【 နည်းပညာ 】 Starlink ဂြိုဟ်တု အင်တာနက်ကို ရုရှားတပ်တွေ ကြားဖြတ်အသုံးပြုနေတယ်လို့ ယူကရိန်းစစ်တပ် စွပ်စွဲ

【 နည်းပညာ 】 Starlink ဂြိုဟ်တု အင်တာနက်ကို ရုရှားတပ်တွေ ကြားဖြတ်အသုံးပြုနေတယ်လို့ ယူကရိန်းစစ်တပ် စွပ်စွဲ

ကိယက်ဗ်၊ ဖေဖော်ဝါရီ - ၁၇

အမေရိကန်ဘီလျံနာ အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုတွေ ထုတ်လွှင့်တဲ့ အင်တာနက်ကွန်ရက်ကို ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်တွေက ကြားဖြတ်အသုံးပြုနေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ သိမ်းပိုက်ခံ ဒွန်တက်စ်ခ်ဒေသတွင် ရုရှားတပ်တွေဟာ Starlink ဂြိုဟ်တု အင်တာနက်ကို ကြားဖြတ်အသုံးပြုပြီး ဖွဲ့စည်းပုံတွေ စနစ်တကျဖြစ်လာနေတယ်လို့ တနင်္ဂနွေနေ့တွင် တယ်လီဂရမ်လူမှုကွန်ရက်၌ ယူကရိန်းစစ်ထောက်လှမ်းရေးယူနစ်က ပြောကြားခဲ့ပါတယ်။

“ဒွန်တက်စ်ခ်ဒေသမှာ Starlink terminal တွေကို ရုရှားယူနစ်တွေရဲ့ ရေဒီယိုကြားဖြတ်အသုံးပြုမှုကို အတည်ပြုနိုင်ခဲ့တယ်” လို့ ယူကရိန်းစစ်ထောက်လှမ်းရေးယူနစ်က ဆိုပါတယ်။

“ဟုတ်ပါတယ်၊ ရုရှားကျူးကျော်သူတွေက အဆင့်မြင့်နည်းပညာနဲ့ ကိရိယာတွေ အသုံးပြုပြီး ကြားဖြတ်အသုံးပြုနေတာကို မှတ်တမ်းတင်နိုင်ခဲ့တယ်၊ ဒါက စနစ်ကျတဲ့ ဖွဲ့စည်းပုံကို စတင်လိုက်တာ” လို့လည်း ၎င်းယူနစ် အရာရှိဖြစ်သူ အော်ဒရီ ယူဆော့ဗ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက SpaceX ဟာ ရုရှားထံသို့ Starlink terminal တွေ ရောင်းချနေတယ်လို့ သတင်းတွေအများအပြား ထွက်ပေါ်ခဲ့ပြီး၊ SpaceX CEO ဖြစ်သူ အီလွန်မက်စ်ကတော့ “SpaceX က ရုရှားသို့ Starlink terminal တွေ ရောင်းချတဲ့ သတင်းတွေဟာ လုံးဝမှန်ကန်မှုမရှိဘဲ၊ Starlink တွေကို ရုရှားသို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်း မပြုခဲ့ဘူး” လို့ X လူမှုကွန်ရက် (ယခင် Twitter) တွင် တနင်္ဂနွေနေ့က ပို့စ်တင် ငြင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း “Starlink ကို ရုရှားမှာ အသိအမှတ်ပြုမထားတဲ့အတွက် တရားဝင် မထောက်ပံ့ပေးနိုင်သလို၊ ဘယ်လိုနည်းနဲ့မှ သုံးလို့ မရနိုင်ဘူး” လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘီလျံနာ အီလွန်မက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတပ်တွေ ယူကရိန်းကို အလုံးစုံကျူးကျော်လာပြီးနောက် ယူကရိန်းပြည်သူတွေ အင်တာနက်ကွန်ရက် ရရှိစေဖို့အတွက် Starlink terminal ထောင်ပေါင်းများစွာကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

Damien
Ref - arstechnica