【 နိုင်ငံတကာဆောင်းပါး 】အာရပ်ကမ္ဘာနှင့် တရုတ်အခန်းကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】အာရပ်ကမ္ဘာနှင့် တရုတ်အခန်းကဏ္ဍ

BRI ၏ ကြီးကျယ်သောကြိုးပမ်းမှုဖြင့် ရှေးခေတ်ပိုးလမ်းမကြီးကို ပြန်လည်ခြေရာခံသည့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုသမိုင်းကို တည်ဆောက်ရာတွင် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းကို တန်ဖိုးထားသည့် မိတ်ဖက်အဖြစ် မျှော်မှန်းထားသည်ကို ယခုနှစ်ပိုင်းအတွင်း တွေ့မြင်လာရသည်။ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေး၊ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအခြေခံမူများတွင် အမြစ်တွယ်နေသော ဤအမြော်အမြင်ရှိသော ကြိုးပမ်းဆောင်ရွက်မှုသည် ပါဝင်သည့်နိုင်ငံအားလုံးအတွက် သာယာဝပြောရေးကို ရှေးရှုရန် ကြိုးပမ်းလာသည့်အတွက် တရုတ်နဲ့ အာရပ်နိုင်ငံတွေ၏ ပူးပေါင်းဆောင်ရွက်မှုသည်  ပိုမိုဆက်ဆံမှုစည်းနှောင်လာနေသည်ကိုတွေ့ရသည်။

ခေတ်သစ်အာရပ်-တရုတ်ဆက်ဆံရေးသည် ရှီလက်ထက်တွင် သိသိသာသာအရှိန်ရလာပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ကဏ္ဍပေါင်းစုံတွင် အား ကောင်းခဲ့သည်။ အာရပ်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးကိုကြည့်ပါက ဘက်ပေါင်းစုံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွင် လွှမ်းခြုံထားသည်ကိုတွေ့ရမည် ဖြစ်သည်။ ဤသည်မှာ ခေတ်သစ်အာရပ်-တရုတ်ဆက်ဆံရေး၏ အဓိကကျသောရှုထောင့် အချို့ဖြစ်သည်။

သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများစွာအတွက် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ အာရပ်နိုင်ငံများသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသဘာဝအရင်းအမြစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြပြီး၊ တရုတ်က အာရပ်ကမ္ဘာရှိ အခြေခံအဆောက်အအုံ စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံကြသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကစခဲ့သည့် တရုတ်နိုင်ငံ၏ ကြီးမားသော အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှု ပရောဂျက်(Belt and Road Initiative -BRI) ကြောင့်  တရုတ်နှင့် အာရပ်နိုင်ငံများကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်စေခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကထုတ်လုပ်သူများဖြစ်သည့် အာရပ်နိုင်ငံများနှင့် ကမ္ဘာ့အကြီးဆုံးစွမ်းအင်သုံးစွဲသူဖြစ်သည့် တရုတ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည် အာရပ်-တရုတ် ဆက်ဆံရေး၏ အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များ လိုအပ်ချက်ကြောင့် အာရပ်ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်ပယ်တွင် တရုတ်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေပြီး အာရပ်ထုတ်လုပ်သူများနှင့် တရုတ်ဝယ်လက်များအကြား ရေရှည်ထောက်ပံ့ရေး သဘောတူညီချက်များ တိုးလာစေသည်။

အာရှ၊ ဥရောပနှင့် အာဖရိကတို့ဆုံရာတွင် မဟာဗျူဟာကျကျတည်ရှိနေသည့် အာရပ်နိုင်ငံများသည် BRI ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ရာ တရုတ်သည် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ၊ ဆွေးနွေးမှုများမှတစ်ဆင့် အာရပ်ကမ္ဘာတွင် ၎င်း၏အခန်းကဏ္ဍကိုမြှင့်တင်ခဲ့သည်။ မကြာသေးသည့် မတ်လက အရှေ့ အလယ်ပိုင်းဒေသရှိ ရန်ဘက်နှစ်နိုင်ငံဖြစ်သော အီရန်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်စရန်ကြေညာခဲ့မှုက ကမ္ဘာ့ကို အံ့ဩမင်သက်မိစေခဲ့သည်။ ထိုအခင်းအကျင်းနောက်ကွယ်တွင် တရုတ်အဓိကပါဝင်နေသလို ဆွေးနွေးပွဲများကို ကမကထပြုခဲ့ခြင်းကြောင့် ဖြစ်လာခြင်းဖြစ်သည်။ နိုင်ငံတကာမီဒီယာများဖော်ပြချက်အရဆိုလျှင် အဆိုပါရန်ဘက်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးပြန်စနိုင်ရန်အတွက် အစောပိုင်းကတည်းက တရုတ်ဘက်မှ ချည်းကပ်စေ့စပ်ဆွေးနွေးနေခြင်းဟုဆိုသည်။

၂၀၂၃ ခုနှစ် မတ်လတွင် အီရန်နှင့် ဆော်ဒီအာရေဗျတို့သည် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီခဲ့ကြပြီး ထိုဆွေးနွေးပွဲကို တရုတ်က အိမ်ရှင်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက်တွင် အရှေ့အလယ်ပိုင်း၏ မတည်ငြိမ်မှုအခင်းအကျင်းမှာ ပြောင်းလဲလာခဲ့သည်။ အီရန်နှင့် ဆော်ဒီကြား သံတမန်ဆက်ဆံရေးပြန်စလာနိုင်ခြင်းကြောင့် ပင်လယ်ကွေ့ဒေသတွင် ထူးခြားသော အကျိုးသက်ရောက်မှုများကို တွေ့လာရသည်။ ကာလကြာရှည်ပြည်တွင်းစစ်ဖြစ်နေသည့် ယီမင်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလားအလာများဖြစ်ပေါ်လာပြီး နှစ်ဖက်အကျဉ်းသားလဲလှယ်မှုများ ဖြစ်လာခဲ့သည်။ အီဂျစ်နှင့် အီရန်ကြား သံတမန်ဆိုင်ရာ ဆွေးနွေးမှုလည်း ဖြစ်လာခဲ့သည်။

ရှီကျင့်ဖျင်၏ တတိယသက်တမ်းတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ကို ဦးဆောင်မည့်ရည်မှန်းချက်ရှိခဲ့ရာ အာရပ်ကမ္ဘ့ာငြိမ်းချမ်းရေးအတွက် တရုတ်၏ကမကထပြုမှုဖြင့် အရိပ်ယောင်သန်းလာခြင်းက ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုအတွက် ကောင်းသောအလားအလာဖြစ်သည်။ 

မကြာမီက ဆော်ဒီအာရေးဗီးယားသည် ရီယာ့ဒ်မြို့တော်မှာ ၁၀ ကြိမ်မြောက် အာရပ်-တရုတ် စီးပွားရေး ညီလာခံကို နှစ်ရက်ကြာပြုလုပ်ခဲ့သည်။ ဇွန်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် အဆိုပါ ညီလာခံသည် ဆော်ဒီအာရေးဗီးယား ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရပ်အဖွဲ့ချုပ် အထွေထွေ အ တွင်းရေးမှူး၊ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး တရုတ် ကောင်စီနှင့် အခြား အစိုးရ အဖွဲ့အများအပြားတို့ ပူးပေါင်းကြိုးပမ်းမှု ဖြစ်သည်။

အဆိုပါ ညီလာခံတွင် နယ်ပယ်ပေါင်းစုံမှ ဘာသာရပ်အမျိုးမျိုးကို လွှမ်းခြုံထားသည့် ကဏ္ဍများနှင့် ဆွေးနွေးမှုများနှင့်အတူ ကွန်ရက်ချိတ်ဆက်မှုအတွက် ဆွဲဆောင်မှုရှိသော ပလက်ဖောင်းတစ်ခုကို ဖိတ်ခေါ်ရန် စီစဉ်ထားသည်။ ထိုအစီအစဉ်တွင် အဓိကကျသော ခေါင်းစဉ်များမှာ Belt and Road Initiative (BRI)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဖြေရှင်းချက်များ၊ ဆေးဝါးဆိုင်ရာ တိုးတက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ တက်ကြွသော လုပ်ငန်း ပျိုးထောင်မှုများ၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ထုံးလုပ်နည်းများနှင့် အရေးကြီးသော စားနပ်ရိက္ခာဖူလုံရေး ပြဿနာတို့ ပါဝင်သည်။

ဇွန် ၁၂ ရက်က ကျင်းပသည့် ညီလာခံတွင် ဆော်ဒီရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ၎င်း၏စီးပွားရေးလမ်းကြောင်း ကွဲပြားစေရန်နှင့် လူငယ်များ၏ စွမ်းရည်များ တိုးတက်စေရန်အတွက် ခေတ်မီ "ပိုးလမ်းမ" ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့သည့် နှစ်ရက်ကြာ အခမ်းအနားသည် ၂၀၀၅ ခုနှစ် အာရပ်-တရုတ် စီးပွားရေးညီလာခံကို စတင်ကျင်းပချိန်မှစ၍ အကြီးကျယ်ဆုံးဖြစ်ပြီး ယခုနှစ်တွင် ပါဝင်သူ ၃၀၀၀ ကျော် ပါဝင်ခဲ့သည်။

ညီလာခံပထမနေ့တွင် တရုတ်နှင့် အာရပ်နိုင်ငံတို့ကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားသော အလားအလာအဖြစ် တရုတ်ယွမ်ငွေ ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံ) ကျော် တန်ဖိုးရှိ သဘောတူညီချက် ၃၀ ကျော်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အာရပ်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏ ထူးထူးခြားခြားမြင့်တက်လာခဲ့ရာ  အမေရိကန်ဒေါ်လာ ၄၃၀ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ၃၁ ရာခိုင်နှုန်း တိုးလာသဖြင့် ယခုနှစ်တွင် ယခင်ကထက်ပိုများလာမည်ဖြစ်သည်။

တရုတ်သည်အာရပ်နိုင်ငံများအတွက် အနောက်ကမ္ဘာအစားရွေးချယ်စရာ အသစ်တစ်ခုဖြစ်လာနေရာ ရေနံအစားထိုးစီးပွားရေးကိုရှာကြံနေသည့် အာရပ်နိုင်ငံများအတွက် BRI နှင့် ချိတ်ဆက်သည့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုက မည်မျှအလုပ်ဖြစ်နေသည်ကို ယခုကျင်းပခဲ့သည့် အာရပ်-တရုတ် စီးပွားရေးညီလာခံကိုကြည့်ပါက သိနိုင်ပေသည်။

လင်းသစ်အောင်