့သည်ဆိုကာ အတိတ်ဘဝဇာတ်ကြောင်းကို ပြန်ပြောပြသည်။

အတိတ်ဘဝတစ်ခု၌ ဥပနန္ဒထေရ်သည် မြေခွေးဖြစ်ခဲ့ဖူးသည်။ရေတိမ်ရာ၌ ကျက်စားသူ အနုတီရစာရီဖျံနှင့် ရေနက်ရာ၌ ကျက်စားသော ဂမ္ဘီရစာရီဖျံတို့သည် တစ်နေ့တွင် ငါးကြင်းကြီးတစ်ကောင်ရလာရာ ဖျံတစ်ကောင်က ခေါင်းပိုင်းယူချင်ပြီး အမြီးပိုင်းမယူချင်ပေ။နောက်ဖျံတစ်ကောင်ကလည်း ခေါင်းပိုင်းပဲ လိုချင်သည်။နှစ်ကောင်သား အဝေမတည့်ဘဲ အငြင်းအခုံဖြစ်နေရာမှ မြေခွေးကိုတွေ့ပြီး သူတို့ကို မျှမျှတတ ခွဲဝေပေးရန် တောင်းပန်သည်။ထိုအခါ မြေခွေးက ရေတိမ်မှာ ကျက်စားသော ဖျံကို အမြီးပိုင်းပေး၍ ရေနက်မှာ ကျက်စားသော ဖျံကို ခေါင်းပိုင်းပေးသည်။သူကတော့ တရားဆုံးဖြတ်ပေးရသည့် အဖိုးအခဟုဆိုကာ အလယ်သားကို ယူလိုက်သည်။ထိုအချိန်ကလည်း ဖျံနှစ်ကောင်က မတရားဆုံးဖြတ်လိုက်သည့် သူ့အပေါ် မကျေမနပ်နှင့် ကျန်ခဲ့ရသည်။

ထိုဖျံနှစ်ကောင်သည် ရဟန်းငယ်နှစ်ပါးဖြစ်၍ မြေခွေးသည် ဥပနန္ဒထေရ်ဖြစ်ကြောင်း ဇာတ်ပေါင်းလိုက်သည်။

ဘုရားရှင်က အတိတ်ကိုဆောင်ပြီးနောက် အောက်ပါဒေသနာကို ဟောကြားလိုက်ရာ ရဟန်းငယ်နှစ်ပါးသည် သောတာပန်အရိယာများ ဖြစ်သွားလေသည်။

“ရှေးဦးစွာ မိမိကိုယ်တိုင်သာလျှင် ကောင်းအောင် ကျင့်ရာ၏။မိမိကောင်းအောင်ကျင့်ပြီးမှ သူတစ်ပါးကို ဆုံးမရာ၏။ထိုသို့ကျင့်သူ ပညာရှိသည် သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းဘေးမှ လွတ်ပြီး စိတ်ညစ်နွမ်းပင်ပန်းမှု မဖြစ်တော့ပေ။”

ကိုယ်ပြောသော စကားသည် ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်က တန်ဖိုးရှိကြောင်း မသိနားမလည်သည့်အတွက် ဘာအကျိုးကျေးဇူးမှ မခံစားရပေ။အကယ်၍ သူ့အပြောများကို သဘောကျ အထင်ကြီးကာ သူ့ကို ဆရာတင်မိလျှင် သူ့လိုပဲ အပြောတစ်မျိုး အလုပ်တစ်မျိုးလူတွေ ထပ်ပွားလာမှာပင်စိုးရိမ်စရာဖြစ်သည်။

ဘုရားရှင် ဟောထားသော ဓမ္မပဒဒေသနာလေးနှင့် အဆုံးသတ်ချင်ပါသည်။

“ဟင်းမွှေသော ယောက်မသည် ကာလကြာမြင့်စွာ ဟင်းကိုမွှေသော်လည်း အပေါ့၊ အငန်၊ အဖန်၊ အခါး စသော ဟင်း၏အရသာကို မသိသကဲ့သို့ လူမိုက်သည် အသက်ရှည်သမျှကာလပတ်လုံး ပညာရှိနှင့် အတူနေ၍ ဆည်းကပ်ငြားသော်လည်း သူတော်ကောင်းတရားကို မသိပေ။”

ရိုက်မောင်း