【 ဆောင်းပါး 】 ကမ္ဘာစောင့် တရား

【 ဆောင်းပါး 】 ကမ္ဘာစောင့် တရား

ဘုရားရှင် ပွင့်တော်မူစဥ်ကဖြစ်သည်။
 
ဘုရားရှင်၏ ရဟန်းများထဲတွင် ဇနီးမယားသေသဖြင့် သင်္ကန်းဝတ်ခဲ့သော ရဟန်းတစ်ပါးရှိသည်။သူသည် လူ့ဘဝမှာ အဝတ်အစားများများ ဝတ်ဆင်ခဲ့သည့်အတိုင်း ရဟန်းဘဝမှာလည်း နေ့ဝတ်ရန်၊ ညဝတ်ရန် ခွဲခြားကာ သင်္ကန်းများစွာထားသည်။
 
ထိုကိစ္စနှင့်ပတ်သက်၍ ဘုရားရှင်က ဆုံးမသောအခါ သူက ဘုရားရှင်ကို အရွဲ့တိုက်၍ ပရိသတ်အလယ်တွင် အပေါ်ဝတ် သင်္ကန်းဧကသီကိုချွတ်၊ မတ်တပ်ရပ်ပြီး ဒီအတိုင်းနေတော့မည်ဟု ပြော၏။
 
ဘုရားရှင်က သင်သည် ရှေးအခါ ရေအိုင်စောင့်ဘီလူးဖြစ်စဥ်က ဒေဝဓမ္မဖြစ်သည့်အရှက်အကြောက် တရားနှစ်ပါးကို ဆယ့်နှစ်နှစ် တိုင်တိုင် ရှာဖွေခဲ့ပါလျက် ယခုရဟန်းဖြစ်ခါမှ မည်သည့်အတွက် အရှက်အကြောက်ကင်းမဲ့ရသနည်းဟု မေးပြီး ဇာတ်ကြောင်းပြန်ပြောပြသည်။
 
ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်ကြီးသည် မဟိံသနှင့် စန္ဒကုမာရ သားတော်နှစ်ပါး မွေးဖွားပြီး နှစ်များ မကြာမီနတ်ရွာစံသည်။ lမင်းကြီးလည်း မိဖုရားတစ်ပါး ထပ်ယူပြီးနောက် ထိုမိဖုရားက သားတစ်ယောက်မွေးရာ သူရိယဟု အမည်ပေးသည်။
 
မင်းကြီးသည် မိဖုရားအား လိုသည့်ဆုကို တောင်းရန်ခွင့်ပြုရာ မိဖုရားက နောင်မှ တောင်းမည်ဟုပြောသည်။သူရိယ အရွယ်ရောက်လာသောအခါ သူရိယကို ထီးနန်းလွှဲပေးရန် မိဖုရားက တောင်းဆိုသည်။မင်းကြီးက သားအကြီးနှစ်ယောက်ရှိသေးကြောင်း ပြောသည်။မိဖုရားက မလျှော့ဘဲ အခွင့်သာတိုင်းပြောသဖြင့် မင်းကြီးက သားတော်ကြီးနှစ်ပါးအတွက် အန္တရာယ်တစ်ခုခုဖြစ်မှာကို ပူပန်လာသည်။
 
ထို့ကြောင့် သားတော်ကြီးနှစ်ပါးကို တောထဲမှာသွားနေကြရန်ပြောသည်။သားတော်ကြီး နှစ်ယောက် တောထဲသွားရန် နန်းတော်ထဲမှ ထွက်လာသောအခါ သူရိယမင်းသားကတွေ့ပြီး အကျိုး အကြောင်းမေး၍ သူပါလိုက်မည်ဆိုကာ ဇွတ်အတင်းလိုက်သဖြင့် ခေါ်ခဲ့ရသည်။ 
 
တောထဲသို့ရောက်သောအခါ ညီအကိုတွေ အတော်လေးခရီးပန်းလာကြသည်။သူရိယ မင်းသားက ရေသွားရှာမည်ဆိုပြီး ထွက်လာသည်။မနီးမဝေးမှာပင် ရေအိုင်တွေ့၍ ဝမ်းသာအားရ ရေကန်ထဲဆင်းသည်။ရေစောင့်ဘီလူးက မင်းသားကို ဒေဝဓမ္မတရား သိ၊ မသိ မေးသည်။
 
သူရိယက နေနှင့် လဟု ပြန်ဖြေသည်။အဖြေ မှားသည်ဆိုကာ အဖမ်းခံရသည်။သူရိယ ပြန်မလာသေးသဖြင့် စန္ဒကုမာရက လိုက်လာပြီးရေအိုင်ကိုတွေ့၍ ရေအိုင်ထဲဆင်းမိသည်နှင့် ဘီလူးက ဒေဝဓမ္မတရားကို မေးပြန်သည်။မင်းသားက အရပ်လေးမျက်နှာဟု ဖြေသည်။အဖြေမှားသည်ဆိုကာ အဖမ်းခံရပြန်သည်။
 
ညီနှစ်ယောက် ပြန်မလာ၍ မဟိံသကိုယ်တိုင် လာသည်။ရေအိုင်ကိုရောက်၍ ရေစပ်ရှိ ရွှံ့ညွန်ပေါ်တွင် ညီငယ်တို့၏ဆင်းသည့် ခြေရာကိုသာတွေ့ပြီး ပြန်တက်သည့်ခြေရာ မတွေ့ရသဖြင့် ရေအိုင်စောင့်ဘီလူး ဖမ်းထားမည်ဟု တွေးမိသည်။သူက ရေထဲမဆင်းဘဲရပ်နေ၍ ဘီလူးက တောလိုက်မုဆိုးအသွင်နှင့် သူ့ရှေ့ရောက်လာပြီး သူ့ကို ရေအိုင်ထဲဆင်းရန် တိုက်တွန်းလေ၏။
 
သူက အသင် ရေအိုင်စောင့်ဘီလူးမဟုတ်လား ညီနှစ်ယောက်ကို ဖမ်းထားသည်မဟုတ်လား မေးတော့ ဘီလူးက ဝန်ခံသည်။ဝေဿဝဏ်နတ်မင်းကြီးက ရေအိုင်ထဲ ရဆင်းသူတွေကို ဒေဝဓမ္မတရားသိ၊ မသိမေးပြီး မသိသူကို ဖမ်းစားခွင့်ပြုထားကြောင်း ရှင်းပြသည်။
 
မဟိံသက ဒေဝဓမ္မတရားသည် အရှက်၊ အကြောက် တရားနှစ်ပါးကို ဆိုလိုကြောင်းဖြေသည်။တစ်ဆက်ထဲမှာ အရှက် အကြောက်နှင့်ပတ်သက်၍ မဟုတ်မတရားလုပ်ရမှာကို ရှက်ရ၊ ကြောက်ရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းပြလိုက်သည်။
 
ထိုအခါ ရေစောင့်ဘီလူးက မဟိံသကို လေးစားသွားပြီး ညီနှစ်ယောက်အနက် တစ်ယောက်ကို ပြန်ပေးမည်ဖြစ်၍ ဘယ်သူ့ကိုယူမလဲ မေးတော့ အငယ်ဆုံး သူရိယကို ယူမည်ဟု ပြန်ပြော၏။ညီနှစ်ယောက်ရှိသည့်အနက် အငယ်ဆုံးကိုညရွေးသည့်အကြောင်း ဘီလူးကမေးတော့ အငယ်ဆုံးကြောင့် တောထဲရောက်လာရသည့်အကြောင်းရှင်းပြပြီး နန်းတော်သို့အပြန်မှာ အငယ်ဆုံး သူရိယ မပါလျှင် အများကအပြစ်တင်လိမ့်မည်ဟု ရှင်းပြသည်။
 
ဘီလူးက နှစ်ယောက်လုံးကို ပြန်လွှတ်ပေးလိုက်သည်။
 
သို့နှင့် ညီအကိုသုံးယောက်သည် တောတွင်းမှာ အေးချမ်းစွာ နေထိုင်ကြသည်။ဖခင် ဘုရင်ကြီး နတ်ရွာစံသောအခါ နန်းတော်ကိုပြန်၍ မဟိံသကဘုရင်၊ စန္ဒကုမာရက အိမ်ရှေ့စံမင်းသား၊ သူရိယက စစ်သူကြီး အသီးသီးဖြစ်လာသည်။
 
ရေအိုင်စောင့်ဘီလူးကိုလည်း နတ်ကွန်းဆောက်လုပ်ကာ ကျွေးမွေးစောင့်ရှောက်ထား သည်။
 
ဒေဝဓမ္မသည် လောကပါလတရားဖြစ်သည်။လောကပါလတရားသည် ကမ္ဘာစောင့်တရား ပင်ဖြစ်သည်။ကမ္ဘာစောင့်တရားဆိုသည့်အတိုင်း လူသားတို့နေထိုင်ရာ ကမ္ဘာလောကကြီး အဓွန့် ရှည် တည်တံ့ရန်၊ ငြိမ်းချမ်းသာယာစေရန် စောင့်ရှောက်သော တရားဖြစ်သည်။
 
ကမ္ဘာလောကကြီးကို စောင့်ရှောက်သော တရားနှစ်ပါးမှာ (ဟီရိ) မကောင်းမှုဒုစရိုက်ပြုလုပ်ရမှာ ရှက်ခြင်းနှင့် (သြတ္တပ္ပ) မကောင်းမှုဒုစရိုက်ပြုလုပ်ရမှာ ကြောက်ခြင်းဖြစ်သည်။
 
မကောင်းမှုဒုစရိုက်မှုတွေ များပြားသော်လည်း အဓိကမှာ သူများဥစ္စာခိုးယူခြင်း၊ သူများအသက် သတ်ဖြတ်ခြင်း၊ သူများအိမ်ရာ ပြစ်မှားကျူးလွန်ခြင်း၊ သူများသိက္ခာကျအောင် အထင်လွဲအောင် ဒုက္ခရောက်အောင် လိမ်လည်ပြောဆိုခြင်း ကုန်းတိုက်စကားပြောဆိုခြင်း ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခြင်းတို့ဖြစ်သည်။
 
ထိုမကောင်းမှုဒုစရိုက်တွေကို မကျူးလွန်ခြင်းဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြစ်မမြင်၊ အပြစ်မတင်တော့ဘဲ မေတ္တာတရားထားကာချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် နေကြရမည်။
 
ကိုယ့်ထက် ငယ်ရွယ်သူ နိမ့်ကျသူများအပေါ်မှာဝန်တိုငြိုငြင်ခြင်းမရှိဘဲ သနားကြင်နာစိတ်ရှိကြမည်။ကိုယ့်ထက် အသက်ကြီးသူ ဂုဏ်သိက္ခာ မြင့်မားသူများအပေါ် မနာလိုစိတ်မထားဘဲ မုဒိတာစိတ်ထားကြမည်။
 
ထိုအခါ ဘယ်သူ့ ဘယ်သူမှ မတရားစိတ်မရှိတော့ဘဲ ကိုယ်ချင်းစာငဲ့ညှာစိတ်များသာရှိသဖြင့် အားလုံး ကိုယ်ကျင့်တရား ဖြူဖြူစင်စင်နှင့် ဆက်ဆံပြီး ကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ့်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာလောကကြီးအန္တရာယ်ကင်း ဘေးရှင်းစွာ တိုးတက်သည်ထက် တိုးတက်လာမည်ဖြစ်သည်။
 
ဆန့်ကျင်ဘက်အနေနှင့် ကမ္ဘာလောကကြီးကိုဖျက်ဆီးသော တရားနှစ်ပါးမှာ (အဟိရိက) မကောင်းမှုဒုစရိုက်ပြုလုပ်ရမှာ မရှက်ခြင်းနှင့် (အနောတ္တပ္ပ) မကောင်းမှုဒုစရိုက် ပြုလုပ်ရမှာ မကြောက်ခြင်းဖြစ်သည်။
 
ကိုယ့်သိက္ခာ သူ့သိက္ခာ၊ ကိုယ့်အကျိုး သူ့အကျိုး၊ ကိုယ့်ဘဝ သူ့ဘဝကို မငဲ့ညှာမစာနာဘဲ တစ်ကိုယ်ကောင်းစိတ်သာ ထားမိသောအခါ ကိုယ့်ကိုယ်ကိုရော၊ အခြားသူများအပေါ်မှာရော မရှက်တတ်တော့ပေ။
 
အရှက်တရားမရှိသည့်အတွက် ပတ်ဝန်းကျင်ကို မစောင့်ရှောက်ရုံမက ကိုယ့်ပတ်ဝန်းကျင်ကိုတောင် မထီမဲ့မြင် ပြုလာသည်။
 
မတရားမှု ဒုစရိုက်တွေလုပ်ရမှာကို မကြောက်တတ်သောအခါ ကိုယ့်ပတ်ဝန်းကျင်အပေါ် အကြမ်းဖက်မှုတွေပြုလာသည်။
 
တချို့က မရှက်သင့် မကြောက်သင့်တာကို ရှက်တတ် ကြောက်တတ်ပြီး၊ ရှက်သင့် ကြောက် သင့်တာကိုတော့ မရှက်ကြ မကြောက်ကြပေ။
ကိုယ့်မှာ ပိုက်ဆံမရှိတာကို ရှက်ကြောက်နေသည်။သူများပိုက်ဆံ ခိုးယူ လုယူ မတရားယူရမှာကိုတော့ မရှက်ကြ မကြောက်ကြပေ။
 
 
ကိုယ်က အမှားလုပ်ပြီး ဝန်ခံရမှာကို ရှက်ကြ ကြောက်ကြသည်။အမှားမလုပ်ထားသောသူများကို မတရားစွပ်စွဲ ချောက်ချကာ လိမ်ညာပြောဆိုရမှာကိုတော့ မရှက်ကြ မကြောက်ကြပေ။
 
ထိုသို့ အရှက် အကြောက်မရှိဘဲ မတရားကျူးလွန်မှုတွေများလာသောအခါ တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုမရှိကြတော့ပါ။ကိုယ်ဦး ကိုယ်ခိုး၊ သူဦး သူခိုး၊ ကိုယ်ဦး ကိုယ်သတ်၊ သူဦး သူသတ်နှင့် တစ်လောကလုံး သူခိုးဓားပြတွေ၊ လူသတ်သမားတွေများလာပြီး ငြိမ်းချမ်းသာယာရမည့် ကမ္ဘာလောကကြီးသည် ဆူပူအကြမ်းဖက်မှုတွေအပြည့်နှင့် မငြိမ်းချမ်း မသာယာနိုင်တော့ပါ။
 
အရှက်အကြောက်ရှိသူတွေက ကမ္ဘာလောကကိုစောင့်ရှောက်နေကြချိန်မှာ အရှက်အကြောက်မရှိသူတွေက ကမ္ဘာလောကကို ဖျက်ဆီးနေကြလိမ့်မည်။
 
ကမ္ဘာလောကမှာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူများအနေနှင့် လောကလူသားတွေအားလုံး အရှက်အကြောက်ရှိပါစေဟု ဆုတောင်းရုံမှအပ အခြားမရှိတော့ပြီ။
 
ရိုက်မောင်း