【 နိုင်ငံတကာဆောင်းပါး 】 ပြည်သူလူထုဘဝ သာယာချမ်းမြေ့စေရေးဟာ နိုင်ငံရဲ့ အရေးကြီးကိစ္စရပ်

【 နိုင်ငံတကာဆောင်းပါး 】 ပြည်သူလူထုဘဝ သာယာချမ်းမြေ့စေရေးဟာ နိုင်ငံရဲ့ အရေးကြီးကိစ္စရပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရေးပါတီများအားလုံး ပူးပေါင်းပြီး ပြည်သူများ၏ ဘဝ ကောင်းမွန်မှုအတွက် မှန်ကန်သော လမ်းကြောင်းကို ခင်းပေးရမည်ဖြစ်သည့်အတွက် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် နိုင်ငံရေးပါတီအားလုံးနှင့် ပူးတွဲပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တိုးတက်မှုနှင့် နိုင်ငံတကာစနစ်တို့အတွက် အဆင်သင့်ဖြစ်နေကြောင်း ဆိုခဲ့သည်။
 
ရာစုနှစ်တစ်ခုကျော်အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီသည် ညီညွတ်စွာဖြင့် တရုတ်ပြည်သူများ ကို ဦးဆောင်ကာ တရုတ်နိုင်ငံအား ပိုမိုအားကောင်းလာစေခဲ့သည်။ထို့အပြင် ကွန်မြူနစ်ပါတီသည် အခြားနိုင်ငံများမှ ပြည်သူများအတွက်လည်း ဘုံတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
 
ယနေ့ခေတ် လူ့အသိုက်အဝန်းပုံစံအရ ဘုံစိန်ခေါ်မှုများကို ဖြေရှင်းရန်မှာ အတူတကွလုပ်ဆောင်ရန်သာဖြစ်သည်ဟု သမ္မတ ရှီက ဆိုသည်။လူသားမျိုးနွယ် တိုးတက်မှုနောက်တွင် အရေးပါသော အင်အားဖြစ်သည့် နိုင်ငံရေးပါတီများသည် သမိုင်းပေးတာဝန်များကို ပခုံးတင်ထားရမည်ဟု သမ္မတ ရှီက ပြောခဲ့သည်။
 
ပထမအချက်အနေဖြင့် လူသားမျိုးနွယ်အတွက် မျှဝေသော အနာဂတ်ကို ပုံဖော်ရမည့် တာဝန် ဖြစ်သည်။ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတစ်နိုင်ငံမှ ပြည်သူများ၏ အကျိုးစီးပွားကို အခြားနိုင်ငံများမှ ပြည်သူများ၏ အကျိုးစီးပွားနှင့် လျော်ညီစွာ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လူသားမျိုးနွယ်သည်လည်း မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းသို့ ဦးတည်နိုင်မည်ဖြစ်သည်။
 
ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ ညီမျှရေး၊ တရားမျှတရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေးတို့အတွက် ဘုံတန်ဖိုးများ ကို အားပေးမြှင့်တင်နိုင်သည့် သဘောတူညီချက်များ တည်ဆောက်ရမည့် တာဝန်ဖြစ်သည်။
 
မတူညီသော အသိုက်အဝန်းများ၏ တန်ဖိုးကို နားလည်မှု မြင့်တက်လာပြီး ကွဲပြားသော တန်ဖိုးများကို လေးစားလိုက်နာခြင်းဖြင့် လူသားမျိုးနွယ်၏ ဘုံတန်ဖိုးသည် သက်ဆိုင်ရာနိုင်ငံ ပြည်သူများကို လက်တွေ့ကျကျ အထောက်အပံ့ပြုနိုင်မည်ဖြစ်သည်။
 
တတိယအချက်အနေဖြင့် ပြည်သူအားလုံးအတွက် မျှတစွာဖြင့် ပိုမိုကြီးမားသော အကျိုးအမြတ် များ ယူဆောင်ပေးနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရေး တာဝန်ဝတ္တရားဖြစ်သည်။
 
နိုင်ငံအားလုံးသည် ဖွံ့ဖြိုးတိုးတက်မှုကို တန်းတူခံစားနိုင်ပြီး အခြားနိုင်ငံ၏ တိုးတက်မှုကို ဟန့်တားပြီး ပြည်သူများကို ဖိနှိပ်ခြင်းအား မည်သူမျှထောက်ခံမည် မဟုတ်ပေ။
 
စတုတ္ထအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်ဖြစ်သည်။ကျန်းမာရေးဘက်တွင်လည်း သိပ္ပံနည်းကျ တုံ့ပြန်မှုများကို ညီညွတ်စွာဖြင့် အတူအကောင်အထည်ဖော်ရမည်ဖြစ်ပြီး လုံခြုံရေးနှင့် တည်ငြိမ်မှုအပိုင်းတွင်လည်း လုံခြုံရေးခြံစည်းရိုးများကိုအတူ အားကောင်းစွာ တည်ဆောက်ရမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင်လည်း လူသားနှင့် သဘာဝတရား ဟန်ချက်မျှစွာ ယှဉ်တွဲနေထိုင်ရေးအတွက် အားလုံးလက်တွဲဆောင်ရွက်ရမည်ဖြစ်သည်။
 
နောက်ဆုံးအချက်အနေဖြင့် ပြည်သူများ၏ နေထိုင်မှုကောင်းမွန်ရန်အတွက် စွမ်းရည်များမြှင့် တင်ကာ အုပ်ချုပ်မှုစနစ် တိုးတက်စေရမည့် တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။
 
နိုင်ငံအားလုံး၏ ပြည်သူများသည် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့် ပုံစံရှိကြပြီး အခြားနိုင်ငံများအတွက် ဒီမိုကရေစီ ဖြစ်၊ မဖြစ်ကို ထိုနိုင်ငံမှ ပြည်သူများကသာ ဆုံးဖြတ်နိုင်သည်။ထို့ကြောင့် အပြန်အလှန်သင်ယူမှုများမှတစ်ဆင့် နိုင်ငံရေးဒီမိုကရေစီကို သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့်နည်းဖြင့် အဆင့်မြှင့်တင်ရမည်ဖြစ်သည်။
 
တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် တရုတ်ပြည်သူများအတွက် ပျော်ရွှင်ဖွယ်ဘဝကို တည်ဆောက်ပေးရေး ပန်းတိုင်ကို မယိမ်းမယိုင် လျှောက်လှမ်းနေချိန်တွင် လူသားမျိုးနွယ်အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးကိုလည်း လိုလားကြောင်း သမ္မတ ရှီက ဆိုသည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူဗဟိုပြု တိုးတက်ရေး ဒဿနဖြင့် အမျိုးသားပြန်လည်နုပျိုရေးအတွက် ဆက်လက်လုပ်ဆောင်ပြီး ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်ရန် နိုင်ငံအားလုံးမှ နိုင်ငံရေးပါတီအားလုံးနှင့် လက်တွဲအလုပ်-လုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်စတိုင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်သူများကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပြီး စမ်းသပ်ချက်များ၊ အမှားများမှတစ်ဆင့် လေ့လာကာ တရုတ်ဝိသေသလက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒကို တည်ဆောက်မည်ဖြစ်သည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် ပြုပြင်ပြောင်းလဲရေးကို ပိုမိုနက်ရှိုင်းစေရန်နှင့် ပြင်ပသို့ တံခါးဖွင့်လှစ်ခြင်းအတွက် ဘက်ပေါင်းစုံ ခြေလှမ်းများဆောင်ရွက်ရာတွင် တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စေရန် ဦးဆောင်သွားမည်ဖြစ်သည်။ 
 
ကမ္ဘာ့နိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အရှိန်မြှင့်ပြီး ပို၍ပွင့်လင်းသော၊ အာလုံးပါဝင်သော၊ ဟန်ချက်မျှတသော၊ အားလုံးအကျိုးရှိသော ရလဒ်များ ယူဆောင်လာမည်ဖြစ်သည်။
 
ခါးပတ်နှင့် လမ်း အစီအစဉ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်ကာ ပိုမိုများပြားသော နိုင်ငံများနှင့် ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်ကို မျှဝေခံစားစေမည်ဖြစ်သည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် လူသားမျိုးနွယ် တိုးတက်ရေးအတွက် အရေးပါသော နိုင်ငံကြီးတစ်ခု၏ အဓိကနိုင်ငံရေးပါတီဟူသော တာဝန်ဝတ္တရားကို ဆက်လက်ထမ်းဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စများတွင် တရုတ်၏ ဖြေရှင်းချက်များနှင့် အားသာချက်များကို မျှဝေသွားမည်ဖြစ်သည်။
 
တရုတ်ကွန်မြူနစ်ပါတီသည် ဘုံပြဿနာများကို ပူးတွဲဖြေရှင်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုကို အားကောင်းရေး ကြိုးပမ်းသွားမည်ဖြစ်သည်။
 
နိုင်ငံတကာဥပဒေများမှာ အားလုံးက အသိအမှတ်ပြုရန် လိုအပ်ပြီး တစ်ဖက်သတ် စနစ်ကို ဆန့်ကျင်သွားမည်ဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများအနက် တစ်ခုဖြစ်သည့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံကို ဆက်လက်မြှင့်တင် ကိုယ်စားပြုသွားမည်ဖြစ်သည်။
 
ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်ရန်မှာ လူသားမျိုးနွယ်အတွက် မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်း တည်ဆောက်ရာတွင် အားလုံးပါဝင်လာရန်ဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - AU.china-embassy | Xi Jinping Attends and Addresses the CPC and World Political Parties Summit