【 နည်းပညာ 】 ကမ္ဘာပေါ်က ရေနံနှင့် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုတွေကို အာကာသတွင်းမှ Google စောင့်ကြည့် မျှဝေပေးသွားမည်

【 နည်းပညာ 】 ကမ္ဘာပေါ်က ရေနံနှင့် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုတွေကို အာကာသတွင်းမှ Google စောင့်ကြည့် မျှဝေပေးသွားမည်

ကယ်လီဖိုးနီးယား၊ ဖေဖော်ဝါရီ - ၁၈
 
Google နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့ Environmental Defense Fund တို့ ပူးပေါင်းပြီး ဂြိုဟ်တုသစ်တစ်လုံးနဲ့ အာကာသထဲကတစ်ဆင့် ကမ္ဘာပေါ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက ဖြစ်ပေါ်လာစေတဲ့ ရာသီဥတုပူနွေးလာမှု အရင်းအမြစ်တွေကို ဖော်ထုတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
MethaneSAT အမည်ရ ဂြိုဟ်တုသစ်တစ်လုံးကို လာမယ့် မတ်လအတွင်း လွှတ်တင်သွားဖို့ စီစဉ်ထားလျက်ရှိပြီး၊ ကမ္ဘာကြီးပေါ်က မမြင်နိုင်တဲ့ ဖန်လုံအိမ်ဓာတ်‌ငွေ့ ထုတ်လွှတ်မှု အဓိကရင်းမြစ်တွေကို ထောက်လှမ်းကာ ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။
 
အဆိုပါရေနံနှင့် မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုတွေကို စောင့်ကြည့်ဖော်ထုတ်ပေးမယ့် ဂြိုဟ်တုသစ် လွှတ်တင်ပြီးနောက် ဒေတာအချက်အလက်တွေကိုတော့ ယခုနှစ်နှောင်းပိုင်းမှာ ရရှိနိုင်ဖို့ မျှော်လင့်ထားပြီး၊ Google Cloud ဝန်ဆောင်မှုက အချက်အလက်တွေကို စီမံတွက်ချက် ထိန်းသိမ်းနိုင်မယ့် စွမ်းရည်တွေကို ပံ့ပိုပေးသွားမှာဖြစ်ပါတယ်။
 
ကမ္ဘာကြီးပေါ်က ရေနံသိုလှောင်ကန် အစိတ်အပိုင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဉာဏ်ရည် တု (AI) နည်းပညာကိုလည်း အသုံးပြုသွားမှာဖြစ်ပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံ မြေပုံတစ်ခုကို ဖန်တီးသွားမှာဖြစ်တယ်လို့ Google က ပြောပါတယ်။
 
“ကမ္ဘာပေါ်က ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေမှာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကြိုတင်ခန့် မှန်းတွက်ချက်ဖို့နဲ့ ထုတ်လွှတ်မှု လျှော့ချနိုင်အောင် ကြိုးပမ်းဖို့အတွက် ယခုပြုလုပ်သွားမယ့် အချက်အလက်တွေက စွမ်းအင်ကုမ္ပဏီတွေ၊ သုတေသီတွေနဲ့ အစိုးရကဏ္ဍတွေအတွက် မယုံနိုင်လောက်အောင် အဖိုးတန်မှာ ဖြစ်တယ်လို့ ကျနော်တို့ထင်ပါတယ်” လို့လည်း Google ရဲ့ ပထဝီရေရှည်တည်တံ့မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ရဲလ်မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။
 
အမေရိကန်ပြည်ထောင်စုဟာ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံး နိုင်ငံတွေထဲ အပါအဝင်ဖြစ်ပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ယိုစိမ့်မှုကို တားဆီးရန် မဖြစ်မနေ ဆောင်ရွက်ရမယ့် အစီအမံများကို အဆိုပြုထားပါတယ်။
 
COP28 ရာသီဥတု ထိပ်သီးအစည်းအဝေးတွင်လည်း နိုင်ငံပိုင်နဲ့ လွတ်လပ်တဲ့ ရေနံနဲ့ သဘာဝဓာတ် ငွေ့ အော်ပရေတာ ၅၀ ကျော်တို့ဟာ ၎င်းတို့ရဲ့ မီသိန်းထုတ်လွှတ်မှုကို ယခုဆယ်စုနှစ်အကုန်တွင် သုည (၀) အထိ လျှော့ချသွားဖို့ ကတိပြုထားပါတယ်။
 
ယခုနှစ်နှောင်းပိုင်းမှာ‌တော့ MethaneSAT ဂြိုဟ်တုသစ်က ရှာဖွေတွေ့ရှိတဲ့ အချက်အလက်တွေကို Google Earth Engine မှ ရရှိနိုင်မှာဖြစ်ပြီး၊ သုတေသီတွေ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေအတွက် အချက်အလက်တွေကို အခမဲ့ရယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
 
Damien
Ref – CMG