【 နည်းပညာ 】 ဂြိုဟ်သိမ်နမူနာတစ်ခုဟာ သမုဒ္ဒရာတွေ လွှမ်းခြုံထားတဲ့ ကမ္ဘာတစ်ခုက ဆင်းသက်လာဖွယ်ရှိနေတယ်လို့ နာဆာထုတ်ပြန်

【 နည်းပညာ 】 ဂြိုဟ်သိမ်နမူနာတစ်ခုဟာ သမုဒ္ဒရာတွေ လွှမ်းခြုံထားတဲ့ ကမ္ဘာတစ်ခုက ဆင်းသက်လာဖွယ်ရှိနေတယ်လို့ နာဆာထုတ်ပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၆

အမေရိကန်အာကာသအေဂျင်စီကြီး နာဆာက ၎င်းတို့စမ်းသပ်နေတဲ့ ဂြိုဟ်သိမ်နမူနာတစ်ခုဟာ သမုဒ္ဒရာတွေ လွှမ်းခြုံထားတဲ့ ကမ္ဘာတစ်ခုကနေ ဆင်းသက်လာဖွယ်ရှိတဲ့ အထောက်အထားတွေကို တွေ့ရှိ ထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကမ္ဘာကြီးကို တိုက်ခိုက်နိုင်ခြေရှိပြီး အန္တရာယ်ရှိနိုင်တဲ့အဆင့်လို့ သတ်မှတ်ထားတဲ့ Bennu အမည်ရ ဂြိုဟ်သိမ်ကြီးက ရယူလာခဲ့တဲ့ နမူနာတွေကို နာဆာက ခွဲခြမ်းစိပ်ဖြာ လေ့လာနေတာလည်းဖြစ်ပါတယ်။

Bennu ဂြိုဟ်သိမ်ကြီးရဲ့ နမူနာအစိတ်အပိုင်းတွေကို လေ့လာလျက်ရှိရာမှာ ရေနဲ့ ကာဗွန်အမြောက်အများပါရှိတာကို တွေ့ရှိခဲ့ပြီး၊ ရှေးခေတ် ကမ္ဘာကဲ့သို့ သမုဒ္ဒရာတွေ လွှမ်းခြုံထားတဲ့ ကမ္ဘာတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်နိုင်ခြေရှိတယ်လို့ နာဆာက ယူဆခဲ့ပါတယ်။ဒါ့အပြင် အရီဇိုးနားတက္ကသိုလ်မှ သုတေသန ပြုလုပ်နေတဲ့ သိပ္ပံပညာရှင်တွေကလည်း Bennu ဂြိုဟ်သိမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းဘီလီယံနဲ့ချီပြီး တည်ရှိ ခဲ့တဲ့ ရေပေါကြွယ်ဝတဲ့ ဂြိုဟ်ကမ္ဘာတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

နာဆာဟာ ပေ ၁၂၅၀ ရှည်လျားတဲ့ Bennu ဂြိုဟ်သိမ်ကြီးကို နမူနာတွေ စုဆောင်းဖို့အတွက် OSIRIS-REx မစ်ရှင်အဖြစ် ၂၀၁၆ ခုနှစ်မှာ လွှတ်တင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာတော့ နမူနာတွေကို ကမ္ဘာဆီသို့ ယူဆောင်နိုင်ခဲ့ပါတယ်။

ယခုလို Bennu ဂြိုဟ်သိမ်ကြီးရဲ့ နမူနာအစိတ်အပိုင်းတွေမှာ ရေပါဝင်နေတာကို တွေ့ရှိခဲ့တာကြောင့် သိပ္ပံပညာရှင်တွေရဲ့ အခြားကမ္ဘာက သက်ရှိ (ဂြိုဟ်သား) တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ မျှော်လင့်ချက်ဟာလည်း ပိုမိုအားကောင်းလာခဲ့ပါတယ်။ရေတည်ရှိတဲ့ ဂြိုဟ်ကမ္ဘာဟာ သက်ရှိတွေ ရှင်သန်နေထိုင်တယ်လို့ ယူဆလို့ ရတာကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ Bennu ဂြိုဟ်သိမ်ရဲ့ ဆင်းသက်လာတဲ့ ရင်းမြစ်ဂြိုဟ်ကမ္ဘာကို ဆက်လက်လေ့လာ ရှာဖွေရဦးမှာဖြစ်ပါတယ်။

Damien
Ref - gbnews