【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၁)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၁)

          ၁။ နောက်ခံအကြောင်းအရာ

လုံခြုံရေးဆိုင်ရာ အကြောင်းအရာသည် နိုင်ငံအားလုံးရှိ ပြည်သူများ၏ ကောင်းကျိုး၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားမျိုးနွယ်၏ အနာဂတ်တို့အတွက် အရေးပါသည်။

ယနေ့ခေတ်တွင် မိမိတို့၏ ကမ္ဘာကြီး၊ အချိန်ကာလနှင့် သမိုင်းကြောင်းများသည် ယခင်ကနှင့်မတူဘဲ ပြောင်းလဲနေပြီဖြစ်ကာ နိုင်ငံတကာအသိုက်အဝန်းသည် စိန်ခေါ်မှုနှင့် အန္တရာယ်အသစ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

ဒေသတွင်း၌ လုံခြုံရေးပြဿနာများ ဖြစ်ပေါ်နေပြီး နိုင်ငံများ၌ ပဋိပက္ခများဖြစ်ပေါ်နေချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ဆက်လက်ဖြစ်ပေါ်နေကာ တစ်ဖက်သတ်ဆန်သော အယူဝါဒများဖြစ်ပေါ်နေပြီး သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုပုံစံများ၌ ပြဿနာများသည် ကြီးထွားလာပြီး ကမ္ဘာကြီးသည် သမိုင်းကြောင်း၌ အရေးပါသော အခိုက်အတန့်တွင် ရှိနေခြင်းဖြစ်သည်။

ယခုအချိန်သည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော်လည်း မျှော်လင့်ချက်လည်းရှိနေသော အချိန်ဖြစ်သည်။ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေးများကို မရပ်တန့်နိုင်ကြောင်း ယုံကြည်သည်။ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လက်ကိုင်ထားခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုကို အားပေးမြှင့်တင်ခြင်းသည် နိုင်ငံအားလုံး၏ ဘုံပန်းတိုင် ဖြစ်သင့်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်ကို အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ညီညွှတ်စွာဖြင့် ရှုပ်ထွေးခက်ခဲသော လုံခြုံရေးပြဿနာများကို အားလုံးအကျိုးရစေမည့် စိတ်ဓာတ်ဖြင့် ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်သည် နိုင်ငံတကာပဋိပက္ခများ၏ အဓိကပြဿနာအရင်းအမြစ်ကိုဖြေရှင်းရန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအုပ်ချုပ်မှု အားကောင်းလာစေရန်၊ တည်ငြိမ်မှုများ ဖော်ဆောင်ရာတွင် နိုင်ငံတကာ၏ ပူးပေါင်းအင်အားကို အသုံးပြုရန်၊ ထိခိုက်လွယ်ပြီး ပြောင်းလဲနေသော ခေတ်ကာလတွင် ရေရာသေချာမှုကို ယူဆောင်ပေးရန်နှင့် ကမ္ဘာကြီးအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးတက်လာစေရန် ရည်ရွယ်သည်။

           ၂။ အဓိက အယူအဆများနှင့် မူဝါဒများ

၁ - ဘုံဖြစ်သော၊ အားလုံးခြုံငုံသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော လုံခြုံရေးမျှော်မှန်းချက်အတွက် ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန်။

၂၀၁၄ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖျင်က အစပြုခဲ့သော ဘုံဖြစ်သော၊ အားလုံးခြုံငုံသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော လုံခြုံရေးမျှော်မှန်းချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လက်ခံအားပေးခဲ့သည်။ထိုမျှော်မှန်းချက်ဖြင့် နိုင်ငံအားလုံး၏ လုံခြုံရေးကို လေးစားကာကွယ်ရန်၊ လုံခြုံရေးအုပ်ချုပ်မှုကို ပူးပေါင်းမြှင့်တင်ရန်၊ နိုင်ငံရေးဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုများမှတစ်ဆင့် လုံခြုံရေးရရှိစေရန်နှင့် ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည်။လူ့ကျင့်ဝတ်၊ တရားမျှတမှုနှင့် အခွင့်အရေးတို့ရှိမှသာ လုံခြုံရေးကို ပြည့်ပြည့်ဝဝ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။

၂ - နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေသိက္ခာကို လေးစားခြင်းအပေါ် ဆက်လက်ကတိကဝတ်ပြုရန်။

အချုပ်အခြာအာဏာ ညီမျှမှုရှိခြင်းနှင့် ပြည်တွင်းကိစ္စများကို ဝင်ရောက်စွက်ဖက်မှုမရှိခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအတွက် အခြေခံစံနှုန်းဖြစ်သည်။နိုင်ငံများ၏ ပြည်တွင်းရေးကို မည်သူကမျှ ကြားဝင်စွက်ဖက်ခွင့်မရှိဘဲ ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်သည်။အချုပ်အခြာအာဏာအရ အမှီအခိုကင်းမဲ့ခြင်းနှင့် ညီညွှတ်မှုရှိစေရန်နှင့် နိုင်ငံအားလုံး၌ အခွင့်အရေး၊ စည်းမျဉ်းစည်းကမ်းနှင့် အခွင့်အလမ်းများ သာတူညီမျှစွာရရှိစေရန် ကြိုးပမ်းရမည်ဖြစ်သည်။  

၃ - ကုလသမဂ္ဂပဋိဉာဉ်၏ ရည်ရွယ်ချက်များနှင့် မူဝါဒများအား လိုက်နာမည့် ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန်။

ကုလသမဂ္ဂပဋိဉာဉ်၏ ရည်ရွယ်ချက်များနှင့် မူဝါဒများသည် လုံခြုံရေးနှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် လူသားချင်းစာနာထောက်ထားသော ဌာနဆိုင်ရာ ပုံစံများဖြစ်သည်။ထိုရည်ရွယ်ချက်များနှင့် မူဝါဒများအား ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်သောကြောင့် ယနေ့ခေတ်၌ ထိပ်တိုက်တွေ့မှုများနှင့် တရားမမျှတမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။နိုင်ငံအားလုံးအနေဖြင့် ဘက်ပေါင်းစုံပါဝင်သော မူဝါဒကို လက်ကိုင်ထားပြီး ကုလသမဂ္ဂကို ဗဟိုပြုကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူတို့နှင့်အညီ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစိုးရ အဓိကပလက်ဖောင်းအဖြစ် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်နှင့် အခန်းကဏ္ဍကို အသိအမှတ်ပြုရန် တိုက်တွန်းသည်။ စစ်အေးခေတ်စိတ်ဓာတ်၊ တစ်ဖက်သတ်ဆန်မှု၊ ထိပ်တိုက်တွေ့မှုနှင့် လက်ဝါးကြီးအုပ်မှုများသည် ကုလသမဂ္ဂပဋိဉာဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ငြင်းဆန်တုံ့ပြန်ရမည်ဖြစ်သည်။  

၄ - နိုင်ငံအားလုံး၏ လုံခြုံရေးစိုးရိမ်မှုများအား အလေးအနက်ထား ထည့်သွင်းစဉ်းစားမည့် ကတိအား ဆက်လက်ထိန်းသိမ်းရန်။

နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို အခြားနိုင်ငံအား ထိခိုက်စေခြင်းဖြင့် မရရှိနိုင်ပေ။နိုင်ငံအားလုံးသည် လုံခြုံရေးအကျိုးစီးပွားတွင် တန်းတူညီမှုရှိပြီး ထိုနိုင်ငံများ၏ တရားဥပဒေကျပြီး အကျိုးအကြောင်းသင့်လျော်သော လုံခြုံရေးပြဿနာများကို အလေးအနက် ထည့်သွင်းဖြေရှင်းရမည်ဖြစ်သည်။တစ်ဦးတစ်ယောက် လုံခြုံရေးနှင့် ဘုံလုံခြုံရေး (သို့မဟုတ်) သမားရိုးကျလုံခြုံရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး၊ လုံခြုံရေးအခွင့်အရေးများနှင့် လုံခြုံရေးတာဝန်များ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ခွဲခြားထုတ်ပယ်၍ မရခြင်းကို လက်ကိုင်ထားသည်။လုံခြုံရေးဆိုင်ရာ ဗိသုကာတွင် ဟန်ချက်မျှပြီး ရေရှည်တည်တံ့မှုရှိရန် လိုအပ်ပြီး ထိုမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဘုံလုံခြုံရေးကို အာမခံနိုင်မည်ဖြစ်သည်။  

၅ - နိုင်ငံများအကြား ကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ညှိနှိုင်းဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိကဝတ်အား ဆက်လက်ဖော်ဆောင်ရန်။

စစ်ပွဲနှင့် အရေးယူပိတ်ဆို့မှုများက အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဆွေးနွေးမှုများဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကသာ အကျိုးသက်ရောက်မှုရှိနိုင်သည်။ နိုင်ငံတကာအနေဖြင့် မဟာဗျူဟာကျသော ဆက်ဆံရေး၊ အပြန်အလှန် လုံခြုံရေးယုံကြည်ချက်ရှိမှုတို့ကို မြှင့်တင်ကာ တင်းမာမှုများကို ငြင်းဆန်ပြီး ပြဿနာများ၏ အရင်းအမြစ်ကို ဖယ်ရှားပစ်ရန် တိုက်တွန်းသည်။နိုင်ငံကြီးများအနေဖြင့် တရားမျှတမှုကို လက်ကိုင်ထားကာ တာဝန်ဝတ္တရားနှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရေး၊ နိုင်ငံများ၏ လိုအပ်ချက်နှင့် ဆန္ဒများ အကောင်အထည်ဖော်ရေးတို့အတွက် ဦးဆောင်ပါဝင်သင့်သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှုအား ထောက်ခံအားပေးပြီး ပဋိပက္ခတွင်ပါဝင်နေသူအားလုံးအား အငြင်းပွားမှုများ ရပ်တန့်ပြီး ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာရန် တိုက်တွန်းသင့်သည်။တစ်ဖက်သတ်ဆန်သော အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ထောက်ပံ့မှုများသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပိုမိုခက်ခဲရှုပ်ထွေးစေမည်ဖြစ်သည်။

၆ - သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော အခြေအနေများတွင် လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းသွားမည့် ကတိကဝတ်ကို ထိန်းသိမ်းရန်။

လုံခြုံရေးပြဿနာများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်စပ်နေပြီး သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများလည်း များပြားလာသည်။နိုင်ငံအားလုံးအနေဖြင့် ပိုမိုညှိနှိုင်းကြရန်၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတွင် အတူပါဝင်ပြီး အကျိုးအမြတ်များကို မျှဝေရန်၊ အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေးကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒေသတွင်း အငြင်းပွားမှုများကို အတူဖြေရှင်းရန် တိုက်တွန်းပါသည်။

များစွာသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဖြေရှင်းချက်ဖော်ထုတ်ကာ သက်ဆိုင်ရာစည်းမျဉ်းများကို တိုးတက်စေပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအုပ်ချုပ်မှုကို တွန်းအားပေးပြီး စိန်ခေါ်မှုများကို ဖြေရှင်းတားဆီးနိုင်မည့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များရှာရန် အတူလုပ်ဆောင်ရမည်ဖြစ်သည်။

ထိုကတိကဝတ်ခြောက်ခုသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်ချိတ်ဆက်နေကြခြင်းဖြစ်သည်။ဘုံဖြစ်တည်သော၊ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော လုံခြုံရေးဖော်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအားလုံးအတွက် အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာက အခြေခံအကျဆုံးဖြစ်စေရန်၊ ကုလသမဂ္ဂပဋိဉာဉ်၏ ရည်ရွယ်ချက်များနှင့် မူဝါဒများကို အဓိကမှတ်တိုင်အဖြစ် အသုံးပြုရန်၊ ကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ညှိနှိုင်းဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန်၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော အခြေအနေများတွင် လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းသွားရန်တို့ဖြစ်သည်။

           (ဆက်လက်ဖော်ပြမည်။)

စိုးနိုင်ထွန်း
Ref - The Global Security Initiative Concept Paper | fmprc