【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ရှီ၏ ဆန်ဖရန်စစ္စကို ခရီးစဉ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ရှီ၏ ဆန်ဖရန်စစ္စကို ခရီးစဉ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဖိတ်ကြားချက်အရ ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် တရုတ်-အမေရိကန် ဆွေးနွေးပွဲနှင့် လာမည့်အပတ်တွင် ကျင်းပမည့် ၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် အဖွဲ့ဝင် ၂၁ ဦးပါ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ခေါင်းဆောင်များသည် ဆန်ဖရန်စစ္စကိုတွင် ပစိဖိတ်ဒေသတစ်လျှောက် ကုန်သွယ်မှုနှင့် စီးပွားရေးတိုးတက်မှု မည်ကဲ့သို့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမည်ကို ဆွေးနွေးကြမှာဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့စီးပွားရေးသည် မတည်ငြိမ်မှု၊ မသေချာမှု အကြောင်းအချက်များစွာနှင့် ရင်ဆိုင်နေရသဖြင့် အာရှ-ပစိဖိတ်က မောင်းနှင်မှု အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ဦးဆောင်ဦးရွက်ပြုနိုင်ရန် နိုင်ငံအသီးသီးက မျှော်လင့်နေကြသည်။

APEC သည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုသည်။ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ နိုင်ငံများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် စုစည်းကျင်းပသည့် ဖိုရမ်တစ်ခုလည်းဖြစ်သည်။အဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် အဖွဲ့ဝင် ၁၂ နိုင်ငံဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်၊ ရုရှား၊ ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျတို့အပါအဝင် ၂၁ နိုင်ငံအထိ တိုးလာခဲ့သည်။ထိုအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ထက်ဝက်နီးပါးကို ကိုယ်စားပြုထားသည်။

ယခုနှစ် အေပက် ထိပ်သီးအစည်းအဝေးအတွက် ရည်မှန်းချက်မှာ လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအပြီး အထူးသဖြင့် ကြီးထွားလာသော ရာသီဥတုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် APEC စီးပွားရေးကို ပိုမိုခံနိုင်ရည်ရှိအောင် ကြိုးစားရန် ဘယ်လိုဆောင်ရွက်ကြမည်လဲဆိုသည်ကို ဆွေးနွေးကြရန်ဖြစ်သည်။

လက်ရှိ နိုင်ငံတကာအခင်းအကျင်းအရ အေပက် ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် အမေရိကန်ကြား အေးခဲနေသော ဆက်ဆံရေး၏ နောက်ခံကားချပ်နှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲ၊ ရုရှား၏ ယူကရိန်းကို ကျူးကျော်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုများနောက် ရောက်နေသဖြင့် သမားရိုးကျ ကုန်သွယ်စီးပွားရေး အကြောင်းအရာထက် နိုင်ငံကြီးများတွေ့ဆုံခြင်းကို ကမ္ဘာက စိတ်ဝင်စားမှုပိုခဲ့သည်။အထူးသဖြင့် ယခု အေပက် အစည်းအဝေးအပြီးတွင် တရုတ်သမ္မတနှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံကြမည့် အခင်းအကျင်းက ကမ္ဘာအတွက် စိတ်ဝင်စားစရာဖြစ်သည်။

ဘိုင်ဒင်နှင့် ရှီတို့ကြား လူချင်းတွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ကျင်းပသည့် G-20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံးဖြစ်သည်။ဘာလီတွင် ခေါင်းဆောင်နှစ်ဦး နောက်ဆုံးတွေ့ဆုံပြီး နောက်ပိုင်း တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုသည် ပိုဆိုးရွားလာခဲ့သည်။ဘိုင်ဒင်အစိုးရအဖွဲ့သည် ယခုနှစ်အစောပိုင်းက အမေရိကန်ပြည်ထောင်စုကို ဖြတ်သွားသည့် တရုတ်မီးပုံးပျံကို ပစ်ချခဲ့သည်။အမေရိကန်အစိုးရသည် တရုတ်နိုင်ငံသို့ အဆင့်မြင့် ကွန်ပြူတာချစ်ပ်များ တင်ပို့မှုကို ကန့်သတ်ထားပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် အခြားနိုင်ငံများကို ဖွံ့ဖြိုးရေးအကူအညီများပံ့ပိုး တွန်းအားပေးခဲ့သည်။ယူကရိန်းသို့ ရုရှားကျူးကျော်ခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားပြဿနာများကြောင့် တရုတ်နှင့် အမေရိကန်ကြား ကွဲပြားမှုများသည် ပိုမိုဆိုးရွားလာခဲ့သည်။

မကြာခင်က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့၏ အရပ်ဖက် ကူးလူးဖလှယ်မှု နွေးထွေးလာသည့် တစ်ချိန်တည်းတွင် အစိုးရချင်း ကူးလူးဖလှယ်မှုကိုလည်း အရှိန်မြှင့် ဆောင်ရွက်လာကြသည်။ယခုနှစ် ဇွန်လမှ စတင်ပြီး နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်၊ ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလင်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုအပါအဝင် အမေရိကန် အဆင့်မြင့်အရာရှိများ တရုတ်သို့ တစ်ဦးပြီး တစ်ဦး သွားရောက်လည်ပတ်ကြသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ရှီးကျန်ဝှာနှင့် အမေရိကန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီတို့အကြား ကယ်လီဖိုးနီးယားမှ ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သော ရလဒ်များ ဖြစ်လာသည်။

နှစ်နိုင်ငံအကြားတွင် စီးပွားရေးနှင့် ဘဏ္ဍာရေး အလုပ်အဖွဲ့များနှင့် အခြားဖလှယ်ရေး ယန္တရားများလည်းရှိနေသည်။အောက်တိုဘာလကုန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ ဘိုင်ဒင်နှင့် တွေ့ဆုံသလို အမေရိကန် နိုင်ငံရေး၊ သေနင်္ဂဗျူဟာနှင့် စီးပွားရေးအသိုက်အဝန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

နိုင်ငံတော်ကောင်စီ ဒု-ဝန်ကြီးချုပ်နှင့် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဦးဆောင်ပုဂ္ဂိုလ် ဟာလီဖန်းသည် အမေရိကန်ပြည်ထောင်စုသို့ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်အတွင်း သွားရောက်ခဲ့သည်။

ပထမဆုံးအကြိမ်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီက ပြီးဆုံးသွားသည့် တရုတ်နိုင်ငံတကာသွင်းကုန် (CIIE) ပြပွဲသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့သည်။အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာနေပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်လာသည့် အပြုသဘောဆောင်သည့် လက္ခဏာများ တွေ့လာရသည်။သံတမန်ရေး မူဝါဒဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲ၊ အဏ္ဏဝါရေးရာ ညှိနှိုင်းဆွေးနွေးပွဲ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ၊ လက်နက်ထိန်းချုပ်မှုနှင့် မပြန့်ပွားစေရေး ညှိနှိုင်းဆွေးနွေးပွဲ၊ စီးပွားကုန်သွယ်ရေး ဆွေးနွေးပွဲသစ်များကို ကျင်းပခဲ့သည်။ယင်းသည် နှစ်နိုင်ငံဆက်ဆံမှု တည်ငြိမ်စေရေးအတွက် အပြုသဘောဆောင်သော အချက်ပြခြင်းဖြစ်ပြီး ယခုသီတင်းပတ်ကျင်းပမည့် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များကြား အကြိမ်ရေများစွာတိုးမြင့်ပြီး အပြန်အလှန် ဆက်ဆံရေးပြေပြစ်အောင် လုပ်ဆောင်နေရာ ယခု ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံမည့် ရှီနှင့် ဘိုင်ဒင် တွေ့ဆုံမှုကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးလမ်းကြောင်းကို သိသိသာသာ ပြောင်းလဲသွားလိမ့်မည်ဟု ကမ္ဘာက အကောင်းဘက်က မျှော်လင့်ထားကြသည်။

လွန်ခဲ့သည့် တစ်နှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံမှု အခက်အခဲများ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရင်းမှာ ဘာလီကျွန်း သဘောတူညီမှု လက်တွေ့ဖော်ဆောင်ရေး မရှိခြင်းကြောင့်ဖြစ်သည်။ဘာလီကျွန်း တွေ့ဆုံဆွေးနွေးပွဲတွင် ရှီက ဘိုင်ဒင်ကို တရုတ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ခြင်း မူ ၃ ခုကို အခြေခံသည့် အမေရိကန်ပြည်ထောင်စုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ပြောခဲ့သည်။

ရှီက တရုတ်နှင့် အမေရိကန်ပြည်ထောင်စု၏ အောင်မြင်မှုအသီးသီးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းသာဖြစ်ကြောင်း ပြောခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံအုတ်မြစ်သည် ပြည်သူများတွင် အခြေခံသည်။မကြာသေးမီက ပြုလုပ်ခဲ့သော CGTN ၏ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းစစ်တမ်းကောက်ယူမှုတွင် တရုတ်နှင့် အမေရိကန်တို့ကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းသည် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှုကဲ့သို့သော နယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု အင်တာနက်သုံးစွဲသူ ၇၃.၅ ရာခိုင်နှုန်းက ယူဆထားသည်ဟု ဆိုသည်။

စစ်တမ်းဖြေဆိုသူ ၆၅.၈ ရာခိုင်နှုန်းကလည်း တရုတ်နှင့် အမေရိကန်ကြား ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေလိုကြသည်။ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် ဒေသတွင်း ပဋိပက္ခများနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပြဿနာများကိုဖြေရှင်းခြင်း စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနိုင်ငံများ၏ ဉာဏ်ပညာနှင့် ခွန်အားကို အထောက်အကူဖြစ်စေမည်ဟု ဆိုကြသည်။

လွန်ခဲ့သည့် တစ်နှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံမှု အခက်အခဲများ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရင်းမှာ ဘာလီကျွန်း သဘောတူညီမှု လက်တွေ့ဖော်ဆောင်ရေး မရှိခြင်းကြောင့်ဖြစ်သည်။ယခု ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်သော မဟာဗျူဟာမြောက် ကိစ္စရပ်များ၊ အလုံးစုံကိစ္စရပ်များနှင့် ဦးတည်ချက်ဆိုင်ရာ ကိစ္စရပ်များကို လေးနက်စွာ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးပြဿနာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဆိုထားသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် မော်နင်းက တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်မှ ဖော်ပြထားသော တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေခြင်းဟူသော မူ ၃ ရပ်ဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို အမြဲတစေရှုမြင်ကာ ကိုင်တွယ်ဖြေရှင်းကြောင်း၊ အမေရိကန်နိုင်ငံအား စစ်အေးသစ်ကို မရှာကြံခြင်း၊ တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိခြင်းဟူသော ကတိပြုချက်များကို လက်တွေ့ကျ အကောင်အထည်ဖော်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ကမ္ဘာကြီးသည် လမ်းဆုံလမ်းခွတွင် ရပ်တည်နေပြီး မငြိမ်မသက်မှုနှင့် အပြောင်းအလဲကာလသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

ကောင်းမွန်တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးက ကမ္ဘာ့ထိပ်တန်းစီးပွားရေး နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာမက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အကျိုးစီးပွားအတွက်ပါ အရေးပါလာနေပြီဖြစ်သည်။    

ကမ္ဘာ့စနစ်တစ်ခုလုံး တစ်နေ့တခြား ပိုမိုရှုပ်ထွေးလာပြီး အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့် အခြေအနေတွင် ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနှစ်ခု၏ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး သံတမန်ရေးရာ ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်လာသည်။တစ်ခြားတစ်ဖက်တွင် ဂျိုးဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို ဦးဆောင်နေကြရာ ထိုနှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုသည် ကမ္ဘာကြီး တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါနေသည်။

ထို့ထက်ပိုပြီးအရေးကြီးသည်က ကမ္ဘာအတွက် လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ကျော်လွှားရန်အတွက် နှစ်နိုင်ငံစလုံးက တစ်ယောက်ကို တစ်ယောက် လိုအပ်နေခြင်းကြောင့် ဖြစ်လေသည်။

လင်းသစ်အောင်