【 နိုင်ငံတကာဆောင်းပါး 】 ဖြေရှင်းမရသေးတဲ့ အမေရိကန်၏ အိမ်ယာမဲ့ပြဿနာ

【 နိုင်ငံတကာဆောင်းပါး 】 ဖြေရှင်းမရသေးတဲ့ အမေရိကန်၏ အိမ်ယာမဲ့ပြဿနာ

ပြီးခဲ့သည့် ခရစ္စမတ်မတိုင်ခင် ရက်များကတည်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ရာသီဥတု လွန်စွာအေးခဲနေခဲ့သည်။

နယူးယောက်ဗဟိုဥယျာဉ် အရှေ့ဘက်ရှိ “နယူးယောက် အများပြည်သူ အစားအစာသိုလှောင်ခန်း” ဖြစ်သည့် NGO အဖွဲ့တစ်ဖွဲ့ထံသို့ အစားအစာယူရန် လာရောက်ခဲ့ကြသည့် အခြေအနေမဲ့သူဦးရေမှာ စံချိန်တင် များပြားနေခဲ့သည်။

အမေရိကန် အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နိုင်ငံတွင်း အိုးမဲ့အိမ်မဲ့သူဦးရေမှာ ၆ သိန်း ၅ သောင်းကျော်ရှိကာ ၎င်းကိန်းဂဏန်းအချက်အလက် စတင်ကောက်ယူသည့် ၂၀၀၇ ခုနှစ်မှစပါက ယခုနှစ်သည် အမြင့်မားဆုံး ကိန်းဂဏန်းဖြစ်သည်။

အမေရိကန်နိုင်ငံကဲ့သို့ ကမ္ဘာ့တိုးတက်ဖွံ့ဖြိုးမှုနှင့် ဥစ္စာဓနအချမ်းသာဆုံးနိုင်ငံတွင် အိုးမဲ့အိမ်မဲ့ပြဿနာ ဘာကြောင့် ထိုမျှမြင့်တက်နေရသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။မက္ကဆီကိုပင်လယ်ကွေ့နားရှိ နယူအော်လင်းကိုကြည့်ပါက ထိုပြဿနာ၏ အဖြေတချို့တစ်ဝက်ကို မြင်နိုင်မည်ဖြစ်သည်။ US-90 လမ်းလယ် အောက်ဘက်သို့ ယာဉ်ကိုမောင်းနှင်ပါက စိတ်ပျက်စရာကောင်းလောက်အောင် ရှည်လျားသော အိမ်ယာမဲ့စခန်းများကို မြင်ရမည်ဖြစ်သည်။ထိုမှ ဆက်တိုက်ဆိုသလို တဲများကိုဖြတ်ပြီးနောက် ဘလောက်အနည်းငယ်အကွာသို့ရောက်လျှင် အခန်းလွတ်များရှိသော ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော Antebellum စံအိမ်များ ရှိနေကြောင်းကို မြင်ရမည်ဖြစ်သည်။  

ဥစ္စာဓန ခွဲဝေစီးဆင်းပုံ မမှန်ခြင်းသည် အမေရိကန်၏ အိုးမဲ့အိမ်မဲ့ပြဿနာကို ပြင်းထန်သော အကျပ်အတည်းတစ်ခုဆီသို့ ဦးတည်လာစေသည်။မကြာသေးမီလများအတွင်း အိမ်ယာရရှိရန် စောင့်ဆိုင်းစာရင်းများ နှစ်ဆ (သို့မဟုတ်) သုံးဆ တိုးလာသဖြင့် အမေရိကန်တစ်ဝှမ်းရှိ ကယ်ဆယ်ရေးစခန်းများတွင် အကူအညီရှာဖွေနေသူများ မြင့်တက်လာကြောင်း အစီရင်ခံပြလျက်ရှိနေသည်။ထိုနည်းတူ အမိုးအကာပြင်ပ အိုးမဲ့အိမ်မဲ့ဦးရေမှာလည်း မြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။၎င်းတို့ထဲမှ အချို့သည် ကိုဗစ်ကပ်ရောဂါစတင်ကတည်းက ဝါရှင်တန်ဒီစီမှ ဆီယက်တဲလ်စ်အထိ မြို့ကြီးများ၏ ပန်းခြံများနှင့် အခြားအများပြည်သူဆိုင်ရာနေရာများအတွင်း စခန်းချနေထိုင်ကြသူများဖြစ်သည်။

ဆိုလိုသည်မှာ အမေရိကန်ကဲ့သို့ နိုင်ငံတွင် အအေးဒဏ်ပြင်းထန်သော ယခုရာသီမျိုးတွင် ဒီည ဘယ်မှာအိပ်ရမှန်းမသိတဲ့လူတွေ ပိုများလာခြင်းဖြစ်သည်။အမေရိကန်တွင် ဘိုင်ဒင်လက်ထက် အိမ်ခန်းငှားရမ်းခ တက်လာမှုသည် ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။လမ်းမများပေါ်တွင် နေထိုင်သူများသည် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုနှင့် ဆိုးရွားသော အပူဒဏ်အပါအဝင် ရာသီဥတုဆိုးများကို ပိုမိုကြုံတွေ့ရကြသည်။

ယခုအခါ ဒီမိုကရက်တစ်များအတွက် ၎င်းတို့အုပ်ချုပ်သည့်ကာလ၏ ပြယုဂ်အမှတ်အသားအဖြစ် အိုးမဲ့အိမ်မဲ့များကို လမ်းပေါ်တွင် ယခင်ကထက် မြင်တွေ့လာရခြင်းဖြစ်သည်။အိုးမဲ့အိမ်မဲ့ဖြစ်မှုသည် မြို့ကြီးများတွင် အမြင်သာဆုံးသော မြင်ကွင်းဖြစ်လာနေသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်ရှိ အိုးမဲ့အိမ်မဲ့ အကျပ်အတည်း၏ မူလဇစ်မြစ်သည် အမေရိကန်တွင် လုံလောက်သော အိမ်ရာများ ဆောက်လုပ်ခြင်းကို ရပ်တန့်စေသည့် မူဝါဒများက စခဲ့ခြင်းဖြစ်သည်။လုံလောက်သည့် အိမ်ရာ မရှိပါက  လူတိုင်းအတွက် နေစရာနေရာမရှိသည့် ပြဿနာကို ကြုံရခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်။အမေရိကန်တွင် ဝင်ငွေနည်းသူများအတွက် အိမ်ရာတည်ဆောက်ပေးမှုသည် သက်ဆိုင်ရာပြည်နယ်များတွင် သီးခြားစီပြဋ္ဌာန်းထားသော ဥပဒေများအရ အခက်အခဲနှင့် ရင်ဆိုင်ရသည်။

ဥပမာအားဖြင့် မြေကွက်အများစုကို မိသားစုတစ်စုတည်းအတွက်သာ သီးသန့်ထားကြသည့် ကယ်လီဖိုးနီးယားရှိ လော့စ်အိန်ဂျလိစ်ကောင်တီကိုကြည့်ပါက သိသာနိုင်သည်။အိမ်ရာများ ပိုမိုတည်ဆောက်ရန် ခက်ခဲစေခဲ့သည်မှာ အထူးသဖြင့် ဝင်ငွေနည်းသော မိသားစုများအတွက် အိမ်ရာများ ပိုများလာပါက ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း၏ အသွင်အပြင်ကို ပြောင်းလဲမည် (သို့မဟုတ်) ၎င်းတို့၏ အိမ်တန်ဖိုးများ ကျဆင်းမည်ကို စိုးရိမ်ကြခြင်းကြောင့်ဖြစ်သည်။

မကြာသေးသည့်နှစ်က ဆန်ဖရန်စစ္စကိုရှိ အခန်းပေါင်း ၁၃၁ ခန်းပါရှိသော Japantown ဟိုတယ်ကို အိုးမဲ့အိမ်မဲ့များအတွက် အိမ်ရာအဖြစ်သို့ ပြောင်းလဲမည့် စီမံကိန်းမှာ ဆန္ဒပြမှုများကြောင့် ရပ်တန့်ခဲ့ရသည်ကိုကြည့်လျှင် သိသာနိုင်သည်။

နောက်ထပ်အခက်အခဲမှာ လူဦးရေဖြစ်သည်။တိုးပွားလာသော လူဦးရေသည် အိမ်ရာအသစ်များ ဆောက်လုပ်သည်ထက် ပိုမိုများပြားလာသောကြောင့်လည်း တစ်နှစ်ထက်တစ်နှစ် အိမ်ရာလိုအပ်ချက်ကို တိုးလာစေသည်။ကယ်လီဖိုးနီးယားတွင် အလွန်ဝင်ငွေနည်းသော အိမ်ငှားသူ ၁၀၀ ဦးတိုင်းအတွက် ၎င်းတို့တတ်နိုင်သော အိမ်မှာ ၂၃ လုံးနှုန်းသာရှိရာ ထိုအခြေအနေကို နားလည်နိုင်မည်ဖြစ်သည်။

နေရာတစ်ခုက ပိုစျေးကြီးလေ၊ လူများလေ အိမ်ရာရှာရန် ရုန်းကန်လေလေ၊ အိမ်ရာမတတ်နိုင်လေလေ၊ အိမ်မဲ့ဖြစ်ရန် အလားအလာပိုများလေလေဖြစ်သည်။တန်ဖိုးကြီးအိမ်ရာနှင့် အိုးမဲ့အိမ်မဲ့မည်မျှရှိသည်တို့အကြား အလွန်တိုက်ရိုက် ဆက်စပ်မှုရှိနေသည်။

အိုးမဲ့အိမ်မဲ့ဖြစ်မှုကို ရီပတ်ဘလီကင်အစိုးရများကော ဒီမိုကရက်တစ်အစိုးရများပါ ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။သို့သော် အပြည့်အဝဖြေရှင်းရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။သို့သော် ထူးခြားသည်အချက်မှာ အိုးမဲ့အိမ်မဲ့ဖြစ်မှုသည် ဒီမိုကရက်တစ်အုပ်ချုပ်သော ပြည်နယ်များရှိ ဒီမိုကရက်တစ် အုပ်ချုပ်သည့် မြို့များနှင့် ကြီးမားစွာဆက်စပ်နေရာ လာမည့်ရွေးကောက်ပွဲတွင် ထိုအချက်သည် မြို့များကို အိုးမဲ့အိမ်မဲ့ကင်းရှင်းစေလိုသည့် မဲဆန္ဒရှင်များကို ကောင်းစွာဆွဲဆောင်နိုင်မည့် အလားအလာရှိနေသည်။

လင်းသစ်အောင်