【 နည်းပညာ 】 စကြာဝဠာအတွင်း အတောက်ပဆုံးဖြစ်နိုင်တဲ့ အရာဝတ္ထုကို နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိ

【 နည်းပညာ 】 စကြာဝဠာအတွင်း အတောက်ပဆုံးဖြစ်နိုင်တဲ့ အရာဝတ္ထုကို နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိ

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၅
 
စကြာဝဠာအတွင်း အတောက်ပဆုံးဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အရာဝတ္ထုကို နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
တွင်းနက်ကြီးတစ်ခု တည်ရှိတဲ့ Quasar အရာဝတ္ထုကြီးဟာ တစ်နေ့လျှင် နေလုံးကြီးနဲ့ ညီမျှတဲ့ ဓာတ်ငွေ့များစွာ စုပ်ယူနေတာကို နက္ခတ္တဗေဒပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
Quasar ဆိုတာကတော့ တွင်းနက်ကြီးတွေ တည်ရှိပြီး အနီးနားက ဓာတ်ငွေ့တွေနဲ့ အရာဝတ္ထုတွေကို စုပ်ယူနေတဲ့ တောက်ပတဲ့ အရာဝတ္ထုတွေကို သတ်မှတ်ထားတာဖြစ်ပါတယ်။
 
ယခင်ရှာဖွေတွေ့ရှိခဲ့ဖူးသမျှ Quasars တွေထဲ စံချိန်တင် တောက်ပနိုင်တယ်လို့ ယူဆရမယ့် Quasar အရာဝတ္ထုကြီးဟာ နေလုံးကြီးထက် အဆပေါင်း ၅၀၀ ထရီလျံ ပိုမိုတောက်ပပြီး၊ ၎င်းကို စွမ်းအင်ပေးနေတဲ့ တွင်းနက်ကြီးဟာလည်း နေလုံးကြီးထက် အဆပေါင်း ၁၇ ဘီလီယံကျော် ကြီးမားတယ်လို့ သြစတြေးလျ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က Nature Astronomy ဂျာနယ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
 
Quasar အရာဝတ္ထုကြီးရဲ့ တွင်းနက်ကြီးအနီးတစ်ဝိုက်မှာ‌တော့ ဓာတ်ငွေ့တိမ်တိုက်တွေ၊ ဖုန်မှုန့်တွေ၊ ကြယ်တွေနဲ့ အခြားသောအရာတွေ လှည့်ပတ်နေတာကို မြင်တွေ့ရပြီး စကြာဝဠာအတွင်း ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်နေပုံနဲ့ တူညီနေတယ်လို့ နက္ခတ္တဗေဒပညာရှင်တွေက ဆိုပါတယ်။
 
သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ဦးဆောင်စာရေးဆရာ ခရစ်ရှန်ဝုဖ်က “ဒီ Quasar ကြီးက စကြာဝဠာထဲက ကျနော်တို့သိသမျှ နေရာတွေထဲ အကြမ်းတမ်းဆုံးနေရာပဲ” လို့ မှတ်ချက်ချ ပြောကြားခဲ့ပါတယ်။
 
စကြဝဠာအတွင်း အတောက်ပဆုံးဖြစ်နိုင်တဲ့ Quasar အရာဝတ္ထုကြီးကို ယခုမှ ရှာဖွေတွေ့ရှိခဲ့ ခြင်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်ကတည်းက ဥရောပတောင်ပိုင်း နက္ခတ်တာရာဆိုင်ရာ သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ J0529-4351 လို့ အမည်ပေးကာ ကြယ်တစ်လုံးအဖြစ်သာ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ J0529-4351 ဟာ ပိုမိုလင်းလက်တောက်ပလာပြီး ကြီးထွားလာခဲ့တာ ကြောင့် ဆက်လက်လေ့လာစောင့်ကြည့်ကာ Quasar အရာဝတ္ထုအဖြစ် ယမန်နှစ်က ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
Quasar အရာဝတ္ထုကြီးဟာ ကမ္ဘာနဲ့ အလင်းနှစ် ၁၂ ဘီလီယံခန့်အကွာမှာ တည်ရှိပြီး၊ စကြာဝဠာကြီးရဲ့ အစောပိုင်းကာလကတည်းက တည်ရှိခဲ့တာဖြစ်နိုင်တယ်လို့ နက္ခတ္တဗေဒပညာရှင်တွေက ယူဆထားကြပါတယ်။
 
Damien
Ref - CMG