【 နည်းပညာ 】 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ ဦးဆောင်လျက်ရှိ

【 နည်းပညာ 】 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ ဦးဆောင်လျက်ရှိ

ပေကျင်း၊ ဖေဖော်ဝါရီ - ၁၉

ကမ္ဘာ့နိုင်ငံတွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိရာမှာ တရုတ်နိုင်ငံဟာ ထိပ်တန်းအခန်းကဏ္ဍက ဦးဆောင်လျက်ရှိတယ်လို့ နိုင်ငံတကာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဂူရီ ဆင်းဂ်က ဒူဘိုင်းမှာ ကျင်းပနေတဲ့ ကမ္ဘာ့ အစိုးရများ ထိပ်သီးအစည်းအဝေး ပြင်ပမှာ ဆင်ဟွာသတင်းဌာနသို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူတွေကို နှုတ်ခွန်းဆက်စကား ပြောကြားစဉ် ဆင်းဂ်က “တရုတ်နိုင်ငံဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အမြဲတမ်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) မှာ အဖွဲ့ဝင် ၁၆၉ ဦးအထိ ပါဝင်ပြီး၊ ကမ္ဘာကြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန်၊ ကမ္ဘာ့နိုင်ငံတွေကို စွမ်းအင်အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးအကူအညီပေးရန်၊ အစိမ်းရောင်နည်းပညာ ဆန်းသစ်တီထွင်မှု လုပ်ဆောင်ရန်နဲ့ နောက်ဆုံးပေါ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရန် ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အစိမ်းရောင်အကူးအပြောင်း ကုန်ကျစရိတ်တွေကို လျှော့ချပေးတဲ့ ဗဟိုချက်ဖြစ်လာပြီး ၎င်းရဲ့ အခန်းကဏ္ဍကြောင့် နိုင်ငံအများအပြားဟာ တရုတ်နိုင်ငံကို ဥပမာယူပြီး ၎င်းတို့ရဲ့ အမျိုးသားစီမံကိန်းတွေကို ပိုမိုချောမွေ့စွာ မြှင့်တင်နိုင်ခဲ့တယ်လို့ ဆင်းဂ်က ပြောပါတယ်။

ယမန်နှစ် မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ IRENA ရဲ့ ၂၀၂၃ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းဆောင်နိုင်မှု ကိန်းဂဏန်း အချက်အလက်တွေအရ တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းဆောင်ရည်တိုးလာမှုရဲ့ ၄၈ ရာခိုင်နှုန်းခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဟာ ၂၀၂၂ ခုနှစ်အတွင်း ရေအားလျှပ်စစ်စွမ်းရည်သစ်ရဲ့ သုံးပုံ နှစ်ပုံ၊ နေရောင်ခြည်စွမ်းအင်သစ်ရဲ့ ၄၅ ရာခိုင်နှုန်းခန့်၊ လေစွမ်းအင်သစ် ထက်ဝက်ခန့်နဲ့ ဇီဝစွမ်းအင်သစ် ၅၇ ရာခိုင်နှုန်းတို့ကို နိုင်ငံအတွင်း တပ်ဆင် တည်ဆောက်ခဲ့ပါတယ်။

“စွမ်းအင်စနစ်သစ်တွေ တည်ဆောက်နိုင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတေွကို ပံ့ပိုးပေးရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက မယုံနိုင်စရာပါပဲ၊ ဒီလိုသာ ဆက်လက်တိုးတက်လာမယ်ဆိုရင် မျှတတဲ့ စွမ်းအင်အကြောင်းကို ကျနော်တို့ အနာဂတ်မှာ အမှန်တကယ်ပြောနိုင်တော့မှာပါ” လို့ နိုင်ငံတကာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဂူရီဆင်းဂ်က ပြောကြားခဲ့ပါတယ်။

လူသားတွေကို ရာသီဥတုဖောက်ပြန်မှုတွေကနေ ကယ်တင်ဖို့ ကြိုးပမ်းလျက်ရှိရာမှာ တရုတ်နိုင်ငံဟာ ထိပ်တန်းအခန်းကဏ္ဍကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိနေပြီး၊ ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတွေဟာလည်း ရှေ့တန်းရောက်နေပြီဖြစ်တယ်လို့ Wall Street Journal (WSJ) က ပြီးခဲ့တဲ့ရက်သတ္တပတ် တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။

Damien
Ref - CMG