【 နည်းပညာ 】 OpenAI က ဉာဏ်ရည်တု (AI) မော်ဒယ်လ်သစ်ကို မိတ်ဆက်

【 နည်းပညာ 】 OpenAI က ဉာဏ်ရည်တု (AI) မော်ဒယ်လ်သစ်ကို မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ - ၂၁

ChatGPT ဉာဏ်ရည်တု (AI) မော်ဒယ်လ်နဲ့အတူ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ OpenAI မှ ဉာဏ်ရည်တု (AI) မော်ဒယ်လ်သစ်တစ်ခုကို မိတ်ဆက်လိုက်တယ်လို့ CMG သတင်းဌာန ဖော်ပြမှုအရ သိရပါတယ်။

Microsoft ကျောထောက်နောက်ခံပြု OpenAI က ၎င်းအနေနဲ့ စာသားဖြင့် ညွှန်ကြားမှုကနေ တစ်မိနစ်စာ ဗီဒီယိုအတိုလေးတွေ ဖန်တီးပေးနိုင်မယ့် ဉာဏ်ရည်တု (AI) မော်ဒယ်လ်သစ်တစ်ခုကို တီထွင်ဖန်တီးလျက်ရှိတယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကြာသပတေးနေ့က မိတ်ဆက်ကြေငြာခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူတွေ၊ ဒီဇိုင်နာတွေနဲ့ ဗီဒီယိုအထူးပြုလုပ်ချက် ဖန်တီးသူတွေအတွက် Sora လို့ အမည်ပေးထားတဲ့ AI မော်ဒယ်လ်သစ်ကို တီထွင်ဖန်တီးနေတယ်လို့ ၎င်းကုမ္ပဏီက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

OpenAI က ထုတ်ပြန်ချက်အတွင်း “Sora ဟာ ဇာတ်ကောင်များစွာကို တိကျတဲ့ လှုပ်ရှားမှုတွေ၊ အကြောင်းအရာတွေ၊ အသေးစိတ်အချက်အလက်တွေနဲ့ မြင်ကွင်းတွေကို ဖန်တီးနိုင်မှာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ဗီဒီယိုတစ်ခုကို ရုပ်ကဒ်များ စုံလင်စွာနဲ့ ဖန်တီးနိုင်မှာဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

Sora ဉာဏ်ရည်တု (AI) ဟာ စာသားနဲ့ ညွှန်ကြားမှုတွေကတစ်ဆင့် ဗီဒီယိုတွေကို ထုတ်လုပ်ခြင်းအပြင်၊ ရုပ်ငြိမ်ပုံတွေကိုလည်း လှုပ်ရှားသက်ဝင်တဲ့ ဗီဒီယိုတွေအဖြစ် ဖန်တီးပေးနိုင်မှာလည်းဖြစ်ပါတယ်။

OpenAI အပြင် ကမ္ဘာကျော်လူမှုကွန်ရက်ကုမ္ပဏီကြီး Meta Platforms ကလည်း ၎င်းရဲ့ Emu ဉာဏ်ရည်တု (AI) ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး စာသားညွှန်ကြားမှုကနေ ဗီဒီယိုတွေ ထုတ်လုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Microsoft ၊ Alphabet ရဲ့ Google ၊ Amazon နဲ့ Meta Platforms တို့လို ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတွေဟာ ဉာဏ်ရည်တု (AI) မော်ဒယ်လ်သစ်တွေကို အပြိုင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

Damien
Ref - CMG