【 နည်းပညာ 】 အသံထက်မြန်သော ဒုံးကျည်များကို ထောက်လှမ်းနိုင်မည့် ဆော့ဝဲလ်တစ်ခုကို AI ကုမ္ပဏီ တီထွင်မည်

【 နည်းပညာ 】 အသံထက်မြန်သော ဒုံးကျည်များကို ထောက်လှမ်းနိုင်မည့် ဆော့ဝဲလ်တစ်ခုကို AI ကုမ္ပဏီ တီထွင်မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂၄

အာကာသထဲကနေတစ်ဆင့် အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ထောက်လှမ်းနိုင်မယ့် ဆော့ဖ်ဝဲလ်တစ်ခုကို တီထွင်နိုင်ဖို့အတွက် အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ကယ်လီဖိုးနီးယားအခြေစိုက် AI ကုမ္ပဏီတစ်ခုကို ရွေးချယ်ခဲ့တယ်လို့ spacenews သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

EpiSci ဉာဏ်ရည်တု (AI) ကုမ္ပဏီက အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ထောက်လှမ်းနိုင်မယ့် ဆော့ဖ်ဝဲလ်ကို တီထွင်သွားမှာဖြစ်ပါတယ်။

အသံထက်မြန်တဲ့ Hypersonic ဒုံးကျည်တွေဟာ အသံအမြန်နှုန်းထက် ငါးဆဖြစ်တဲ့ အနည်းဆုံး Mach 5 အမြန်နှုန်းနဲ့ သွားလာနိုင်ပြီး၊ လက်ရှိလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။အမေရိကန်အာကာသတပ်ဖွဲ့အတွင်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဟာ အဆင့်မြင့် ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့မြေနိမ့်ပိုင်းမှာ ဂြိုဟ်တုကွန်ရက်ကို တည်ဆောက်လျက်ရှိပါတယ်။

ဂြိုဟ်တုကွန်ရက်အတွက် အစိတ်အပိုင်းအဖြစ် ဂြိုဟ်တု အလုံး ၁၀၀ ခန့်ကို အသုံးပြုနိုင်ရန် ခန့်မှန်းထားပြီးနောက် ပတ်လမ်းအတွင်း ဂြိုဟ်တုများထားရှိခြင်းအပြင် အာရုံခံကိရိယာတွေကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိပ်ဖြာဖို့နဲ့ လေထုထဲက များစွာသော အရာဝတ္ထုတွေကို ပစ်မှတ်ထား ခွဲခြားသတ်မှတ်နိုင်ဖို့အတွက် အဆင့်မြင့် ဆော့ဖ်ဝဲလ်တစ်ခု လိုအပ်မှာဖြစ်ပါတယ်။ထို့အတွက် အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဟာ EpiSci ဉာဏ်ရည်တု (AI) ကုမ္ပဏီကို ဆော့ဖ်ဝဲလ် တီထွင်ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

EpiSci ကုမ္ပဏီဟာ ၂ နှစ်စာအတွက် အေဂျင်စီထံမှ ကန်ဒေါ်လာ ၁.၆ သန်းရရှိပြီး၊ လုပ်ငန်းပြီးမြောက် အောင်မြင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ကုမ္ပဏီဟာ ၎င်းရဲ့ AI နဲ့ မောင်းနှင်ထားတဲ့ ဆော့ဖ်ဝဲလ်ကို ဂြိုဟ်တုအာရုံခံကိရိယာတွေက ထောက်လှမ်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိပ်ဖြာပြီး ဆက်လက်စမ်းသပ်သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ လျင်မြန်စွာ ပျံသန်းနေတဲ့ အရာဝတ္ထုတွေကို ထောက်လှမ်းနိုင်ဖို့ကတော့ EpiSci ကုမ္ပဏီအတွက် စိန်ခေါ်မှုကြီးဖြစ်နေသေးပြီး၊ ခြေရာခံခြင်းဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေသေးတဲ့အတွက် EpiSci ဟာ ကာကွယ်ရေးကန်ထရိုက်တာ Raytheon Technologies နဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Damien
Ref - spacenews