【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် အစနှင့် ပြင်းထန်လာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် အစနှင့် ပြင်းထန်လာမှု

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေက စိတ်ဝင်စားစရာကောင်းသထက် ကောင်းလာပါတယ်။အထူးသဖြင့် ယူကရိန်းတန်ပြန်ထိုးစစ်သတင်းတွေ၊ ရုရှားမှာ ကြေးစားတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး ရုရှားစစ်တပ်နဲ့ဖြစ်နေတဲ့ ပြဿနာတွေ၊ ဂျာမနီမှာကျင်းပမယ့် နေတိုးလေကြောင်းစစ်ရေးလေ့ကျင့်မှုအပေါ် ရုရှားဘက်က စိုးရိမ်မကင်းဖြစ်နေတာတွေ၊ ထိုင်ဝမ်ရေလက်ကြားကို တရုတ်ဘက်က တိုက်လေယာဉ်ဖြတ်သန်းမှုတွေ စတဲ့ သတင်းတွေကြောင့် ဒီတစ်ပတ်ဟာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ရတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာသတင်းတွေက ဒီသတင်းတွေချည်း မဟုတ်ပါဘူး။တခြားသတင်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းတာတွေ၊ သတိထားဖို့ကောင်းတဲ့ သတင်းတွေလည်း ရှိခဲ့ပါသေးတယ်။အာရေဗျပင်လယ်မှာဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း Biparjoy ကြောင့် ပါကစ္စတန်မှာ မိုးသည်းထန်စွာရွာလို့ ရေကြီးပြီး လူ ၂၅ ဦးသေဆုံးခဲ့တာ၊ အိန္ဒိယမှာ အဲဒီမုန်တိုင်းပဲ ဝင်ရောက်နိုင်လို့ ဂူဂျာရတ်ပြည်နယ်မှာ သတိပေးချက်တွေ ထုတ်ထားရတာ၊ ဖိလစ်ပိုင်မှာ အကြီးဆုံးမီးတောင်ဖြစ်တဲ့ မေယွန်မီးတောင်ပေါက်ကွဲဖို့ လှုပ်ရှားလာနေတဲ့အတွက် ဒေသခံတွေ ရွှေ့ပြောင်းနေရတာ၊ ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးမှာ Pearl Beach Hotel စားသောက်ဆိုင်ကို အယ်လ်ရှာဘတ်အဖွဲ့က ဝင်စီးတိုက်ခိုက်လို့ ၉ ဦးသေဆုံးခဲ့တာ၊ ဟော်မုဇ်ရေလက်ကြားမှာ အီရန်စပိဘုတ်တွေ ကပ်လာလို့ ကုန်တင်သင်္ဘောက အမေရိကန်ရေတပ်ကို အကူအညီတောင်းခဲ့ရတာ၊ တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မြေပြိုကျလို့ ၁၉ ဦးသေဆုံးခဲ့တာ၊ ရေနံစျေးနှုန်းမြင့်တက်ဖို့ ဆော်ဒီက ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်တာ၊ တိုကျိုလေဆိပ်ပြေးလမ်းမှာ လေယာဉ်နှစ်စင်းတိုက်မိတာ စတဲ့ သတင်းတွေရှိခဲ့ပါတယ်။

ဒီတစ်ပတ်အတွက် အများအာရုံစိုက်ခဲ့တာက ယူကရိန်းတန်ပြန်ထိုးစစ်ဖြစ်ပြီး ရုရှားဘက်က ထုံးစံအတိုင်း သူတို့ဘက်ကနိုင်ကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံတကာက ယုံကြည်ရတဲ့ သတင်းတွေမှာတော့ ယူကရိန်းဘက်က တိုးတက်မှုရှိနေတာတွေကို တိကျသေချာတဲ့ အထောက်အထားတွေနဲ့ ပြခဲ့လို့ တန်ပြန်ထိုးစစ်ကြောင့် ယူကရိန်းစစ်ပွဲဟာ အလှည့်အပြောင်းစလာနေပြီဆိုတဲ့ အရိပ်အယောင်တွေ မြင်လာနေရပါတယ်။

          တန်ပြန်ထိုးစစ်ကို ယူကရိန်းဘက်က နှုတ်ပိတ်နေခဲ့တာလား

နိုင်ငံတကာက မျှော်လင့်နေတဲ့ တန်ပြန်ထိုးစစ်ဟာ ရုရှားဘက်မှ ကြေးစားစစ်တပ် ဝဂ္ဂနာနဲ့ အငြင်းပွားမှုဟာ ယူကရိန်းတန်ပြန်ထိုးစစ်သတင်းတွေကို ဖုံးသွားခဲ့ပါတယ်။ယူကရိန်းတန်ပြန်ထိုးစစ်ကို အထူးပြုဖော်ပြချင်တဲ့အတွက် အရေးပါတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ကြေးစားစစ်တပ်ကြားက ပြဿနာကို နောက်ပိုင်းမှာ ဖော်ပြမှာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီး အနောက်နိုင်ငံတွေကို ဆက်တိုက်သွားပြီးနောက် ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုက ပိုအားကောင်းလာသလို အစောပိုင်းက ပေးပို့ဖို့ မသေချာတဲ့ F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ မသေချာမှုပါ အားပျော့လာပြီး ယူကရိန်းအတွက်ရရှိဖို့ သေချာသလောက်ရှိလာခဲ့ပါတယ်။အထူးသဖြင့် ဗြိတိန်ဟာ ယူကရိန်းကို လက်နက်ထောက်ပံ့မှုမှာ အမေရိကန်ထက် ရှေ့ပိုရောက်လာသလို ဆုံးဖြတ်မှုတွေမှာ ဦးဆောင်မှုနေရာကို ရောက်လာခဲ့ပါတယ်။ F-16 တိုက်လေယာဉ်အရေးမှာလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အရင်ဦးဆောင်ဆုံးဖြတ်ပြီးနောက်မှာ ဘိုင်ဒင်က လေ့ကျင့်ပေးဖို့တွေ၊ စဉ်းစားတာတွေ ဖြစ်လာခဲ့တာပါ။

တန်ပြန်ထိုးစစ် မစခင် ယူကရိန်းက ရနိုင်သမျှ စစ်လက်နက်အကူအညီကို အနောက်နိုင်ငံတွေအပြင် တောင်ကိုရီးယားလိုနိုင်ငံတွေဆီကပါ တောင်းခံခဲ့တာကို တွေ့ရပါတယ်။ဇွန် ၄ ရက်မှာတော့ သမ္မတ ဇီလင်စကီးက the Wall Street ဂျာနယ်နဲ့ မေးမြန်းမှုမှာ ယူကရိန်းနိုင်ငံသည် တန်ပြန်ထိုးစစ်အတွက် အသင့်ရှိပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ ဇီလင်စကီးက ယူကရိန်းလက်နက်ကိုင်တပ်များ အောင်ပွဲခံမည်ကို သံသယမရှိကြောင်းပြောခဲ့ပေမယ့် ရုရှားသိမ်းပိုက်ထားသော နယ်မြေများကို လွတ်မြောက်စေရန် အချိန်ယူရမည်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာမှာ ယူကရိန်းဘက်က တန်ပြန်ထိုးစစ်အကြောင်း ဆက်တိုက်ပေါ်ထွက်ချိန်မှာ ရုရှားဘက်ကလည်း ခံစစ်ကိုပြင်ဆင်ပြီး တန်ပြန်ထိုးစစ်ကိုချေဖျက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ရုရှားလုံခြုံရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က အကြမ်းဖက်အဖွဲ့တွေကို လုံးဝရိုက်ချိုးဖျက်ဆီးပြရမယ်ဆိုပြီး ထုံးစံအတိုင်း ကြုံးဝါးခဲ့ပါတယ်။

ဇွန် ၅ ရက်မှာတော့ ယူကရိန်းတန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး သတင်းထွက်လာပါတယ်။ဒါက ရုရှားဘက်က ထွက်လာတာပါ။ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယူကရိန်းတောင်ပိုင်း ဒွန်နက်ခ်ဒေသ ရှေ့တန်းတစ်လျှောက်အချက်အခြာနေရာ ၅ ခုမှာ ယူကရိန်းထိုးစစ်ကို တားဆီးခဲ့ပြီး ကိယက်ဗ်လိုလားသော တပ်ဖွဲ့ဝင်ရာနှင့်ချီ သေဆုံးစေခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့ အထောက်အထား မပြခဲ့ပါဘူး။

ထုတ်ပြန်မှုမှာ ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းတပ်ဖွဲ့ဝင် ၂၅၀ သေဆုံးခဲ့ပြီး တင့်ကား ၁၆ စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၃ စီးနှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂၁ စီးတို့ကို ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။

ဝဂ္ဂနာကြေးစားတပ်ပိုင်ရှင် ပရီဂိုဇင်က အဲဒီရက်မှာပဲ “ဘာ့ခ်မွတ်စစ်မြေပြင်ကနေ ဝဂ္ဂနာတပ်တွေ ပြန်ဆုတ်ခွာတာ ရက်ပိုင်းပဲရှိသေးတယ်။ယူကရိန်းတွေက ဘာ့ခ်မွတ်မြောက်ပိုင်းကို ချက်ချင်းပြန်သိမ်းပိုက်လိုက်ပြီ။ရုရှားတပ်တွေအနေနဲ့ ဘာ့ခ်မွတ်ကို ထိန်းချုပ်မထားနိုင်ဘဲ ရက်ပိုင်းအတွင်း ဆုတ်ခွာပေးရတာဟာ အင်မတန်ရှက်စရာ ကောင်းတယ်” လို့ ပြောခဲ့လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ မသေမချာဖြစ်သွားပါတယ်။

ရုရှားဘက်က ထုတ်ပြန်ချက်တွေကို ထိုင်ဖျက်ဆီးနေတာက ဝဂ္ဂနာကြေးစားတပ်ပိုင်ရှင် ဖြစ်နေတာကလည်း ထူးခြားပါတယ်။ယူကရိန်းထိုးစစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာသတင်းထောက်တွေနဲ့ ဇွန် ၅ ရက်က အွန်လိုင်းမေးမြန်းခန်းမှာ ပရီဂိုရှင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အီဂိုကိုနာရှန်ကော့ဗ်ရဲ့ ပြောစကားတွေသာ အမှန်ဆိုရင် ကမ္ဘာကြီးပျက်စီးကြေမွသွားတာ ငါးကြိမ်လောက်ရှိနေပြီလို့ ပြောခဲ့တာပါ။

ရုရှားစစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ် အီဂိုကိုနာရှန်ကော့ဗ်က ဇွန် ၅ ရက်မှာ ဂျာမန် Leopard တင့်ကား ၈ စီး၊ ပြင်သစ်နိုင်ငံလုပ် တင့်ကားနဲ့ သံချပ်ကာကား စုစုပေါင်း ၁၀၉ စီးကို ဖျက်ဆီးနိုင်ခဲ့သလို ယူကရိန်းတပ်သား ၁,၅၀၀ သေဆုံးတယ်လို့ ပြောခဲ့တာကို တုံ့ပြန်ခဲ့တာပါ။ပရီဂိုရှင်က ဒီလိုဖြစ်ဖို့ဆိုရင် ရုရှားတွေဘက်ကနေ ဂြိုဟ်သားတွေက လာရောက်ကူညီတိုက်ခိုက်ပေးနေရင်တော့ ဖြစ်နိုင်မလား မသိဘူးဆိုပြီး ပြောခဲ့ပါတယ်။

ရုရှားဘက်က ဒီလိုတင်မဟုတ်သေးပါဘူး။နိုဗာ ကာဟိုဗ်ကာ ရေကာတာ ဖောက်ခွဲတာကိုလည်း ရုရှားရဲ့ တန်ပြန်ထိုးစစ်ကိုကြောက်ပြီး ယူကရိန်းက ဖောက်ခွဲခဲ့တာဖြစ်တယ်ဆိုပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုးဂူက ပြောခဲ့ပါတယ်။

နိုဗာ ကာဟိုဗ်ကာ ရေကာတာ ဖောက်ခွဲမှုနဲ့ ကုလလုံခြုံရေးကောင်စီမှာ ယူကရိန်းကို အရေးယူပေးဖို့ ရုရှားကပြောပေမယ် ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗီဆီလီနီဘန်ညားက အခု လုံခြုံရေးကောင်စီဆွေးနွေးခန်းထဲမှာရှိနေတဲ့ အများစုကတော့ ရုရှားပြောတာကို လက်ခံမှာမဟုတ်ဘဲ သတင်းမှားတွေကိုပဲ ယုံကြည်နေသူတွေဆိုတာ သိပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာပဲ အယ်လ်ဘေးနီးယားသံအမတ်က ကျူးကျော်စစ် စတင်ချိန်ကစပြီး ဒီကနေ့အထိ “ရုရှားပဲမှန်တယ်၊ ဖြစ်ပျက်သမျှတွေဟာ ယူကရိန်းအမှားကြောင့်” ဆိုတဲ့ ဝါဒဖြန့်သတင်းမှားတွေကို နေ့စဉ်ပြောဆိုနေသူကလည်း ရုရှားပဲဖြစ်နေလို့ ရုရှားရဲ့ ပြောဆိုရှင်းပြမှုတွေကို အချိန်ပေး နားထောင်စရာမလိုတော့ဘူးလို့ ပြောခဲ့တာလည်းရှိခဲ့ပါတယ်။

ဇွန် ၇ ရက်မှာ F-16 တိုက်လေယာဉ်တွေ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပေးဖို့ အလားအလာများလာနေချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က အမေရိကန် F 16 တိုက်လေယာဉ်တွေဟာ နျူကလီးယားလက်နက် သယ်ဆောင်ပစ်ခတ်နိုင်တဲ့အထိ အဆင့်မြှင့်ထားတယ်ဆိုတာ ကျနော်တို့သိထားပါတယ်။ဒီလိုအန္တရာယ်ကြီးမားတဲ့ တိုက်လေယာဉ်ကို ယူကရိန်းကိုပေးမယ်ဆိုတာဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။နိုင်ငံတကာအနေနဲ့ ဒါကိုကန့်ကွက်တားဆီးသင့်တယ်လို့ပြောခဲ့လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ ပြောခွင့်ရ ဂျွန် ကာဘီက “F 16 တွေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်ဆိုရင် ယူကရိန်းမြေကနေ ရုရှားတပ်တွေ အမြန်ဆုံးဆုတ်ခွာသွားတာ အကောင်းဆုံးပဲလို့ လာဗရော့ဗ်ကို အကြံပေးချင်တယ်” လို့ တုံ့ပြန်ခဲ့လို့ နိုင်ငံတကာမှာ သတင်းခေါင်းကြီးဖြစ်ခဲ့ပါတယ်။

ဒီလို နိုင်ငံတကာသံတမန်ရေးရာမှာ ရုရှားအတွက် ထင်တိုင်းတိုးမပေါက်သလို စစ်မြေပြင်မှာလည်း သတင်းတွေက အမျိုးမျိုးထွက်နေပေမယ့် ရုရှားလိုလားသလို မဖြစ်ခဲ့ပါဘူး။ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီး ဟာနာမာလီယာက သူမရဲ့ တယ်လီဂရမ်မှာ ယူကရိန်းစစ်တပ်ဟာ ဘာ့ခ်မွတ်၏ ကျယ်ပြန့်သော မျက်နှာစာကိုဖြတ်ကျော်ကာ အောင်မြင်စွာချီတက်နေကြောင်း တင်ခဲ့ပါတယ်။ဒီတင်ခဲ့တဲ့အထဲမှာ “အောင်မြင်မှုအချို့ကို မြင်နေရပါတယ်။ကျွန်ုပ်တို့ဟာ  မဟာဗျူဟာမြောက် ကုန်းမြင့်များကို သိမ်းယူနေပါတယ်။ရန်သူတပ်များဟာ ခံစစ်တွင်ရှိပြီး ၎င်းတို့၏ စခန်းများကို ထိန်းသိမ်းရန် ကြိုးစားနေကြပါတယ်” လို့ ရေးခဲ့ပါတယ်။

ယူကရိန်းတန်ပြန်ထိုးစစ် ဘယ်လိုအခြေအနေရောက်နေလဲဆိုတာ နိုင်ငံတကာက သိချင်နေပါတယ်။စစ်မြေပြင်ကိုရောက်နေတဲ့ အယ်ဂျားဇီးယားသတင်းထောက်ကတော့ ယူကရိန်းအာဏာပိုင်တွေက တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး သိသိသာသာ မသိစေချင်ဘဲ ကြီးမားတဲ့ ထိုးစစ်ကြီးအဖြစ် ကြေညာရတဲ့အထိ မဖြစ်စေလိုတာကို တွေ့ရတယ်  ဆိုပါတယ်။ဒါပေမဲ့ အံအားသင့်လောက်တဲ့ အရာတွေကို မြင်နေရပြီး ထိုးစစ်တွေကို ဘက်စုံဖွင့်ကာ တိုက်နေတယ်လို့ ဆိုပါတယ်။

ပူတင်က “သူတို့ ထိုးစစ်စတင်နေပြီ ကျနော်တို့နိုင်ငံ ဘေးကင်းပါတယ်” လို့ ဇွန် ၉ ရက်မှာ ပြောပြီးနောက် ဇွန် ၁၀ ရက်မှာတော့ ယူကရိန်းသမ္မတ ဇီလင်စကီးက ကိယက်ဗ်ကိုရောက်နေတဲ့ ကနေဒါဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ယူကရိန်းမှာ သင့်လျော်တဲ့ တန်ပြန်ထိုးစစ်နဲ့ ခံစစ်လုပ်ရပ်တွေ လုပ်ဆောင်နေပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။  

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်အရ စနေနေ့အထိ ၄၈ နာရီအတွင်း ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ကဏ္ဍအများအပြားတွင် ယူကရိန်းဘက်က သိသာထင်ရှားသော စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိတယ် ဆိုပါတယ်။အချို့နေရာများတွင် ယူကရိန်းတပ်ဖွဲ့များက  ကောင်းမွန်သောတိုးတက်မှုနှင့် ရုရှားခုခံရေးလိုင်း၏ ရှေ့ဆုံးတန်းကို ထိုးဖောက်ဝင်ရောက်နိုင်ဖွယ်ရှိပြီး အချို့နေရာများတွင် ယူကရိန်း၏ တိုးတက်မှုမှာ နှေးကွေးနေတယ် ဆိုပါတယ်။

ဇွန် ၁၁ ရက်မှာတော့ ယူကရိန်းတန်ပြန်ထိုးစစ်မှာပါတဲ့ 68th Jaeger တပ်မဟာက ရုရှားလက်အောက် ကျရောက်ခဲ့တဲ့ ရွာ ၃ ရွာကို သိမ်းယူခဲ့ပြီး ယူကရိန်းအလံလွှင့်တင်တဲ့ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပြီး ရုရှားဘက်က ထုတ်ပြန်ချက်တွေကို ချေဖျက်ခဲ့ပါတယ်။အဲဒီနေရာဟာ နောက်ပိုင်းအချက်အလက်ဆန်းစစ်သူများ အတည်ပြုချက်အရ ဒွန်နက်ခ်ဒေသ ဘလက်ဟွန်ဒိန်းဒေသလို့ ဆိုပါတယ်။ရုရှားစစ်တပ် ဘလော့ဂါတွေကလည်း ယူကရိန်းဘက်က တိုက်ခိုက်ရေးသမားတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့တာခံရမှာစိုးလို့ စွန့်လွှတ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ကို ခုခံရာမှာ ထင်သလိုမဖြစ်တာက သေချာနေပါတယ်။ဒါ့အပြင် အားကိုးရတဲ့ ဝဂ္ဂနာတပ်ဖွဲ့နဲ့ ချေချင်းညာတပ်တွေ၊ ရုရှားကာကွယ်ရေးဝန်ကြီးက ကြေးစားတပ်တွေ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ မှတ်ပုံတင်ရမယ်ဆိုတဲ့ အမိန့်ထုတ်မှုတွေ၊ အဲဒီအမိန့်ကို ဝဂ္ဂနာက လက်မခံဘူးလို့ ပြောခဲ့တာတွေကြောင့် ယူကရိန်းတန်ပြန်ထိုးစစ်အပေါ် ခုခံဖို့ ရုရှားဘက်မှာ အခက်တွေ့ဖို့များနေတဲ့ အနေအထားပါပဲ။ဒါ့အပြင် ဘာလင်မှာ NATO အဖွဲ့သက်တမ်း ၇၄ နှစ်အတွင်း အကြီးမားဆုံး လေကြောင်းစစ်ရေးလေ့ကျင့်မှုလုပ်မှာမို့ ရုရှားအဖို့ စိုးရိမ်စိတ်ရှိနေတဲ့အတွက် ယူကရိန်းတန်ပြန်ထိုးစစ်က ရုရှားကို သေချာပေါက် စိတ်ဒုက္ခရောက်စေတာ သေချာနေပါတယ်။

ဒီအတွက် ရှေ့ရက်တွေမှာသာ နယ်မြေသိမ်းယူမှု ပိုများလာခဲ့ရင် ဥရောပစစ်ရေး ချိန်ခွင်လျှာမှာ ရုရှားကို ဖယ်ထုတ်ထားရတော့မယ့် အခြေအနေထိ ရောက်လာဖွယ်ရှိနေတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံသတင်းသုံးသပ်ချက်ကို ဒီမှာပဲရပ်နားလိုက်ချင်ပါတယ်။

မင်းထက်