【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ထိပ်တန်း ရေတပ်အဖြစ် ဘက်စုံတည်ဆောက်မယ်လို့ ရှီ အလေးနက်ထား ဆို

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့ထိပ်တန်း ရေတပ်အဖြစ် ဘက်စုံတည်ဆောက်မယ်လို့ ရှီ အလေးနက်ထား ဆို

ပါတီနှင့် ပြည်သူတို့မှ ယုံကြည်အပ်နှံသော လုပ်ငန်းတာဝန်အမျိုးမျိုးကို လုပ်ဆောင်ရန်အတွက် အဆင့်အတန်းမြင့်မားသော ရေတပ်တစ်ခုကို တည်ဆောက်ရန် လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်တွင် စစ်တပ်အင်အား တောင့်တင်းရန် ရည်မှန်းထားသော ပါတီ၏ မျှော်မှန်းချက်ကို ပြည့်မီစေရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ နိုင်ငံရေးသစ္စာစောင့်သိမှုကို ဆက်လက်မြှင့်တင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများနှင့် နည်းပညာတို့၏ အကူအညီဖြင့် နည်းဥပဒေနှင့်အညီ လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ဆိုသည်။

သမ္မတ ရှီသည် တရုတ်အရှေ့ပိုင်း၊ ရှန်တုန်းပြည်နယ်၊ ကျန်းတောင်ကမ်းရိုးတန်းရှိ ရေတပ်ကို အလည်အပတ်သွားခဲ့စဉ်က စစ်သားများနှင့်အတူ လက်ဆုံကျ စကားပြောခဲ့ကာ ဘဝနှင့် အလုပ်အကြောင်းများကို မေးမြန်းခဲ့သည်။

နှစ်ပေါင်းများစွာ ရေငုပ်သင်္ဘောများတွင် နေထိုင်ပြီး ပင်လယ်အောက်တွင် အချိန်ကုန်ရသော စစ်သားများအတွက် စိုးရိမ်ပူပန်မှုရှိသည်ဟု သမ္မတ ရှီက ပြောခဲ့သည်။စစ်သားများသည် တာဝန်အပေါ် များစွာ ရင်းနှီးမြှုပ်နှံပြီး ကြိုးစားကာ တာဝန်ဝတ္တရားများကို ထမ်းဆောင်ကြသည်ကို အသိအမှတ်ပြုကြောင်းလည်း ဆိုသည်။

တပ်ဖွဲ့ဝင်များအနေဖြင့် ရည်ရွယ်ချက် ခိုင်မာစွာဖြင့် အရည်အသွေးများကို တိုးတက်ကောင်းမွန်စေပြီး ခိုင်မာသော တပ်ဖွဲ့တစ်ခုကို တည်ဆောက်ရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။သမ္မတ ရှီသည် ကိရိယာအပြည့်အစုံဖြင့် လေ့ကျင့်နေသော ရေငုပ်တပ်ဖွဲ့၏ လေ့ကျင့်မှုကိုလည်း လေ့လာဆန်းစစ်ခဲ့သည်။

လေ့ကျင့်ရေးများမှတစ်ဆင့် တပ်ဖွဲ့ဝင်များအတွက် အကျိုးအမြတ်ရရှိသောကြောင့် လေ့ကျင့်ရေးအခြေခံအဆောက်အအုံများကို ဆက်လက်တိုးတက်သွားအောင် လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ထို့နောက် ရှီသည် ရုံးချုပ်ရှိ အကြီးတန်းရေတပ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းအစီအရင်ခံစာကို နားထောင်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးအခြေအနေများ ပြောင်းလဲလာသည်ကို လိုက်ကာ စစ်ရေးရုန်းကန်ရမှုများအတွက် ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။လေ့ကျင့်ရေးများ၏ ပြင်းအားကိုလည်း မြှင့်တင်ရန် လိုအပ်သလို တီထွင်ဆန်းသစ်မှုရှိရန်လည်း လိုအပ်ကြောင်း ဆိုသည်။အဆင့်တစ်ခုချင်းစီအလိုက် ပစ်မှတ်ထား လေ့ကျင့်မှုမျိုးကိုလည်း လုပ်ဆောင်ရန် ရှီက အကြံပေးခဲ့သည်။

ရေတပ်ကို ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် အဆင့်အတန်းမြင့်မားသော တိုက်ခိုက်ရေးအင်အားစုဖြစ်ရန် လုပ်ငန်းများကို အရှိန်မြှင့်တင်ကာ အားနည်းချက်များကို အာရုံစိုက်ပြီး အောင်မြင်မှုရယူရေးကိုလည်း တိုက်တွန်းခဲ့သည်။

ထို့အပြင် ရေတပ်၏ ဝေဟင်တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲ တိုးတက်လာရေးအတွက် ရေရှည်အစီအစဉ်များနှင့် ထိပ်တန်းအဆင့်ရှိ ဒီဇိုင်းပုံစံများ လိုအပ်ကြောင်းလည်း ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များအပေါ်တွင် ပါတီ၏ ဦးဆောင်မှုနှင့် ပါတီကျင့်ဝတ်စည်းကမ်းများကို တိုးတက်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းတို့က အရေးပါသောကြောင့် ပါတီအနေဖြင့် စည်းကမ်းထိန်းသိမ်းခြင်းနှင့် လာဘ်စားမှု တိုက်ဖျက်ခြင်းများကို အားဖြည့်ရန် လိုအပ်သည်ဟု ရှီက ဆိုသည်။

“စစ်တပ်ထဲမှာ မူဝါဒဆိုင်ရာ လုပ်ငန်းတွေကို အားကောင်းစေပြီးတော့ တိုက်ခိုက်ရေးစွမ်းရည်တွေဟာလည်း စစ်တပ်တည်ဆောက်ရေး စံနှုန်းအဖြစ် ရှိသင့်ပါတယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။

ရေတပ်အနေဖြင့် အရပ်ဘက်ဆိုင်ရာ ဌာနများ၊ တီထွင်ဆန်းသစ်မှု အဖွဲ့အစည်းများနှင့် ယန္တရားများ၊ ဖွံ့ဖြိုးတိုးတက်မှု နမူနာများနှင့် ပူပေါင်းကာ စစ်တပ်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု သမ္မတ ရှီက ဆိုသည်။

စိုးနိုင်ထွန်း
Ref - Xi stresses building elite maritime force during navy inspection | Chinadaily