【 နိုင်ငံတကာဆောင်းပါး 】 “နေတိုး၊ ရုရှားနှင့် သမိုင်းတစ်ကျော့ပြန်”

【 နိုင်ငံတကာဆောင်းပါး 】 “နေတိုး၊ ရုရှားနှင့် သမိုင်းတစ်ကျော့ပြန်”

၂၀၂၀ ခုနှစ်တွင် စာရေးသူသည် အမေရိကန် အောက်လွှတ်တော်တွင် ဗားမောင့်ပြည်နယ်ကို ကိုယ်စားပြုမည့် ကွန်မြူနစ်တစ်ယောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။နှစ်ပေါင်း ၃၀ အတွင်းတွင် အမေရိကန်၏ မဲစာရင်း၌ ကွန်မြူနစ်တစ်ယောက် ပါဝင်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။မဲဆွယ်ပွဲကို အားကောင်းစွာ ကျင်းပခဲ့ပြီး စစ်ပွဲ၊ နယ်ချဲ့ဝါဒီနှင့် အလုပ်သမားလူတန်းစား ပြဿနာများကို အဓိကဦးစားပေးခဲ့သည်။  

“စစ်ပွဲများကို အဆုံးသတ်ပြီး ကွန်မြူနစ်ကို မဲပေး” ဟူသော ဆောင်ပုဒ်အောက်တွင် ဒွန်ဘတ်စ်ဒေသရှိ ပဋိပက္ခနှင့် အမေရိကန်-ဥရောပသမဂ္ဂ-နေတိုးတပ်ဖွဲ့တို့၏ နယ်ချဲ့ဝါဒီသည် ကမ္ဘာကြီးအား နျူကလီးယားတိုက်ခိုက်မှု ချောက်ကမ်းပါးသို့ တွန်းပို့နေသည်ကို မီးမောင်းထိုးပြခဲ့သည်။  

စာရေးသူ တစ်ဦးတည်းကသာလျှင် ၂၀၂၀ ခုနှစ်က လူဂန့်စ်ခ်ဒေသနှင့် ဒွန်းညက်စ်ခ်ဒေသများကို အသိအမှတ်ပြုရေး ပွင့်ပွင့်လင်းလင်း ပြောခဲ့သူဖြစ်သည်။ယူကရိန်းသို့ လက်နက်ထောက်ပံ့ခြင်း ပြဿနာနှင့်ပတ်သက်ပြီးလည်း လက်နက်ထောက်ပံ့ရေးကို ထောက်ခံနေသော သမ္မတကိုယ်စားလှယ်လာင်း တူဆီ ဂက်ဘာ့ဒ်နှင့်လည်း ထိပ်တိုက်အခြေအတင်ဖြစ်ခဲ့ပါသေးသည်။

စာရေးသူ၏ မဲဆွယ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် အမေရိကန်၏ နယ်ချဲ့ဝါဒီကို မီးမောင်းထိုးပြခဲ့သည်။

နေတိုးတပ်ဖွဲ့သည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စစ်ဘက်ဆိုင်ရာ တောင်ပံဖြစ်ပြီး ကမ္ဘာအနှံ့တွင် အရှုပ်အထွေးများနှင့် အပျက်အစီးများကို ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု၊ အရင်းအမြစ်များရှာဖွေမှုနှင့် ကမ္ဘာကြီးအား အနောက်တိုင်း၏ ပုံရိပ်အတိုင်း ပြုပြင်ရာတို့တွင် လူပေါင်းသန်းချီ သေဆုံးပြီးဖြစ်သည်။  

ဒီမိုကရက်၊ ရီပတ်ပလစ်ကန်နှင့် လစ်ဘရယ်သမားများအပါအဝင် အမျိုးမျိုးသော နိုင်ငံရေးသမားများသည် အစိုးရ၏ ပုံစံကို ပြောင်းလဲလိုက်ပြီး “လူသားချင်းစာနာထောက်ထားမှု ကြားဝင်စွက်ဖက်ခြင်းများ” ဟု ခေါင်းစဉ်တပ်ခဲ့သည်။နေတိုးတပ်ဖွဲ့သည် ကမ္ဘာ့အရင်းအမြစ်များကို ထိန်းချုပ်ရန် ချဲ့ထွင်လာပြီး အမေရိကန်၏ လက်ဝါးကြီးအုပ်မှုကို မခံနိုင်သော နိုင်ငံများကို စိန်ခေါ်လျက်ရှိသည်။

၁၉၉၁ နောက်ပိုင်း စစ်ပွဲများအပြီး ငြိမ်းချမ်းသောကာလသည် အမေရိကန်အတွက် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အထွတ်အထိပ်သို့ ထိုးတက်ခဲ့သော ကာလဖြစ်သည်။“သမိုင်းကြောင်း အဆုံးသတ်ခြင်း” ဟု ကြေညာလိုက်ခြင်းကြောင့် ထိုနေ့ရက်များသည် အနောက်နိုင်ငံများအတွက် အပျော်လွှမ်းသော နေ့ရက်များဖြစ်ခဲ့သည်။အနောက်နိုင်ငံများသည် ယူဂိုဆလားဗီးယားသို့ အမေရိကန်-နေတိုးတပ်ဖွဲ့၏ ကြားဝင်နှောင့်ယှက်မှုများကို မေ့လိုက်ကြသည်။ယူဂိုဆလားဗီးယားတွင် ၁၉၉၀ ခုနှစ်များတွင် နိုင်ငံသည် အစိတ်စိတ်ပြိုကွဲခဲ့ရသည်။

ဘော်လ်ကန်ဒေသတွင် အကြီးဆုံးဖြစ်သော အမေရိကန် စစ်အခြေစိုက်စခန်းကို တည်ဆောက်ရန်အတွက် အမေရိကန်-ဥရောပသမဂ္ဂ-နေတိုးတို့သည် ကိုဆိုဗိုဒေသကို ဖန်တီးခဲ့သည်။

နေတိုးတပ်ဖွဲ့များသည် ဘဲလ်ဂရိတ်နှင့် ဆားဘီးယား ဒေသများကို ရက်စက်စွာ ဗုံးကြဲခဲ့ပြီး တရုတ်သံရုံးကိုပင် မတော်တဆ ဗုံးကြဲမိသောကြောင့် သုံးဦးသေဆုံးခဲ့ရသည်။ထိုဗုံးကြဲသည့်ဖြစ်စဉ်ကို တရုတ်အစိုးရက “ရက်စက်သော အပြုအမူ” အဖြစ် သတ်မှတ်ခဲ့သည်။နေတိုးတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပေါင်းများစွာသေဆုံးပြီး အရပ်ဘက် အခြေခံအဆောက်အအုံများ ပျက်စီးကာ ရေဒီယိုသတ္တိကြွပစ္စည်းများ အသုံးပြုခြင်းကြောင့် လူ၊ မြေနှင့် ရေတို့အတွက် အဆိပ်အတောက်များဖြစ်ခဲ့သည်။

အမေရိကန်နှင့် နေတိုးတပ်ဖွဲ့တို့သည် ဥရောပတွင်သာ ရပ်တန့်ခဲ့ခြင်းမဟုတ်ပေ။ဥရောပနှင့် မြောက်အတ္တလန္တိတ်ကို ကျော်လွန်ကာ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် ဆိုမာလီယာတို့အပါအဝင် အာရှ၊ အာဖရိနှင့် လက်တင်အမေရိကတို့တွင်ပါ အထူးစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့သည်။လူပေါင်းသန်းချီ သေဆုံးခဲ့ရသည်။သန်းချီပြီး အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်စေခဲ့သော နိုင်ငံများကပင် ရက်စက်စွာဖြင့် ခြံစည်းရိုးခြားထားခဲ့ကြသည်။  

သမိုင်းကြောင်းကို ပြန်ကောက်ရလျှင် ၁၇၇၄ ခုနှစ်တွင် Kievan Rus ဟု ခေါ်သော စာချုပ်ဖြင့် ၁၇၆၈-၇၄ ရုရှား-တူရကီ စစ်ပွဲကို အဆုံးသတ်စေခဲ့ပြီး အော်တိုမန် အင်ပါယာက ခရိုင်မီးယန်း ကာနိတ်ဒေသကို ရုရှားသို့ပေးခဲ့ပြီး လက်ရှိ ခရိုင်းမီးယားဒေသ၏ မြို့ဖြစ်ပြီး ပင်လယ်နက်အတွက် အရေးပါသော ဆိပ်ကမ်းဖြစ်သည့် ဆီဗာစတော်ပေါလ်တွင် ရုရှား ရေတပ်စခန်းတည်ဆောက်ရေးအတွက် လမ်းဖောက်ပေးခဲ့ခြင်းဖြစ်သည်။နောက်ပိုင်းတွင် ဆိုဗီယက်ခေါင်းဆောင် ဗလာဒီမာ လီနင်၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ယူကရိန်း ဆိုဗီယက်ပြည်ထောင်စုတို့ အသီးသီးဖြစ်ပေါ်လာကြသော်လည်း အရေးအကြီးဆုံးမှာ ဒုတိယကမ္ဘာစစ်အတွင်း ယူကရိန်း၏ အခြေအနေဖြစ်သည်။  

ထိုသမိုင်းကြောင်း၏ ဗဟိုချက်မှာ ဒုတိယကမ္ဘာစစ်အတွင်း ယူကရိန်းအမျိုးသားရေးဝါဒီများအဖွဲ့ OUN ၏ ဖက်ဆစ်ခေါင်းဆောင် စတီပန် ဘန်ဒရာ ဖြစ်သည်။ OUN နှင့် နာဇီမိတ်ဖက်များသည် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းတွင် ယူကရိန်းရှိ ဂျူးလူမျိုး ၂ သိန်းကျော်ကို သတ်ဖြတ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ယူကရိန်းအစိုးရသည် လီနင်၏ ရုပ်တုများနှင့် ဆိုဗီယက်စစ်ပွဲ သူရဲကောင်းများ၏ ရုပ်တုများကို ဖျက်သိမ်းခဲ့ပြီး ဘန်ဒရာနှင့် အခြား ဖက်ဆစ် ယူကရိန်းသူရဲကောင်းများ၏ ရုပ်တုများနှင့် အစားထိုးခဲ့သည်။အများစုက ရှုတ်ချသောကြောင့် ပြန်ပြင်ခဲ့သော်လည်း ယူကရိန်းအစိုးရသည် ဘန်ဒရာကို အမြင့်ဆုံးဆုဖြစ်သည့် “ယူကရိန်း၏ သူရဲကောင်းဘွဲ့” ကို လွန်လွန်ကျူးကျူး ပေးအပ်ခဲ့သည်။

နာဇီလက်သစ်များနှင့် ဖက်ဆစ် စစ်သွေးကြများသည် ၂၀၁၄ ခုနှစ်တွင် ထကြွလာခဲ့ပြီး Right Sector နှင့် Azov Battalion အဖွဲ့တို့သည် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး အနောက်နိုင်ငံများမှ အထောက်အပံ့များ ရရှိခဲ့သည်။ဖက်ဆစ်များ၏ သမိုင်းကြောင်း ပြန်လည်ထကြွလာခြင်းနှင့် ပြန်လည်ကုစားရေးတို့သည် ရုရှားအတွက် မကျေနပ်ချက်ဖြစ်ခဲ့သည်။ဆိုဗီယက်ပြည်ထောင်စုသည် ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရန်အတွက် လူပေါင်း ၂၇ သန်းကို ဆုံးရှုံးခဲ့ရသည်။သမိုင်းကြောင်းသည် မေ့ပစ်၍မရဘဲ ဆိုဗီယက်နိုင်ငံဟောင်းများရှိ ဆက်လက်နေထိုင်နေကြသော ပြည်သူများ၏ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဝါဆောလ်စာချုပ်သည် ယိုင်နဲ့လာသောအချိန်တွင် အနောက်နိုင်ငံခေါင်းဆောင်များနှင့် သံတမန်များသည် ထိုအချိန်က ဆိုဗီယက် အထွေထွေအတွင်းရေးမှူးချုပ် ဂိုဘာချော့လ်နှင့် ရုရှားသမ္မတ ဘောရစ်ယဲလ်ဆင်တို့အား နေတိုးတပ်ဖွဲ့အနေဖြင့် အရှေ့ပိုင်းသို့ တစ်လက်မမျှ ချဲ့ထွင်မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။  

နေတိုးသည် အကြိမ်ပေါင်းများစွာ ဖြန့်ကျက်ခဲ့ပြီး ရုရှား၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခဲ့သည်။ကျူးဘားသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်ဖြစ်ပြီး ဆိုဗီယက်စစ်တပ်နှင့် နျူကလီးယားလက်နက်များကို ဖိတ်ခေါ်ခဲ့စဉ်က အမေရိကန်သည် ကမ္ဘာကြီးအား နျူကလီးယားစစ်ပွဲသို့ လက်တစ်ကမ်းအလိုအထိ ခေါ်ဆောင်ခဲ့သည်။သို့သော် ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကိုမူ နှစ်ပေါင်း ၃၀ ခန့် လျစ်လျူရှုခဲ့သည်။  

အင်ပါယာ ဂိုဏ်းအဖွဲ့များသည် ကမ္ဘာကြီးအား ချောက်ကမ်းပါးသို့ ထပ်မံခေါ်ဆောင်ခဲ့ပြန်သည်။အပြည့်အဝ သြဇာလွှမ်းမိုးမှုအတွက် နှစ်ပါတီ၏ ကတိကဝတ်ပြုခြင်းများသည် နျူကလီးယား ထိပ်တိုက်တွေ့ဆုံရေးအတွက် လမ်းဖောက်ပေးလျက်ရှိသည်။အမေရိကန်-ဥရောပသမဂ္ဂ-နေတိုးတပ်ဖွဲ့တို့၏ ဝင်ရိုးကြောင်းကို ရပ်တန့်ရမည်။ဥရောပအနေဖြင့် ငြိမ်းချမ်းနိုင်မည်ဆိုလျှင် နေတိုးတပ်ဖွဲ့ ဖျက်သိမ်းခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။  

(အယ်ဒီတာ့မှတ်ချက် ။     ။ ခရစ္စတိုဖာ ဟီလာလီသည် အမေရိကန် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာအတွင်းရေးမှူး၊ ဒဿနိကဗေဒဆိုင်ရာ ပါရဂူလောင်းတစ်ဦးနှင့် အမေရိကန်-တရုတ် ယဉ်ကျေးမှုဖလှယ်ရေးအတွက် တရုတ်အစိုးရ၏ စကော်လာ လက်ခံရရှိထားသူတစ်ဦးဖြစ်သည်။ဤဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CMG သတင်းဌာန၏ အမြင်ကို ကိုယ်စားမပြုပါ။)

ဆွေဇင်
မတ် - ၃