【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေး-ဟားမတ်စ် ပဋိပက္ခက ဒေသတွင်းစစ်ပွဲအထိ ပျံ့နှံ့နိုင်မည်လား ?

【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေး-ဟားမတ်စ် ပဋိပက္ခက ဒေသတွင်းစစ်ပွဲအထိ ပျံ့နှံ့နိုင်မည်လား ?

အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတို့အကြား အစပြုခဲ့တဲ့ ပဋိပက္ခဟာ ဂါဇာကမ်းမြောင်ဒေသတွင်သာမက ပင်လယ်နီ၊ ဆီးရီးယားတို့နဲ့ အီရတ်တို့နဲ့ နယ်မြေချင်းနီးစပ်နေတဲ့ အစ္စရေးရဲ့ မြောက်ဘက်နယ်စပ် အနောက်ဘက်ကမ်းသို့ပါ တစ်ဖြည်းဖြည်း မီးစာရောက်လာပြီး ပိုကြီးမားတဲ့ ပြဿနာဖြစ်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။  

လက်ရှိမှာတော့ အီရန်နဲ့ သူထောက်ခံထားတဲ့ စစ်သွေးကြွတပ်ဖွဲ့ဟာ အမေရိကန်နဲ့ တိုက်ရိုက် စစ်မဖြစ်လိုသေးဘဲ အစ္စရေးကို တိုက်ခိုက်ကာ အနောက်နိုင်ငံတွေကို ဖိအားပေးဖို့ ကြားခံစစ်ပွဲလုပ်နေတာလို့ ဆိုပါတယ်။ဒါကြောင့် ဂါဇာပဋိပက္ခက ဘယ်လောက်အထိ ချဲ့ထွင်သွားမလဲဆိုတာ အီရန်နဲ့ စစ်သွေးကြွတွေအပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်ကြပါတယ်။

သို့သော်လည်း မမျှော်လင့်ထားသော အခြေအနေများကို တွန်းအားပေးနိုင်တဲ့ အကြောင်းအရာတွေရှိနေတာကြောင့် အန္တရာယ်များတဲ့ အခိုက်အတန့်လည်းဖြစ်တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူများက ဆိုပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ကနေ စတင်ပြီး အီရန် ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် အမေရိကန်ဘက်က ပြီးခဲ့တဲ့အပတ်မှာ ဆီးရီးယားအရှေ့ပိုင်း လက်နက်သိုလှောင်ရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။အီရန်အနေနဲ့ ပွင့်ပွင့်လင်းလင်း စစ်ကြေညာမှာ မဟုတ်သော်လည်း မြေပြင်မှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အချို့က ရူးမိုက်တဲ့လုပ်ရပ်ကို လုပ်လာရင် ပြဿနာကြီးသွားနိုင်ကြောင်း၊ ပထမကမ္ဘာစစ်တုန်းကလိုပင် ရန်သူကို ဟန့်တားရာကနေ ရန်လိုသည့် လုပ်ရပ်အဖြစ် ပြောင်းသွားပြီး စစ်ကို စတင်နိုင်ကြောင်း အကြံပြုအဖွဲ့များ၊ လေ့လာဆန်းစစ်သူများက သုံးသပ်ကြပါတယ်။   

အီရန်အနေနဲ့ ဂါဇာမှာ ဟားမတ်စ် စစ်သွေးကြွတို့ ရှုံးနိမ့်နိုင်ခြေရှိကြောင်း ကောက်ချက်ချလျှင် လက်ဘနွန်ရှိ စစ်သွေးကြွတပ်ဖွဲ့ ဟစ်ဇ်ဘိုလာကို လွှတ်ပေးနိုင်ခြေရှိပါတယ်။ထိုအခါမှာ အစ္စရေးဟာ စစ်မျက်နှာ နှစ်ဖက်ဖွင့်ပြီး တိုက်ခိုက်ရမည်ဖြစ်ကာ အမေရိကန်အနေနဲ့လည်း အစ္စရေးကို ပံ့ပိုးပေးဖို့အတွက် အခြားနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ချင့်ချိန်ရမှာဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ စတင်ကတည်းက အသံတိတ်နေခဲ့တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်က မိန့်ခွန်းပြောဖို့လည်း ရှိနေပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်ဘက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်က ဆက်တိုက်တုံ့ပြန်မှုတွေကြားမှာ ပဋိပက္ခတွေဟာ အရှိန်မြင့်တက်လာပြီး ပိုပြီးအင်အားကြီးတဲ့ လက်နက်တွေကိုလည်း အသုံးပြုလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့က မြေပေါ်ကနေ လေပေါ်ကို ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးဘက်ကလည်း မြောက်ဘက်နယ်စပ်ကို စစ်သားထောင်ချီ စေလွှတ်ပြီး ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ အစ္စရေးကတော့ သူ့ဘက်ကနေ စစ်ပွဲဖြစ်လိုစိတ်မရှိကြောင်း ပြောပါတယ်။ဟားမတ်စ် တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အချိန်မှာတော့ ပြင်ဆင်မှုမရှိခဲ့တဲ့ အစ္စရေးဟာ ကန့်သတ်ထားမှုကို ပြန်ပြီးပြင်ဆင်ဖို့ ဖြစ်နေပါတယ်။  

ဟားမတ်စ်နဲ့ အစ္စရေးကြားက တိုက်ခိုက်မှုတွေဟာ စိတ်ခံစားချက်ပေါ်မှာ အခြေခံနေတယ်လို့လည်း ဆိုလို့ရပါတယ်။ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ရချိန်မှာ အစ္စရေးဟာလည်း ပြင်းထန်စွာ တုံ့ပြန်မှုအနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ဟားမတ်စ်ဘက်ကလည်း သူတို့ရဲ့တိုက်ခိုက်မှုက အကျိုးအကြောင်း ညီညွတ်ပြီး အစ္စရေးအနေနဲ့ ဒေသတွင်းက ထွက်သွားဖို့ လိုတယ်လို့ ဆိုကြပါတယ်။  

အစ္စရေးခေါင်းဆောင်တွေကတော့ ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးမယ်လို့ ကတိပြုထားသော်လည်း စစ်ရေးအရ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်လာရတာဖြစ်ပါတယ်။ဟားမတ်စ်အဖွဲ့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာတွေ ဆေးရုံတွေနဲ့ အခြားအရပ်ဖက်အဆောက်အဦတွေကို ကျူးကျော်တာတွေကြောင့် ရှုတ်ချခံရသော်လည်း အစ္စရေးအနေနဲ့လည်း ဂါဇာကို တိုက်ခိုက်ချိန်မှာ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပြီး ရေ၊ လျှပ်စစ်မီးနဲ့ လောင်စာတွေ ပိတ်ပင်ထားမှုအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။  

အစ္စရေးကတော့ ဂါဇာပဋိပက္ခမှာ သူ့ဘက်က စစ်ပွဲရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး ဟားမတ်စ်ဘက်ကသာ လူနေအိမ်တွေကို ပစ်မှတ်ထားကာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ အရင်စစ်ဆင်ရေးတွေထက် ကြီးမားတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နေတာဖြစ်ပြီး တန်ပြန်စစ်ဆင်ရေး ပထမ ၁၉ ရက်အတွင်းမှာ နေ့စဉ်နေ့တိုင်း ဒုံးကျည်ရာချီကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ပစ်ခတ်မှုတွေကြောင့် ဂါဇာမြို့အနီးက ဒုက္ခသည်စခန်းတစ်ခု ထိခိုက်ခဲ့ပြီး အိမ်တွေ ပျက်စီးခဲ့ခြင်းအပေါ် အစ္စရေးက ဝန်ခံခဲ့ပြီးနောက်မှာတော့ ဝေဖန်မှုတွေကို ထပ်မံကြုံတွေ့ရပြန်ပါတယ်။သို့သော်လည်း အစ္စရေးဘက်ကတော့ ပစ်မှတ်ဟာ ဟားမတ်စ် စစ်ဘက်ဆိုင်ရာ အကြီးအကဲကိုသာ ပစ်မှတ်ထားတာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။   

အစ္စရေးဘက်က တန်ပြန်တုံ့ပြန်မှုတွေ အချိန်ကြာလာတာနဲ့အမျှ အရှေ့အလယ်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်လာကြပြီး ဂါဇာမှာ နိုင်ငံရေးအရ စီမံမှုတွေမှာ အရေးပါတဲ့ အာရပ်အပါအဝင် ဟားမတ်စ် ဆန့်ကျင်သူ အစိုးရများကို စိတ်တိုစေမှာကလည်း စိုးရိမ်ဖွယ်ဖြစ်ပါတယ်။အစ္စရေးရဲ့ ဂါဇာပေါ်တိုက်ခိုက်မှုကြောင့် ဂျော်ဒန်နဲ့ ဘာရိန်းက အစ္စရေးမှာရှိတဲ့ သံအမတ်တွေကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုဆိုင်ရာ ကုလသမဂ္ဂ သံတမန်ကလည်း ဂါဇာမှာ အပစ်အခတ် မရပ်စဲရင် ပိုပြီးကြီးတဲ့ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ကုလလုံခြုံရေးကောင်စီမှာ ပြောခဲ့ပါတယ်။

NaYoe
Ref - NBCnews | Will the Israeli-Hamas conflict spark a wider regional war, pulling in the U.S.?