【 နည်းပညာ 】 မျိုးသုဉ်းသွားပြီဖြစ်တဲ့ ဧရာမမြစ်လင်းပိုင်ကြီးရဲ့ ရုပ်ကြွင်းကို အမေဇုန်ဒေသတွင် တွေ့ရှိခဲ့

【 နည်းပညာ 】 မျိုးသုဉ်းသွားပြီဖြစ်တဲ့ ဧရာမမြစ်လင်းပိုင်ကြီးရဲ့ ရုပ်ကြွင်းကို အမေဇုန်ဒေသတွင် တွေ့ရှိခဲ့

ဇူးရစ်၊ မတ် - ၂၅

အမေဇုန်ဒေသအတွင်း ဧရာမမြစ်လင်းပိုင်ကြီးရဲ့ ရုပ်ကြွင်းကို နိုင်ငံတကာသုတေသီအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဇူးရစ်တက္ကသိုလ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ယခုတွေ့ရှိခဲ့တဲ့ လင်းပိုင်ရုပ်ကြွင်းဟာ တွေ့ရှိခဲ့သမျှထဲ အကြီးမားဆုံး လင်းပိုင်မျိုးစိတ်ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

သုတေသီတွေကတော့ အမေဇုန်ဒေသအတွင်း တွေ့ရှိခဲ့တဲ့ ဧရာမမြစ်လင်းပိုင်ကြီးရဲ့ ရုပ်ကြွင်းကို နှစ်ပေါင်း ၁၆ သန်းခန့် သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အသစ်ရှာဖွေတွေ့ရှိခဲ့တဲ့ ဧရာမမြစ်လင်းပိုင်မျိုးစိတ်ကို Pebanista yacuruna လို့ အမည်ပေးခဲ့ပြီး၊ အမေဇုန်မြစ်ဝှမ်းအတွင်း ရှင်သန်နေထိုင်ကျက်စားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

“တောင်အမေရိကမှာ ဆယ်စုနှစ် နှစ်ခုစာလောက် ကျွန်တော်တို့ ရုပ်ကြွင်းရှာဖွေမှုတွေ လေ့လာမှုတွေ ပြုလုပ်ခဲ့တယ်၊ ဒေသတွင်းမှာ ကျွန်တော်တို့ ကြီးမားတဲ့ ရုပ်ကြွင်းတွေကို အကြိမ်ကြိမ်ရှာဖွေတွေ့ရှိခဲ့ပေမယ့်၊ ဒီလင်းပိုင်ရုပ်ကြွင်းကတော့ ပထမဆုံး ရှာဖွေတွေ့ရှိမှုပါ” လို့ ဇူးရစ်တက္ကသိုလ်မှ ဇီဝရုပ်ဗေဒဌာန ဒါရိုက်တာ Marcelo Sanchez-Villagra က ပြောကြားခဲ့ပါတယ်။

ပီရူးနိုင်ငံရဲ့ အမေဇုန်ဒေသမှာ ဧရာမမြစ်လင်းပိုင်ကြီးရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ သုတေသီတွေ တိုင်းတာကြည့်တဲ့အခါမှာ အရှည် ၁၀ ပေကနေ ၁၁.၅ ပေအထိ အရွယ်အစားကြီးမားနိုင်တာကို မြင်တွေ့ခဲ့ကြပါတယ်။

ယခုလင်းပိုင်မျိုးစိတ်ကို အသစ်တွေ့ရှိမှုဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ သန်းကနေ ၁၆ သန်းအကြား ရှင်သန်နေထိုင်ကျက်စားခဲ့တဲ့ Platanistoidea လင်းပိုင်အုပ်စုရဲ့ အစိတ်အပိုင်း မျိုးစိတ်ကွဲတစ်ခု ဖြစ်နိုင်တယ်လို့လည်း ယူဆမှုတွေရှိနေပါတယ်။

Damien
Ref – UPI