【 နိုင်ငံတကာဆောင်းပါး 】 အာရပ်ကမ္ဘာအတွက် အမေရိကန် ခြေလှမ်းမှားနေလား

【 နိုင်ငံတကာဆောင်းပါး 】 အာရပ်ကမ္ဘာအတွက် အမေရိကန် ခြေလှမ်းမှားနေလား

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အမေရိကန်၏ ကိုင်တွယ်ဖြေရှင်းမှုသည် အာရပ်နိုင်ငံများအတွက် ခါးသီးဖွယ်ရာအဖြစ် ပေါ်ထွက်လာသည်။

အစ္စရေးအပေါ် သြဇာညောင်းသော အမေရိကန်အနေဖြင့် ပဋိပက္ခ နောက်ဆက်တွဲ၌ အရပ်သားများသေဆုံးရမှုကို တားဆီးရန် အခွင့်အရေးရှိသူအဖြစ် ကမ္ဘာက ရှုမြင်ကြသည်။သို့သော် ဟားမတ်စ်တို့၏ လူမဆန်သော တိုက်ခိုက်မှုကို ပြန်တုံ့ပြန်ရာတွင် ထိုအဖြစ်နှင့် မသက်ဆိုင်သော ပါလက်စတိုင်းအရပ်သားများကို သေဆုံးသည်အထိ ချေမှုန်းခွင့်ပေးမှုမှာ အစ္စရေးအား ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ထက် ကျော်လွန်နေသည်ကို သတိပြုမိဖို့ မေ့လျော့နေသည်ဟု အာရပ်ကမ္ဘာက ရှုမြင်ကြသည်။ထို့အတွက် ရရှိသည့် တုံ့ပြန်မှုက အရှေ့အလယ်ပိုင်းနိုင်ငံများက အမေရိကန်သမ္မတ လာရောက်မှုကို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ထိုသည်မှာ အာရပ်နိုင်ငံများအတွက် သမိုင်းတစ်လျှောက် မှီခိုလွှမ်းမိုးခံခဲ့ရသည့် နိုင်ငံကြီးတစ်ခုကို ပထမဆုံးအကြိမ် ငြင်းဆိုလိုက်ခြင်းဖြစ်ဖို့များသည်။

ဟားမတ်စ်-အစ္စရေး စစ်ပွဲသည် အမေရိကန်အတွက် အရှေ့အလယ်ပိုင်းအခင်းအကျင်းတွင် ကျဆုံးနေသည့် အနေအထားကို လူသိထင်ရှားဖြစ်အောင် လှစ်ပြလိုက်ခြင်း ဖြစ်ရပ်ဖြစ်သည်။သို့ရာတွင် အမေရိကန်၌ တရားမျှတသော ဖြေရှင်းမှုဆီသို့ ပိုမိုသမာသမတ်ကျသော လမ်းကြောင်းကို လျှောက်လှမ်းရန် အခွင့်အလမ်းက ရှိနေသေးသည်။သို့သော်လည်း ထိုအခွင့်အရေးအစား ပါလက်စတိုင်းပြည်သူများအပေါ် ပြင်းထန်စွာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်ပေါ်စေမည့် အစွန်းရောက် အစ္စရေးအုပ်ချုပ်ရေးနှင့် လိုက်လျောညီထွေဖြစ်စေမည်လမ်းကို ရွေးချယ်ခဲ့ရာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်သည် သံတမန်ရေးအရ အစ္စရေးနိုင်ငံလို သီးခြားဖြစ်သွားခဲ့သည်။

မကြာသေးမီက ဖြစ်ရပ်နှစ်ခုသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအတွက် ဆန်းစစ်ရမည့် အခြေအနေဖြစ်လာသည်။

ပထမဖြစ်ရပ်မှာ ယခုသီတင်းပတ်အတွင်း အစ္စရေးနိုင်ငံသို့ သွားရောက်ကာ အစ္စရေးနှင့် ရပ်တည်ကြောင်း ပြောခဲ့သည့် ဘိုင်ဒင်ကို အာရပ်နိုင်ငံများက လာရောက်ခွင့် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ဤသံတမန်အေးစက်မှုသည် ဒေသတွင်းရှိ အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။

ဒုတိယဖြစ်ရပ်မှာ ဂါဇာကမ်းမြှောင်တွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဘရာဇီးကတင်သည့် အဆိုဆုံးဖြတ်ချက်ကို တားဆီးရန် အမေရိကန်က ဗီတိုအာဏာသုံးခဲ့ခြင်းဖြစ်သည်။စိတ်ထင်သလို ဗုံးကြဲနေသည့် အစ္စရေးလုပ်ရပ်ကို တစ်မိနစ်စောကာ တားဆီးနိုင်လျှင် တစ်မိနစ်စောကာ အပြစ်မဲ့အရပ်သားသေဆုံးမှုကို တားဆီးနိုင်မည့် အခြေအနေကို  အမေရိကန်၏ ဗီတိုကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်ရာ ပါလက်စတိုင်းနှင့် အာရပ်နိုင်ငံများအတွက် မေ့ပျောက်မရနိုင်သော သမိုင်းဝင်လုပ်ရပ်တစ်ခု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဤဖြစ်ရပ်နှစ်ခုသည် ပြင်းထန်သည့် ပဋိပက္ခများကြားတွင် အမေရိကန်အဖို့ ၎င်း၏သံတမန်ရေးရာအရ မှားယွင်းမှုအဖြစ် နောင်တွင် သူ့ကိုယ်သူအပြစ်တင်ရတော့မည့် အဖြစ်များပင်ဖြစ်သည်။မျှတပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရေး လိုအပ်နေချိန်တွင် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာအသိုင်းအဝန်းကပင် စိတ်ပျက်ပြီး အံ့သြမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ရသည်အထိဖြစ်သည်။

ဘရာဇီးမှ တင်ပြသော ဆုံးဖြတ်ချက်သည် အပစ်အခတ်ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုကို ထင်ဟပ်စေသည်။အဆိုပြုချက်၏ ရည်ရွယ်ချက်မှာ အပြစ်မဲ့အရပ်သားများ မိနစ်တိုင်း အသက်ဆုံးရှုံးပြီး ဒုက္ခရောက်နေကြရသည့် ဂါဇာ၏ ပြင်းထန်သော အခြေအနေကို ရပ်တန့်ရန်ဖြစ်သည်။

အာရပ်ကမ္ဘာအတွက် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်နိုင်သည့် အခြေအနေကို ပယ်ချရန် သုံးခဲ့သည့် ဗီတိုအာဏာအတွက် အမေရိကန်က ပေးထားသည့် အကြောင်းပြချက်များမှာ လက်ခံနိုင်ဖွယ်မရှိဟု ဆိုသည်။အစ္စရေး၏ ကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို အသိအမှတ်မပြုသဖြင့် ပယ်ချခဲ့ကြောင်း လင်ဒါ သောမတ်စ် ဂရင်းဖီးလ်၏ အခိုင်အမာပြောဆိုခြင်းကို  ခိုင်မာသောအခြေခံမရှိဟု အာရပ်ကမ္ဘာက ယူဆကြသည်။

အမေရိကန်အနေဖြင့်  အစ္စရေးက ဟားမတ်စ်ကို ချေမှုန်းရာတွင် တစ်စစီဖြစ်သည်အထိ ချေမှုန်းလိုသည်ကို ခွင့်ပြုပေးလိုစိတ်ရှိနေသည်ကို တွေ့ရပြီး အထူးသဖြင့် ဟားမတ်စ်ကို ကာလရှည်ထောက်ပံ့ပေးနေသည့် အီရန်ကိုပါ ချိနဲ့သွားစေလိုသည့် သဘောကို တွေ့ရသည်။အထူးသဖြင့် လေယာဉ်တင်သင်္ဘောနှစ်စင်းပါ ရေတပ်အုပ်စုက အစ္စရေးအား တခြားအာရပ်နိုင်ငံများက ဝင်ရောက်တိုက်ခိုက်လာနိုင်မှုကို တားဆီးပေးထားခြင်းဖြင့် ဂါဇာကမ်းမြှောင်သာမက ဆီးရီးယားနှင့် လက်ဘနွန်တွင်ပါ တစ်ဖက်လှည့်ဖြင့် အစ္စရေးကို ထင်သလိုလုပ်ခွင့် ပြုလုပ်ခွင့်ပေးခြင်းပင်ဖြစ်သည်။

လက်ရှိတွင် တစ်ဖက်တည်းမှန်သည်ဟု ကောက်ချက်ချရန် စောသေးပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး ဒါဇင်နဲ့ချီ ပြန်ပေးဆွဲခဲ့သည့် ဟားမတ်စ်တိုက်ခိုက်ရေးသမားများ၏ ရက်စက်ကြမ်းကြုတ်သည့် ဓာတ်ပုံတွေမှာ လျစ်လျူရှုခံနေရပြီဟု အစ္စရေးအရာရှိတွေက ဆိုသည်။

မတူညီသော မီဒီယာပလက်ဖောင်းများတစ်လျှောက် ဂါဇာတွင် ကျိုးပဲ့နေသော အစ္စရေးလုံခြုံရေးအတားအဆီးမှ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်က အရုဏ်ဦးတိုက်ခိုက်မှုကြောင့် ဖြစ်လာသည့် ရက်စက်ကြမ်းကြုတ်သော ပုံများနှင့် ဗီဒီယိုများသည် မြင်ရခဲလာပြီး ထိုအစား အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသည့် ပုံများက ပိုပြန့်ကြဲလာခဲ့သည်။ထိုနှင့်အတူ ဟားမတ်စ်-အစ္စရေး စစ်ပွဲအပေါ် မြင်ပုံသည်လည်း သုံးမျိုးကွဲလာသည်။

ပထမနှစ်မျိုးမှာ ဘက်တစ်ခုစီမှ ရပ်တည်ကာ စာနာခြင်းဖြစ်ပြီး ကျန်တစ်မျိုးမှာ ဖြစ်စဉ်ပေါ် သမိုင်းနှင့်ယှဉ်ကာ မျှမျှတတရပ်တည်ပြီး နှစ်ဖက်လုံးကို စာနာခြင်းဖြစ်သည်။ပထမနှစ်မျိုးတွင် အမေရိကန်၊ ရုရှားနှင့် အာရပ်ကမ္ဘာရှိပြီး တတိယတစ်မျိုးတွင် တရုတ်နှင့် တတိယနိုင်ငံများရှိနေခြင်းဖြစ်သည်။  

အာရပ်ကမ္ဘာက အမေရိကန်ကိုမြင်သော အမြင်သည် အစ္စရေးဘက်မှ ရပ်သည်ဟု မြင်ခြင်းဖြစ်သည်။ထိုအမြင်ကို ပယ်ဖျောက်ရန် ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့မှာ ပေါ်ပေါ်ထင်ထင် မကြိုးစားရဲ။သို့သော် ဂါဇာသို့ ဘီလူးသရဲစီးသလို တရကြမ်းဝင်ရောက်စီးနင်း ချေမှုန်းရန် ပြင်ဆင်နေသည့် အစ္စရေးကိုလည်း မတားဆီးဘဲ အပြင်းအထန်သာ သတိပေးနေခြင်းရှိသည်။တစ်ဖက်တွင်လည်း အာရပ်နိုင်ငံများရှိ အစွန်းရောက်စစ်သွေးကြွများနှင့် အီရန်ကဲ့သို့ နိုင်ငံများက  အရှေ့အလယ်ပိုင်းရှိ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်အကျိုးစီးပွားကို တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကိုလည်း သတိပေးနေရသည်။

အစ္စရေးနှင့် ဟားမတ်စ်ကြား စစ်ပွဲသည် ယခုထက် ပိုကျယ်ပြန့်လာမည်ကို ကမ္ဘာကစိုးရိမ်နေသည်။ယခုအကျပ်အတည်း အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများပါ ပြန့်နှံ့လာရန်ဆိုသည်မှာ ဂါဇာသို့ အစ္စရေးက ဘယ်လိုပုံစံဖြင့် ဝင်ရောက်တိုက်ခိုက်မည်လဲဆိုသည်အပေါ် မူတည်နေသည်။သတင်းများအရ ဂါဇာသို့ မြေပြင်ထိုးစစ်ဆင်နွှဲရန် အစ္စရေးက ပြင်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုများက အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုပြီးကတည်းက ယခုထိဖြစ်သည်။အောက်တိုဘာ ၂၃ ရက်အထိ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သားမှာ ၅၃၀၀ အထိ ရှိလာပြီဖြစ်သည်။အောက်တိုဘာ ၂၃ ရက် တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၂၀ ရှိကာ ၂၄ နာရီအတွင်း ၄၃၆ ဦး သေဆုံးခဲ့သည်။အစ္စရေးဘက်က မြေပြင်ထိုးစစ်သာဝင်လာလျှင် ယခုထက် အဆပေါင်းများစွာ ပိုလာမည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာသို့ မြေပြင်ထိုးစစ်ဝင်လျှင် ၃ လကြာမည်ဆိုထားရာ ဟားမတ်စ်ကို တစ်စစီချေမှုန်းမည့် အစ္စရေးအကြံအစည်က စစ်ပွဲကို ဂါဇာပြင်ပထိ ပျံ့နှံ့စေမည်မှာ သေချာနေသည်။ထို့ကြောင့်လည်း အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားက လူသားတန်ဖိုးပေးဆပ်ရမှုကို လျှစ်လျှူရှုသည့် မည်သည့် အစ္စရေး သေနင်္ဂဗျူဟာမဆိုသည် လုံးဝဆန့်ကျင်ခံရနိုင်ကြောင်း သတိပေးထားခဲ့သည်။သို့သော် ပဋိပက္ခဆီသို့ ဘိုင်ဒင်အစိုးရ၏ ဘက်လိုက်သော ချဉ်းကပ်မှုသည် ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရန်သာ အထောက်အကူပြုနေကြောင်း အာရပ်ကမ္ဘာက ပြစ်တင်ထားသည်။

ဂါဇာကမ်းမြောင်ဒေသ အခြေအနေသည် ဆိုးရွားလှသည်။ဒီပဋိပက္ခကြောင့် နှစ်ဘက်စလုံးတွင် အသေအပျောက်ထောင်နဲ့ချီပြီးရှိခဲ့သည်။ဂါဇာရှိ ဆေးရုံတစ်ရုံတွင် မကြာသေးမီက ပေါက်ကွဲမှုက ကမ္ဘာတစ်ဝှမ်းရှိ လူများကို ထိတ်လန့်စေခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) တွင် မဲပေးမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ UNSC ဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်မှာ သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်နှင့် မရှိမဖြစ်လိုအပ်သော အကူအညီများ ပေးအပ်ရန်အတွက် တိုက်ခိုက်မှုကို ခေတ္တရပ်ထားရန် ဖြစ်သည်။ဤဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် ဂါဇာကမ်းမြောင်အကျပ်အတည်းကို လျစ်လျူရှုကြောင်း ပြသခဲ့သည်။လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ၎င်း၏ စံနှုန်းနှစ်ရပ်ကို မီးမောင်းထိုးပြခဲ့သည်။

အာရပ်ကမ္ဘာအတွက် ယခုနှစ်ပိုင်းတွင် တရုတ်ဘက်သို့ ချဉ်းကပ်လာမှုသည် အကျိုးကြောင်းမဲ့ မဟုတ်သည်ကို ယခုဖြစ်ရပ်က ပြဆိုနေသည်။တရုတ်က ယခုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရှေ့အလယ်ပိုင်းသို့ အထူးသံတမန်တစ်ဦးစေလွှတ်ကာ သံတမန်ရေးရာကို ဆောင်ရွက်နေသည်။

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိကလည်း အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဘက်လုံးသို့ ဆက်သွယ်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် တိုက်တွန်းခဲ့သည်။  

ယခုအကျပ်အတည်းတွင် နဂိုအင်အားကြီးနိုင်ငံ အမေရိကန်နှင့် အင်အားကြီးနိုင်ငံသစ် တရုတ်တို့၏ ချဉ်းကပ်မှု မတူသည်ကို ကမ္ဘာကမြင်နေရသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းအရေးကို မီးကို မီးနှင့် ငြှိမ်းသတ်သည့်နည်းဖြင့် ဖြေရှင်းရန် ချဉ်းကပ်သည်။

တရုတ်က မီးကို ရေဖြင့် ငြှိမ်းသတ်သည့်နည်းဖြင့် ချဉ်းကပ်သည်။

ထို့အတွက် မည်သည့်နည်းက ဂါဇာမှ ပါလက်စတိုင်းသားများကို ကူညီနိုင်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။

လင်းသစ်အောင်