【 နိုင်ငံတကာဆောင်းပါး 】 ဘိုင်ဒင်-ရှီ ထိပ်သီးဆွေးနွေးပွဲနှင့် အပြုသဘောဖြစ်ထွန်းမှု

【 နိုင်ငံတကာဆောင်းပါး 】 ဘိုင်ဒင်-ရှီ ထိပ်သီးဆွေးနွေးပွဲနှင့် အပြုသဘောဖြစ်ထွန်းမှု

ကမ္ဘာက စောင့်ကြည့်နေခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲသည် ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။
 
လေးနာရီခန့် တွေ့ဆုံမှုအတွင်း စစ်ရေးပဋိပက္ခများမှသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအထိ ကိစ္စရပ်များကို သမ္မတနှစ်ဦး ဆွေးနွေးခဲ့ကြသည်။
 
ဆွေးနွေးမှုကို အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ် ထိပ်သီးအစည်းအဝေးမတိုင်မီ ဆန်ဖရန်စစ္စကိုမြို့ တောင်ဘက်၊ မိုင် ၃၀ (၄၈ ကီလိုမီတာ) အကွာရှိ ကျေးလက်အိမ်နှင့် ဥယျာဉ်ခြံမြေဖြစ်သည့် ဖီလိုလီရှိ ဥယျာဉ်အိမ်တွင် ကျင်းပခဲ့ပြီး ဘိုင်ဒင်က တရုတ်ခေါင်းဆောင်အား ကြိုဆိုခဲ့သည်။
 
သတင်းများအရ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်ဝမ်အရေး၊ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု၊ အီရန်အရေး၊ ဉာဏ်ရည်တု၊ ဖီတာနိုင်းကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ဆွေးနွေးမှုများတွင် ခေါင်းဆောင်နှစ်ဦးမှာ ထိုင်ဝမ်အရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်သည် စူပါပါဝါနှစ်နိုင်ငံ ရင်ဆိုင်နေရသော အကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး ပြဿနာဖြစ်ကြောင်း ရှီက ဘိုင်ဒင်အား ပြောကြားခဲ့သည်။
 
ရှီက ထိုင်ဝမ်ကို လာမယ့်နှစ်တွေမှာ စစ်ရေးအရ အရေးယူဖို့ တရုတ်နိုင်ငံမှာ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပြီး အခြားအင်အားသုံးမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
 
ဘိုင်ဒင်က ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အရေးကြီးကြောင်းကို ပြောခဲ့ပြီး ထိုင်ဝမ်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လေးစားရန် ပြောခဲ့သည်။
 
ရှီက ဘိုင်ဒင်ကို “ကြည့်ကြည့်၊ ငြိမ်းချမ်းရေးက … အားလုံးကောင်းပြီး ကောင်းပေမယ့် တစ်ချိန်ချိန်မှာတော့ ဆုံးဖြတ်ချက်ကို ပိုပြီး ယေဘုယျ ဘက်ကို ဦးတည်သွားဖို့လိုတယ်” ဟု ပြောကြားခဲ့သည်။
 
ခေါင်းဆောင်နှစ်ဦးကြား နီးကပ်စွာ တွေ့ဆုံမှုသည် ကြီးမားသော အကျိုးဆက်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ နိုင်ငံတကာသို့ ပဲ့တင်ထပ်နေသည်။တရုတ်နှင့် အမေရိကန် သမ္မတတို့၏ တစ်နှစ်အတွင်း ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုတွင် ၎င်းတို့၏နိုင်ငံသာမက ကမ္ဘာကြီး၏ အနာဂတ်နှင့် ကံကြမ္မာကို ပုံဖော်မည့် အစွန်အဖျားတွင်ရှိနေခဲ့သည်။
 
စီးပွားရေး “ခွဲထုတ်ခြင်း” နှင့် ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုများကြားတွင် မကြာသေးမီက နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ညွှန်ပြသည့် အကောင်းမြင်မှုကို ဖြစ်ပေါ်စေခဲ့သည်။
 
ဤဆွေးနွေးပွဲသည် အဓိကကျသည်။ 
အဘယ်ကြောင့်ဆိုသော် ယခုတွေ့ဆုံမှုသည် နှစ်ဖက်စလုံး၏ မဟာဗျူဟာ ရည်ရွယ်ချက်များကို ပိုမိုနက်ရှိုင်း၍ လက်တွေ့ကျကျ ထိုးထွင်းသိမြင်မှုရရှိရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများကို ထိန်းမနိုင်သိမ်းမရအကျပ်အတည်းများအဖြစ်သို့ ရွေ့လျှားနေခြင်းမှ ရှောင်ရှားရန် လမ်းခင်းပေးသည်။ထို့ကြောင့် ယခုထိပ်သီးအစည်းအဝေးကို ကျွမ်းကျင်သူများစွာက အကောင်းမြင်ကြပြီး ၎င်းတို့မြင်သလိုပင် အပြုသဘောဆောင်သော ရလဒ်များကို တွေ့ရသည်။
 
ဆွေးနွေးပွဲတွင် ထိုင်ဝမ်အရေး၊ စစ်ဘက်ဆိုင်ရာ ပြန်လည်ဆက်ဆံမှု၊ ခေါင်းဆောင်များကြား ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သဟဇာတဖြစ်မှု၊ ဖီတာနိုင်း၊ အီရန်နှင့် ဉာဏ်ရည်တုနည်းပညာ ကိစ္စရပ်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း တွေ့ရသည်။ 
အတော်များများတွင် အကောင်းဘက်က ဖြစ်ထွန်းမှုရှိခဲ့သည်။ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသည်။ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများနှင့် မသေချာမရေရာမှုများ မြင့်တက်လာချိန်တွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ခိုင်မာသော တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် တရုတ်နှင့် အမေရိကန်၏ ကြိုးပမ်း အားထုတ်မှုများကို ယခုထိပ်သီးအစည်းအဝေးတွင် တွေ့မြင်ရသည်။
 
ဆွေးနွေးပွဲတွင် လတ်တလောဖြစ်နေသည့် ဂါဇာစစ်ပွဲဆိုင်ရာ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရှီက နိုင်ငံကြီးများအကြား အားပြိုင်မှုသည် တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် ကမ္ဘာကြီးရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
 
ရှီက ဗုဒ္ဓဟူးနေ့က အဖွင့်စကားတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာသော်လည်း ၎င်း၏ အရှိန်အဟုန်မှာ နှေးကွေးနေဆဲဖြစ်ကြောင်း၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် ပြတ်တောက်မည့် ခြိမ်း ခြောက်မှုအောက်တွင်ရှိနေဆဲဖြစ်ပြီး ကိုယ်ကျိုးကာကွယ်ပေးရေးဝါဒလည်း မြင့်တက်လာကြောင်း ဒါတွေအားလုံးသည် ကြီးမားတဲ့ ပြဿနာတွေဖြစ်ကြောင်း ပြောခဲ့သည်။
 
ရှီက ဘိုင်ဒင်ကို ကျွန်တော်နဲ့ အဆွေတော် သမ္မတကြီးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်ပြီး ပြည်သူများအတွက်၊ ကမ္ဘာကြီးအတွက်၊ သမိုင်းအတွက် ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြကြောင်း၊ ယနေ့မှာ အဆွေတော် သမ္မတကြီးနဲ့အတူ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် သက်ဆိုင်တဲ့ မဟာဗျူဟာမြောက် ကိစ္စရပ်များ၊ အလုံးစုံကိစ္စရပ်များနှင့် ဦးတည်ချက်ဆိုင်ရာ ကိစ္စရပ်များ၊ ကမ္ဘာကြီးငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ အမြင်ချင်းဖလှယ်ပြီး သဘောတူညီမှုအသစ်များ ရရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့သည်။
 
တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေး၏ အလားအလာကောင်းသော အနာဂတ်ကို အခိုင်အမာယုံကြည်ကြောင်း ရှီက ပြောခဲ့သည်။ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေခြင်းတို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံ အတူတကွကြိုးပမ်းဆောင်ရွက်ရန် ဦးတည်ချက် ဖြစ်သင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အ ပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေခြင်းတို့ကို စွဲကိုင်ထားလျှင် သဘောကွဲလွဲမှုများကို ကျော်ဖြတ်နိုင်ပြီး နိုင်ငံကြီး နှစ်နိုင်ငံအကြား မှန်ကန်စွာ ယှဉ်တွဲနေထိုင်ရေး လမ်းမှန်ကို ရှာတွေ့နိုင်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် ဆန်ဖရန်စစ္စကို တွေ့ဆုံပွဲတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံတို့သည် ဆန္ဒသစ်ရှိသင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ ကျောရိုး မဏ္ဍိုင် ၅ ခုကို အတူတကွတည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ 
 
ပထမအနေဖြင့် မှန်ကန်သော သိရှိနားလည်မှုများကို အတူတကွထူထောင်ခြင်း ဖြစ်ကြောင်း၊ 
 
ဒုတိယအနေဖြင့် သဘောကွဲလွဲမှုများကို အတူတကွ ထိရောက်စွာ ထိန်းချုပ်ခြင်း ဖြစ်ကြောင်း၊ 
 
တတိယအနေဖြင့် အပြန်အလှန်အကျိုးရရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွမြှင့်တင်ခြင်းဖြစ်ကြောင်း၊ 
 
စတုတ္ထအနေဖြင့် နိုင်ငံကြီးယူသင့်သော တာဝန်များကို အတူတကွထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ 
 
ပဉ္စမအနေဖြင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးများကို အတူတကွတိုးမြှင့်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော နှစ်ဖက်ဆက်ဆံရေးဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောခဲ့သည်။ 
 
အမေရိကန်-တရုတ် အငြင်းပွားမှုသည် ရှောင်လွှဲ၍မရတာ မဟုတ်ကြောင်း၊ အမေရိကန်-တရုတ် စီးပွားရေးသည် အပြန်အလှန်မှီခိုအားကိုးပြီး အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုနှင့် ချမ်းသာမှုများကို အကောင်းမြင်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖိနှိပ်ဟန့်တားရန် မရှာကြံကြောင်း၊ တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှုဖြတ်တောက်ရန် မရှာကြံ ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ကျင့်သုံးပြီး နှစ်ဖက် သက်ဆိုင်ရာဌာနများ အဆင့်ဆင့်သော ဆွေးနွေးမှုများပြုလုပ်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်လက်ပွင့်လင်းစွာ ကူးလူးဖလှယ်ပြီး နားလည်မှုများတိုးမြှင့်ကာ အထင်လွဲမှုကိုရှောင်ရှား၍ သဘောကွဲလွဲမှုများကိုထိန်းချုပ်ရန် ဆန္ဒရှိကြောင်းကို ပြောခဲ့သည်။
 
ခေါင်းဆောင် ၂ ဦးသည် အစည်းအဝေးများ၊ အလုပ်သဘော နေ့လယ်စာစားပွဲနှင့် ဥယျာဉ်အတွင်း လမ်း လျှောက်ခြင်းအပါအဝင် နာရီအတန်ကြာ ဆွေးနွေးခဲ့ကြသည်။ 
 
ထိုသည်မှာ ကမ္ဘာ့စီးပွားရေး ပြိုင်ဘက်များဖြစ် သော်လည်း ထိပ်တိုက်တွေ့မည်မဟုတ်သည့် ရည်ရွယ်ချက်ကို ပြသခဲ့ပြီး ရှီက ဘိုင်ဒင်ကို “ကမ္ဘာမြေက နှစ်နိုင်ငံလုံးအောင်မြင်ဖို့ လုံလုံလောက်လောက် ကျယ်ဝန်းပါတယ်” ဟု ပြောခဲ့သည်။
 
ယခုတွေ့ဆုံမှုသည် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော ကမ္ဘာအတွက် စိတ်သက်သာရာ ရစေခဲ့သည်။ထိုမျှမက တင်းမာမှုများဖြင့် ရင်ဆိုင်နေရသော ကမ္ဘာအတွက် မျှော်လင့်ချက်အသစ်ကို ဖြစ်စေခဲ့ပေသည်။
 
လင်းသစ်အောင်