【 နိုင်ငံတကာဆောင်းပါး 】 ပေကျင်းမှာ မြင်ရမယ့် တရုတ်-ဥရောပ ဆက်ဆံရေး အခင်းအကျင်း

【 နိုင်ငံတကာဆောင်းပါး 】 ပေကျင်းမှာ မြင်ရမယ့် တရုတ်-ဥရောပ ဆက်ဆံရေး အခင်းအကျင်း

ဥရောပနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ အနာဂတ်ဆက်ဆံရေးနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လိုအပ်နေပြီး လာမည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပမည့် တရုတ်-ဥရောပ ထိပ်သီးအစည်းအဝေး၏ အစီအစဉ်တွင် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများကို အဓိကထား ဆွေးနွေးဖွယ်ရာရှိသည်။

ဥရောပသမဂ္ဂဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Fu Cong က “အီးယူနှင့် တရုတ်တို့သည် ပထမနှင့် အရေးအကြီးဆုံး မိတ်ဖက်များဖြစ်သည်” ဟု ပြောခဲ့ပြီး “အရာတွေကို ခြားနားစွာမြင်ရတာ သဘာဝကျပေမယ့် ဒါက ကျနော်တို့ကို ပြိုင်ဘက်မဖြစ်စေပါဘူး။ကျနော်တို့ရဲ့ ခြားနားမှုတွေက ကျနော်တို့ရဲ့ဆက်ဆံရေးကို သတ်မှတ်ဖို့ ခွင့်မပြုသင့်ဘူး” လို့ ပြောခဲ့သည်။

ယခုအစည်းအဝေးပွဲတွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်နှင့် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီချန်းနှင့်အတူ ထိပ်သီးအစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်၊ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်တို့နှင့် ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံမည်ဖြစ်ပြီး ယင်းထိပ်သီးအစည်းအဝေးသို့ အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်လည်း တက်ရောက်မည်ဖြစ်ရာ တကယ်စိတ်ဝင်စားဖွယ် တရုတ်-ဥရောပ အခင်းအကျင်းဖြစ်သည်။

အဘယ်ကြောင့်ဆို တရုတ်နှင့် အီးယူအကြား လျှပ်စစ်ကားတင်သွင်းမှုနှင့်ပတ်သက်ပြီး တင်းမာမှုရှိနေသည်။ယမန်နှစ်က တရုတ်နိုင်ငံသည် အီးယူနှင့် ကုန်သွယ်မှု ပိုငွေပြမှုတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့သည်။တရုတ်ဘက်ကနေ ဥရောပသို့တင်သွင်းသည့် လျှပ်စစ်ကားတင်သွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအကြောင်းကြောင့် တရုတ်ဘက်က ပြန်သတိပေးထားသည်။ထို့အတွက် အီးယူက တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲအတွက် ကြောက်ရွံ့နေမည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။

ပြီးခဲ့သည့်လက ဆန်ဖရန်စစ္စကိုတွင် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ပြီးနောက် ကမ္ဘာ့အခင်းအကျင်းများက ပြောင်းလဲလာသည်။ကမ္ဘာအရပ်ရပ်တွင် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုသည် လျော့ကျလာမည့် အရိပ်ယောင်များ မြင်လာရသည်။ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများသည် စားပွဲဝိုင်းတွင် ဖြေရှင်းမည့်ဘက် အရိပ်သမ်းလာသည်။

တရုတ်နှင့် ဥရောပ ဆက်ဆံရေးသည် ယခုနှစ်ပိုင်း ပို၍နီးကပ်လာသည်ကို တွေ့ရသည်။သို့သော် ကုန်သွယ်မှုနှင့် ယူကရိန်းအရေးတွင် ကွဲပြားမှုရှိသည်။ထို့အတွက် ဒီဇင်ဘာ ၇-၈ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ဆွေးနွေးအဖြေရှာရန် ကြိုးပမ်းသွားမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်က ဘာလင်မှာပြုလုပ်တဲ့ တရုတ်ကွန်ဖရင့်မှာ ပြောကြားခဲ့သည်။တရုတ်နှင့် ကုန်သွယ်ရေးကို ဥရောပက အခွင့်အလမ်းအဖြစ် သဘောထားပြီး ပိုမိုတိုးတက်အောင်လုပ်ရန်သာ ဆန္ဒရှိနေသည်ကို ယခုနှစ်ကုန်ခါနီးတွင် အီးယူက ပြသခဲ့သည်။

ထွက်လာသည့် သတင်းများအရဆိုလျှင် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာရှိ ဖြစ်ပွားနေသော စစ်ပွဲအပါအဝင် အီးယူ-တရုတ် ဆက်ဆံရေးနှင့် နိုင်ငံတကာအရေးကိစ္စများကို နှစ်ဘက်စလုံးက စေ့စေ့စပ်စပ် ဆွေးနွေးကြမည်ဟု မျှော်လင့်ထားပြီး ထိုထဲတွင် တရုတ်ဘက်ကနေ ဥရောပသို့တင်သွင်းသည့် လျှပ်စစ်ကားတင်သွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအကြောင်းလည်း မပါမဖြစ် ပါဝင်ဖွယ်ရှိနေသည်။သို့သော် EU သတင်းရင်းမြစ်များက ထိပ်သီးအစည်းအဝေးမှ ထင်ရှားသော ရလဒ်အနည်းငယ်သာ ရရှိမည်ဟု ခန့်မှန်းကြသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ဥရောပကို အလေးထားသည်။တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၉ခုနှစ် ပထမဆုံးခရီးစဉ်သည် ဥရောပဖြစ်ခဲ့ပြီး ပြင်သစ်၊ အီတလီ၊ မိုနာကိုသို့ သွားခဲ့သည်။ထို့ကြောင့် တရုတ်နှင့် အီးယူ ဆက်ဆံရေးသည် အမေရိကန်နှင့် တရုတ် ဆက်ဆံရေးထက် ပိုနွေးထွေးသည်။

လတ်တလော လိပ်ခဲတည်းလည်းဖြစ်နေသည့် တရုတ်လျှပ်စစ်ကားများအပေါ် ဒဏ်ခတ်ပြီး အခွန်အတုပ်ချနေမှုနှင့်ပတ်သက်ပြီး ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်က ကုန်သွယ်ရေးထိခိုက်မှုများကို ကျော်လွှားနိုင်မည်ဟု ပြောခဲ့ခြင်းရှိသည်။သို့သော် ထိုပြဿနာသည် ဥရောပဇုန်၏ ဂျီဒီပီ စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသည့် တရုတ်နှင့် ကုန်သွယ်ရေးကို အရိပ်မိုးဖွယ်မရှိဟု လေ့လာသူများက သုံးသပ်ထားသည်။

တွေ့ဆုံမှုများသည် ပြေလည်စေရန် မတူညီကွဲပြားမှုများကို ညှိနှိုင်းရန်ဆိုသည့် အရင်းခံစိတ်ကလာသဖြင့် ယခုတရုတ်-ဥရောပ ထိပ်သီးအစည်းအဝေးတွင် ထိုသို့သော ပြဿနာများအတွက် နှစ်ဘက်အကျေအလည် ဆွေးနွေးကြမည်က သေချာသည်။ထို့အတွက် အပြုသဘောဆောင်သူများက ကောင်းမွန်သောရလဒ် ရရှိမည်ဟု ခန့်မှန်းထားသည်။  

ယခုထိပ်သီးအစည်းအဝေးမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး လူကိုယ်တိုင် တွေ့ဆုံတဲ့ တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်ရာ အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အနှစ် ၂၀ ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အသေးစိတ်ပုံစံကို ရေးဆွဲမည်ဟု အစည်းအဝေးလက်ခံကျင်းပမည်ဟု ထုတ်ပြန်သည့် အခမ်းအနားတွင် တရုတ်ဘက်က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “တရုတ်နဲ့ ဥရောပဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရွေးချယ်တဲ့အခါ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ပါ။တရုတ်နှင့် ဥရောပတို့သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရွေးချယ်သောအခါတွင် စစ်အေးတိုက်ပွဲအသစ် စတင်တော့မည် မဟုတ်ပါ။ပြီးတော့ တရုတ်နဲ့ ဥရောပက ပွင့်လင်းမြင်သာမှုနဲ့ နှစ်ဘက်အနိုင်ရတဲ့ win-win ရလဒ်ကို ရွေးချယ်တဲ့အခါ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးတို့အတွက် မျှော်လင့်ချက်ရှိလာပါလိမ့်မယ်” လို့ ယင်းထုတ်ပြန်ပွဲတွင် ပြောခဲ့သည်။

အစောပိုင်းက ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယန်က တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲအတွက်ပါ ကြောက်ရွံ့ခြင်းမရှိကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသည့် ၎င်းတို့၏ ဒီဇင်ဘာ ၇-၈ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် သဘောထားကွဲလွဲမှုများကို ဆွေးနွေးအဖြေရှာရန် ကြိုးပမ်းသွားမည်ဟု ပြောခဲ့သည်။

ထို့ကြောင့်လည်း ဝမ်ယိက ယခုအစည်းအဝေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အီးယူကြား“တွေ့ဆုံဆွေးနွေးခြင်းနဲ့ ညှိနှိုင်းခြင်းကနေတစ်ဆင့် ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမှာပါ” ဟု ပြောခဲ့ခြင်းဖြစ်သည်။ထိုသည်ကိုကြည့်လျှင် တရုတ်-ဥရောပ အားပြိုင်မှုကို မြင်ချင်သူများအတွက် မျှော်လင့်သလို မဖြစ်လာမည့် အခင်းအကျင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယခုအစည်းအဝေးနှင့်ပတ်သက်ပြီး “ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာသို့ တွန်းအားသစ်များ ထိုးသွင်းကာ နိုင်ငံတကာ အခြေအနေတွင် တည်ငြိမ်မှု တိုးမြင့်လာစေမည်” ဟု ဆိုထားသည်။

သို့ဖြစ်ရာ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့ကို အဓိကအာရုံစိုက်မည့် တရုတ်-ဥရောပ ထိပ်သီးအစည်းအဝေးတွင် ထိုအတိုင်း ဖြစ်လာ၊ မလာကို ကမ္ဘာကစောင့်ကြည့်တော့မည်ဖြစ်သည်။

လင်းသစ်အောင်