【 နိုင်ငံတကာဆောင်းပါး 】“နာမကျန်းဖြစ်နေတဲ့ဒီမိုကရေစီ” ဖြစ်နေတဲ့ “အမေရိကန်စတိုင်ဒီမိုကရေစီ”

【 နိုင်ငံတကာဆောင်းပါး 】“နာမကျန်းဖြစ်နေတဲ့ဒီမိုကရေစီ” ဖြစ်နေတဲ့  “အမေရိကန်စတိုင်ဒီမိုကရေစီ” 

အမေရိကန်က မိမိကိုယ်ကို ဒီမိုကရေစီရဲ့ “ထူးချွန်ကျောင်းသား” လို့ အမြဲကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ China Media Group CGTN နဲ့ Remin University of China တက္ကသိုလ်တို့ ပူးပေါင်းပြီး New Era International Communication Research Institute မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ ဖြေကြားသူများကို ကောက်ယူခဲ့တဲ့ လူထု သဘောထားစစ်တမ်း ရလဒ်မှာတော့ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူအများစုက “အမေရိကန်စတိုင်ဒီမိုကရေစီ” ကို သဘောမကျကြောင်း၊ ဖြေကြားသူ ၇၁.၁% က အမေရိကန်ရဲ့ နိုင်ငံရေးစနစ်မှာ ကြီးမားတဲ့ချို့ယွင့်ချက်တွေ ရှိနေပြီး ဒီမိုကရေစီစနစ်ရဲ့ အဓိကသဘောတရားနဲ့ အလွန်ကွာခြားနေတယ်လို့ ယူဆကြောင်း၊ ဖြေကြားသူ ၇၀.၄% က အမေရိကန်က အခြားနိုင်ငံတွေ အတုယူနိုင်တဲ့ “ဒီမိုကရေစီစံနမူနာ” မဟုတ်၊ “အမေရိကန်စတိုင်ဒီမိုကရေစီ” ရဲ့ နာတာရှည်ရောဂါက နာလန်ထူလာဖို့ခက်ခဲပြီး “နာမကျန်းဖြစ်နေတဲ့ဒီမိုကရေစီ” ဖြစ်နေပြီလို့ ယူဆကြောင်း ဖော်ပြနေပါတယ်။

ငွေကြေးရဲ့ အသုံးချခံဖြစ်လာတဲ့ “အမေရိကန်စတိုင်ဒီမိုကရေစီ”

ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အချုပ်အခြာအာဏာကို ပြည်သူက ပိုင်ဆိုင်ပါတယ်။ “ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်” လို့ မိမိကိုယ်ကို အမြဲခေါ်ဝေါ်လေ့ရှိတဲ့ အမေရိကန်ကမူ ဒီမိုကရေစီရဲ့အလင်းရောင်ကို လူနည်းစုလူကုံထံတွေပေါ်မှာ ပိုပြီးထွန်းလင်းပေးနေပါတယ်။ စစ်တမ်းမှာ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၈၀.၂% က “တစ်ဦးလျှင် တစ်မဲ” ရွေးကောက်ပွဲစနစ်က “အမေရိကန်စတိုင်ဒီမိုကရေစီ” ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ဖြေကြားသူ ၇၂.၅% က ပြည့်သူ့ဆန္ဒကို ရွေးကောက်ပွဲကျင်းပတဲ့အခါမှသာ ထုတ်ဖော်ပြောကြားကြပြီး ရွေးကောက်ပွဲပြီးဆုံးသွားတဲ့အခါ နိုင်ငံရေးသမားတွေက တဖြည်းဖြည်း မေ့လျော့သွားကြတယ်လို့ ယူဆကြပါတယ်။

ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာတဲ့အာဏာဟာ ဓနရှင် လူကုံထံလူနည်းစုကို ဝန်ဆောင်မှုပေးတာ ပိုများပြီး အများပြည်သူရဲ့အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးတာမဟုတ်ဘူးလို့ စစ်တမ်းမှာ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၇၄.၅% က ယူဆကြပါတယ်။ ဖြေကြားသူ ၆၈% က “အမေရိကန်စတိုင်ဒီမိုကရေစီ” ဟာ လူကုံထံလူနည်းစုသာ ကစားနိုင်တဲ့ ငွေကြေးဂိမ်းကစားနည်း ဖြစ်နေပြီလို့ ယူဆကြပါတယ်။

“မြည်း နဲ့ ဆင် အားပြိုင်မှု” က လူ့အဖွဲ့အစည်းကွဲပြဲမှုကို ပိုမိုဆိုးရွားစေခြင်း

“အမေရိကန်စတိုင်ဒီမိုကရေစီ” ဟာ ဒီမိုကရေစီအယူအဆနဲ့ တဖြည်းဖြည်းဝေးကွာလာပြီး လက်တွေ့ ဖော်ဆောင်ရာမှာလည်း ရှေ့တိုးရန် ခက်ခဲနေပါတယ်။ အမေရိကန်က အမြဲတစေကြွားဝါလေ့ရှိတဲ့ “ချိန်ခွင် လျှာညှိတဲ့နိုင်ငံရေး” ဟာ ဒီမိုကရက်တစ်ပါတီ နဲ့ ရီပတ်ဘလစ်ကန်ပါတီ ရဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် အလွန်အကျွံအားပြိုင်မှုတွေကြားမှာ အစောကတည်းက “ဗီတိုအာဏာသုံးတဲ့ နိုင်ငံရေး” ဖြစ်နေပါပြီ။ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၂၄.၈% ကသာ အမေရိကန်ရဲ့ ပါတီနှစ်ရပ်အကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုများ ပိုရှိတယ်လို့ ယူဆကြောင်း၊ ပါတီနှစ်ရပ်အကြားအားပြိုင်မှုက အမေရိကန် လူ့အဖွဲ့အစည်းရဲ့ ကွဲပြဲမှုကို ပိုမိုဆိုးရွားစေတယ်လို့ ဖြေကြားသူ ၈၅% က ယူဆကြောင်း၊ ပါတီနှစ်ရပ်အကြားအားပြိုင်မှုက အမေရိကန် နိုင်ငံရေးစနစ်ရဲ့ ကြီးမားတဲ့ချို့ယွင်းချက်ကို ပိုမိုကြီးထွားလာစေတယ်လို့ ဖြေကြားသူ ၈၄.၅% က ယူဆကြောင်း အချက်အလက်တွေမှာ ဖော်ပြနေပါတယ်။

အမေရိကန်ရဲ့ ပါတီနှစ်ရပ်အကြားအားပြိုင်မှုက အမေရိကန်ရဲ့ တရားစီရင်မှုစနစ်ကို ထိခိုက်စေတယ်လို့ ဖြေကြားသူ ၈၂.၆% က ယူဆပါတယ်။ ပါတီတွေအကြား အားပြိုင်မှုကြောင့် အမေရိကန်ရဲ့ အုပ်ချုပ်ရေး စနစ်နဲ့ ဥပဒေပြုရေးစနစ်အကြား သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေကို ပိုမိုနက်ရှိုင်းလာစေတယ်လို့ ဖြေကြား သူ ၇၉.၉% က ယူဆပါတယ်။ ဒီစစ်တမ်းဒေတာနှစ်ခုဟာ မြောက်အမေရိကတိုက်ရဲ့ ဖြေကြားသူတွေမှာ ရာခိုင်နှုန်းပိုများပြီး ၈၆.၆% နဲ့ ၈၀.၈% အသီးသီးရှိပါတယ်။

စီမံအုပ်ချုပ်မှုစွမ်းရည် ပျောက်ဆုံးပြီး “အမေရိကန်စတိုင်ဒီမိုကရေစီ” ရဲ့ အရှက်ကာမျက်နှာဖုံးကို ခွာချလိုက်ခြင်း

ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူတွေရဲ့အမြင်မှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးဆုံး အချက်တွေကတော့ “အခြေခံ ရှင်သန်ရပ်တည်ခွင့် အာမခံချက်ရှိစေရေး” (၄၀.၇%) ၊ “လူတိုင်း တန်းတူညီမျှရေး” (၂၉.၃%) ၊ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး” (၂၉%) ၊ “လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေး” (၂၈.၄%) နဲ့ “လူမှုရေး တည်ငြိမ်မှုနဲ့ လူ့အဖွဲ့အစည်းအစီအစဉ်ကို ထိန်းသိမ်းရေး” (၂၅.၆%) တို့ ဖြစ်ပါတယ်။ “အမေရိကန်စတိုင်ဒီမိုကရေစီ” က ကြွေးကြော်ထားတဲ့ “တစ်ဦးလျှင် တစ်မဲ ရွေးကောက်ပွဲစနစ်” (၁၂.၄%) နဲ့ “အာဏာချိန်ခွင်လျှာညှိရေး” (၁၀%) ကတော့ အဆင့် ၁၀ နဲ့ ၁၃ မှာ ရှိနေပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒတွေကို ရောင်ပြန်ဟပ်နေပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးကာ ပြည်သူလူထုရဲ့ စောင့်ကြည့်မှုကို လက်ခံနိုင်ရမယ်လို့ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၈၈.၃% က ယူဆပါတယ်။ ဒီမိုကရေစီဟာ ပြည်သူလူထုဘဝရဲ့ ကဏ္ဍပေါင်းစုံနဲ့ ဆက်စပ်နေပြီး ပြည်သူ့ရေး ရာ ကိစ္စရပ်အသီးသီးကို ဒီမိုကရေစီနည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်လို့ ဖြေကြားသူ ၈၁.၅% က ယူဆပါတယ်။

“အမေရိကန်စတိုင်ဒီမိုကရေစီ” ကိုလက်တွေ့ဖော်ဆောင်သည့်ဖြစ်စဉ်အတွင်း တရားမျှတမှုကိုထိန်းသိမ်းရန်ခက်ခဲတာကြောင့် အမေရိကန်ရဲ့ လူ့အဖွဲ့အစည်း စီမံအုပ်ချုပ်မှုစွမ်းရည် ပျောက်ဆုံးတဲ့ ပြဿနာဟာ တစ်နေ့တခြား ဆိုးရွားလာပါတယ်။ စစ်တမ်းမှာ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၇၇.၅% က အမေရိကန်လူ့အဖွဲ့ အစည်းရဲ့ ဆင်းရဲချမ်းသာကွာဟ ချက် ဆက်လက်ကျယ်ပြန့်လာတယ်လို့ ယူဆပါတယ်။ ဖြေကြားသူ ၈၅.၆% ကတော့ အမေရိကန်ရဲ့ လက်ရှိ နိုင်ငံရေးစနစ်က သေနတ်ကိုင် အကြမ်းဖက်တဲ့ ရာဇဝတ်မှုပြဿနာတွေကို အမြစ်ဖြတ်နိုင်ဖို့ ခက်ခဲတယ်လို့ ယူဆပါတယ်။ ဖြေကြားသူ ၇၄.၃% က အမေရိကန်မှာ မူးယစ်ဆေးဝါးပျံ့နှံမှု အရှိန်မြင့်လာတယ်လို့ ယူဆပါတယ်။ ဖြေကြားသူ ၇၇.၁% က အမေရိကန်မှာ စနစ်ကျတဲ့ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ်လို့ ခံစားမိပါတယ်။

အပြောနဲ့အလုပ်မညီတဲ့ “လွတ်လပ်စွာပြောဆိုခွင့်”

လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ “အမေရိကန်စတိုင်ဒီမိုကရေစီ” ရဲ့ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ “အမှတ်တံဆိပ်” က ငွေကြေး နဲ့ ပါတီနိုင်ငံရေးအတွက် ဝန်ဆောင်မှုပေးနေခဲ့တာ ကြာမြင့်ပါပြီ။ အမေရိကန်မှ နိုင်ငံရေးသမားများ၊ မီဒီယာသမားများက ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေကိုအသုံးချပြီး သတင်းမှားတွေ ဖြန့်နေတယ်လို့ စစ်တမ်းမှာ ကမ္ဘာတစ်ဝန်းမှ ဖြေကြားသူ ၈၈.၆% က ယူဆပါတယ်။ ဖြေကြားသူ ၆၅.၂% ကတော့ အမေရိကန်မီဒီယာတွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းရှိပြီး လွတ်လပ်မှုနဲ့ အမှန်တရားအတွက် ဝန်ဆောင်မှုပေးတယ်လို့ ကြွေးကြော်ကြပေမယ့် လက်တွေ့မှာတော့ အထူးအကျိုးစီးပွားအုပ်စုတွေကို ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဖြေကြားသူ ၉၂% က အမေရိကန်မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေဟာ တရားမျှတမှုကင်းမဲ့နေတယ်လို့ ထောက်ပြကြပါတယ်။ အမေရိကန်မီဒီယာတွေဟာ ယုံကြည်စိတ်ချရမှု မရှိတဲ့အပြင် လူမှုဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မြှင့်တင်နိုင်ခြင်းမရှိဘူးလို့ ဖြေကြားသူ ၈၄.၁% က ယူဆပါတယ်။

“အမေရိကန်အပေါ်အမြင်” လူထုသဘောထားစစ်တမ်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထားစစ်တမ်း ၃ ခုမှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၃၂ နိုင်ငံမှ ဖြေကြားသူ ၃၉၃၁၅ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြေကြားသူတွေဟာ အဓိကဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြပြီး အမေရိကန်၊ ဂျာမနီ၊ ပြင် သစ်၊ ဂျပန်၊ စင်ကာပူ၊ စပိန် စတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှ ပါဝင်သလို တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှလည်း ပါဝင်ပါတယ်။