【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ပြင်သစ်ဆက်ဆံရေး လားရာ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်-ပြင်သစ်ဆက်ဆံရေး လားရာ

မကြာသေးမီရက်သတ္တပတ်အတွင်းက တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် တရားဝင်သွားရောက်ခဲ့သည့် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန် ၏ခရီးစဉ်မှာ နိုင်ငံတကာအကျပ်အတည်းများတင်းမာမှုမြင့်တက်ချိန်၊ တရုတ်နှင့် အနောက်နိုင်ငံများကြားဆက်တိုက် ထိပ်တိုက်တိုးနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သဖြင့် နိုင်ငံတကာအတွက် ခေါင်းစဉ်ကြီးဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နိုဝင်ဘာလက ဂျာမန်အဓိပတိ Olaf Scholz သည် တရုတ်နိုင်ငံသို့ ထင်ရှားသော စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာလာရောက်ခဲ့လို့ နောက်တစ်လအကြာတွင် ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel သည် တရုတ်နိုင်ငံသို့လည်းသွားရောက်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်နိုဝင်ဘာလက G-20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် အီတလီဝန်ကြီးချုပ် ဂျော်ဂျီရာမယ်လိုနီသည်လည်း တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်လည်ပတ်မည်ဟု ကြေညာခဲ့သည်။ မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့သည်။ 
ထိုသည်ကိုကြည့်ပါက တရုတ်နိုင်ငံနှင့် အီးယူနိုင်ငံများကြားဆက်ဆံရေးမှာ ပိုမိုကျယ်ပြန်လာနေသည့် သဘောကို တွေ့မြင်ရမည်ဖြစ်သလို နိုင်ငံတကာအတွက်လည်း တရုတ်နှင့် အီးယူဆက်ဆံရေးမှာ အာရုံစိုက်စရာ ခေါင်းစဉ်တစ်ခုဖြစ်လာသည်။ အထက်တွင် ဖော်ပြသည့် ခရီးစဉ်များမှာ  တရုတ်သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်းအတွင်း ဖြစ်လာခြင်းဖြစ်ကာ ထိုသည်က ရှီ၏ တတိယသက်တမ်းသည် မည်မျှ တရုတ်နိုင်ငံအတွက် အရေးပါသည်ကိုလည်း သိနိုင်ပေသည်။  
လွန်ခဲ့သည့် ၃ နှစ်အတွင်း တရုတ်အပေါ် အမေရိကန်၏ ဘက်ပေါင်းစုံမှ ဖိနှိပ်မှု၊  COVID-19 ကူးစက်ရောဂါ၊ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ ပြင်းထန်လာစေသည့် ရုရှား-ယူကရိန်း ပဋိပက္ခ ကဲ့သို့သော အကြောင်းရင်းများက တရုတ်နှင့် အနောက်နိုင်ငံများဆက်ဆံရေးအပေါ် ဆက်တိုက်လွှမ်းမိုးမှု ရှိခဲ့သည်။ ကွဲပြားသောတန်ဖိုးများနှင့် အယူဝါဒများကြောင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချရန် အီးယူအတွင်းမှ အသံများ ပိုမိုထွက်ပေါ်လာသည်။
သို့သော်လည်း တရုတ်နှင့် အီးယူအကြား နိုင်ငံရေး အကျိုးစီးပွားဆိုင်ရာ အခြေခံ ပဋိပက္ခများ မရှိသည့် အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် တိုးတက်နေပြီး ဆက်ဆံရေးမှာလည်း စီးပွားရေးဆက်ဆံမှု မြင့်တက်လာမှုနှင့်အတူ အပြည့်အဝ ရောင်ပြန်ဟပ်ကာ မြင့်မားနေဆဲဖြစ်သည်။ လက်ရှိ ဥရောပခေါင်းဆောင်များ တရုတ်နိုင်ငံသို့ မကြာခဏ လာရောက်လည်ပတ်မှုကိုကြည့်ပါက အမေရိကန်နှင့် တရုတ်ဆက်ဆံရေးယိုယွင်းလာပြီးနောက် တရုတ်-အီးယူ ဆက်ဆံရေးမှာ ပိုမိုနွေးထွေးလာသည်ဟု ဆိုလိုပြီး အီးယူသည် တရုတ်နိုင်ငံအပေါ် အမေရိကန်နှင့် ကွဲပြားသော မူဝါဒကို ချမှတ်နေကြောင်း ညွှန်ပြနေသည်။
မက်ခရွန်၏ ခရီးစဉ်ကို ပြန်ကြည့်ပါက ထိုအခြေအနေကိုမြင်ရမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့်  ပြင်သစ်သမ္မတ မက်ခရွန်တို့  ကြာသပတေးနေ့က ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့မှုတွင် တရုတ်နှင့် EU အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဘက်စလုံးကတောင်းဆိုခဲ့သည်။
ထို့ပြင် ပြင်သစ်နိုင်ငံတစ်ဝန်း ပင်စင်သက်တမ်းပြင်ဆင်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်တွင် တရုတ်သို့လာရောက်ခြင်းကိုကြည့်လျှင် ပြင်သစ်အစိုးရသည် ပြင်သစ်စီးပွားရေးလုပ်ငန်းများ၏ မျှော်မှန်းချက်များကို ပြည့်မီစေရန်၊ ၎င်း၏ ပြည်တွင်း စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အချက်ပြသည်။
ပြင်သစ်ပါဝင်သည့် အီးယူနိုင်ငံများနှင့် ဆက်ဆံရေးကိုကြည့်ပါက COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက တရုတ်-အီးယူ ဆက်ဆံရေးသည် ရပ်တန့်သွားခဲ့ပြီး ၂၀၂၁  ခုနှစ်တွင် အပြန်အလှန် ပိတ်ဆို့ အရေးယူမှုများနှင့် တန်ပြန်အရေးယူမှုများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ရုရှား-ယူကရိန်း ပဋိပက္ခတွင် နှစ်ဘက်အကြား နိုင်ငံရေးယုံကြည်မှုမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။
သို့သော်လည်း သက်ဆိုင်ရာ စီးပွားရေးနှင့် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကြောင့် အကြိုထိတွေ့ဆက်ဆံမှုအချို့ ပြုလုပ်ပြီးနောက် တရုတ်-အီးယူ ဆက်ဆံရေးသည် ဂျာမန်အဓိပတိ Olaf Scholz နှင့် ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel တို့၏ တရုတ်နိုင်ငံသို့ လည်ပတ်မှုနောက် တရုတ်-အီးယူ ဆက်ဆံရေး မှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်နွေးထွေးလာခဲ့သည်။
ယခု သမ္မတ မက်ခရွန် နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန် တို့၏ တရုတ်နိုင်ငံသို့ ပူးတွဲ အလည်အပတ်ခရီးကိုကြည့်လျှင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန် ဥရောပက ရည်ရွယ်နေသည်ကို မြင်ရမည် ဖြစ် သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် အီးယူကြား ကုန်စည်ကုန်သွယ်မှု စုစုပေါင်းသည် ကန်ဒေါ်လာ ၈၄၇.၃ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တရုတ်နှင့် အီးယူတို့သည် အပြန်အလှန်အားဖြင့် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်များဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်လုပ်ငန်းများသည် အီးယူတွင် ဒေါ်လာ ၇ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး အီးယူတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစတော့မှာ ယခုနှစ်ကုန်အထိ ဒေါ်လာ ၁၀၂.၉ ဘီလီယံအထိ ရောက်ရှိခဲ့သည်။မက်ခရွန်၏ ယခုခရီးစဉ်ကို နိုင်ငံတကာက ပြင်သစ်နိုင်ငံအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးရုံ သာမက ဥရောပနိုင်ငံများကိုပါ အပြုသဘောဆောင်သော အချက်ပြမှုများ ပေးပို့ခြင်းအဖြစ် ရှုမြင်ကြသည်။ 
ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက မက်ခရွန်နှင့် ရှီကျင့်ဖျင်တွေ့ဆုံမှုတွင် ရှီကျင့်ဖိန်ကနှစ်ဖက်တို့၏ လက်တွဲကြိုးပမ်းမှုဖြင့် တရုတ်နှင့် ပြင်သစ် ဆက်ဆံရေးသည် တက်ကြွ တည်ငြိမ်စွာတိုးတက်လာကြောင်း၊ နှစ်ဖက်အကြား ကုန်သွယ်မှု ပမာဏမှာအသင့်အတင့် လျင်မြန်စွာ တိုးတက်လာပြီးလေကြောင်းနှင့် အာကာသလုပ်ငန်း၊ လယ်ယာထွက်ကုန်များစသည့် နယ်ပယ်များပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသည့် အောင်မြင်မှုများရရှိပါကြောင်း၊ နှစ်နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး၊ အာဖရိကဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများတွင် ရင်းနှီးစွာကူးလူးဖလှယ်၊ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်းပြောကြားခဲ့သည်။ထို့ပြင် ယခုအကြိမ် ခရီးစဉ်သည် တရုတ်နှင့် ဥရောပဆက်ဆံမှု တိုးတက်ရေးအတွက်လည်း တွန်းအားသစ်ထည့်သွင်းပြီး အခြေအနေသစ်ကို ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ 
ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ရှီကျင့်ဖျင်က ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးပြီး နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် စွဲကိုင်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ ဆင်ခြင်မှုနှင့် ချုပ်တည်းမှုကို ထိန်းသိမ်းထားပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို တင်းကျပ်စွာ လိုက်နာရန်၊ နျူကလီးယား လက်နက်သုံး၍မရ၊ နျူကလီးယား တိုက်ပွဲ ဆင်နွှဲ၍မရ ဟူသော လေးနက်သည့် ကတိပြုချက်ကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို အလျင်အမြန် ပြန်လည်ကျင်းပပြီး နိုင်ငံရေး နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကာ ဥရောပတိုက်လုံခြုံရေးမူဘောင်ကို တည်ဆောက်ရန်၊ ယူကရိန်းအကျပ်အတည်းကြောင့် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ငွေရေး ကြေးရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်နယ်ပယ်များတွင် ထိခိုက်မှုများကို ပူးပေါင်း ဆောင်ရွက်ပြီး ရင်ဆိုင်ကျော်လွှားရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပန်ကြားလိုကြောင်း သတင်းစကားကို ပေးခဲ့သည်။ 
ထို့နောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၊ ပြင်သစ် သမ္မတ မက်ခရွန် နှင့် ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်တို့သည် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ရှီကျင့်ဖျင်က ယခုလို အတူ လာရောက်လည်ပတ်ခြင်းသည် ဥရောပ၏ တရုတ်နိုင်ငံနှင့် ဆက်ဆံမှုတိုးမြှင့်ရန် တက်ကြွသည့်ဆန္ဒကို ပြသနေပြီး တရုတ်နှင့် ဥရောပ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် ဥရောပအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၂၀ ပြည့် ဖြစ်ပြီး တရုတ်နိုင်ငံသည် ဥရောပနှင့်အတူ တရုတ်နှင့် ဥရောပ ဆက်ဆံမှု တိုးတက်ရေး ဦးတည်ချက်ကို ကိုင်ဆောင်ပြီး အဆင့်ပေါင်းစုံမှ ကူးလူးဆက်ဆံမှုကို ဘက်စုံ ပြန်လည် ဖွင့်လှစ်ရန်၊ နယ်ပယ်အသီးသီးမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်စတင် ပြုလုပ်ရန်၊ နှောင့်ယှက်မှုနှင့် စိန်ခေါ်မှုများကို ဖယ်ရှားပြီး နှစ်ဖက်ဆက်ဆံမှု တိုးတက်ရေး၊ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးရန် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။
ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်က ဥရောပနှင့်တရုတ်နိုင်ငံအကြား ဆက်ဆံမှုကို မည်သို့ စီမံခန့်ခွဲခြင်းသည် မိမိတို့၏ စီးပွားရေး တိုးတက်မှုအလားအလာအတွက် အဆုံးအဖြတ် ပေးသည့် အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သဖြင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှု ဖြတ်တောက်ခြင်း ဗျူဟာသည် ဖော်ဆောင်လို့ မရသလို လက်ခံလို့လည်းမရဟု မိမိယူဆပါကြောင်းဆိုသည်။ 
ပြင်သစ် သမ္မတ မက်ခရွန်က မိမိတို့သည် မသေချာ မရေရာဖွယ်ရာ များပြားသည့်ခေတ်တွင် ရှိနေသဖြင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကိုယ့်အမြင် သဘောထားများကို ပွင့်လင်းစွာ ဖော်ပြရန်လိုအပ်ကြောင်း၊ သို့ဖြင့် အားလုံး သဘောတူကြသည့် ဖြေရှင်းရေးနည်းလမ်းကို ရှာတွေ့နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဧပြီ ၇ ရက်တွင် ပြင်သစ် သမ္မတ မက်ခရွန်နှင့် ရှီကျင့်ဖျင်သည် ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် အလွတ်သဘောထပ်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးမှုများကိုကြည့်လျှင် အီးယူနှင့် တရုတ်ဆက်ဆံရေးတွင်  အချက်အချာကျသည့် ပြင်သစ်နှင့် ဆက်ဆံရေး၊ ကုန်သွယ်ရေးအပြင် ကမ္ဘာ့လုံးဆိုင်ရာ အကျပ်အတည်းကိုဖြစ်စေသည့် ရုရှား-ယူကရိန်းစစ်ပွဲအပေါ် အမြင်များဖလှယ်ခဲ့ကြသည်ကိုတွေ့ရသည်။ ယခုခရီးစဉ်ကိုကြည့်လျှင် ကိုဗစ် နောက်ပိုင်း နာလံထူရန် ခက်ခဲနေသည့် ကမ္ဘာစီးပွားရေးအတွက် အဓိကထားသလို ဖြေရှင်းရန်ခက်သည့် ယူကရိန်းအကျပ်အတည်းတွင် တရုတ်၏ ကြားဝင်မှုကိုလည်း ယုံကြည့်မှုပြခဲ့သည်ကိုတွေ့ရသည်။ 
ယခု ခရီးစဉ်ကြောင့် တရုတ်-ပြင်သစ် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ  နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် အားကောင်းလာစေရန် အလားအလာရှိပြီး တရုတ်-အီးယူ စီးပွားရေး ဆက်ဆံမှု တစ်ခုလုံးကို ခိုင်မာစေမည့်သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ယခုခရီးစဉ်သက်ရောက်မှုကြောင့် တရုတ်-ပြင်သစ် ကုန်သွယ်မှုဆက်ဆံရေးသည် တရုတ်ဈေးကွက်တည်ငြိမ်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သည်။
ထို့အပြင် ကမ္ဘာ့အရေးကိစ္စများတွင် တရုတ်နှင့် ပြင်သစ်တို့သည် ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရေး၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းစသည့် ခေါင်းစဉ်အမျိုးမျိုးအတွက် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြသဖြင့် အနောက်နိုင်ငံများနှင့် တရုတ်အကြား နားလည်မှုတစ်စုံတစ်ရာရနိုင်သည်ဟု ယူဆရပေသည်။ သေချာသည်က မက်ခရွန်၏ တရုတ်နိုင်ငံသို့  တတိယအကြိမ်မြောက် လာရောက်လည်ပတ်သည့် ရှီ၏ တတိယသက်တမ်းအစ ယခုခရီးစဉ်သည် နှစ်နိုင်ငံစလုံးအတွက် ထူးခြားလေးနက်နေသည်မှာ အမှန်ပင်ဖြစ်လေသည်။ 
 
လင်းသစ်အောင်