【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ကြမည့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု

【 ဆောင်းပါး 】 ပူးပေါင်းဆောင်ရွက်ကြမည့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု

နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံက တာဝန်ရှိသူများနှင့် ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်အတွင်းက ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ၊ ချုံချင့်မြို့တွင် ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးကြရာမှ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးခြင်းများအပြင် ပူးတွဲအကောင်အထည်ဖော်ရေး စာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ထိုကဲ့သို့ ဆွေးနွေးလက်မှတ်ရေးထိုးမှုများသာမကဘဲ မြန်မာနိုင်ငံဘက်မှ တာဝန် ရှိသူများကို ချုံချင့်မြို့ရှိ အပြည်ပြည်ဆိုင်ရာ သိပ္ပံပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာ၊ Jinfeng ဓာတ်ခွဲခန်း၊ Western Science City Intelligent Connected Vehicle Innovation Center စသည့် နေရာများသို့ လေ့လာနိုင်ရန် ပို့ဆောင်ပေးခဲ့ပြီး နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင် တရုတ်နိုင်ငံ၏ တိုးတက်မှု အခြေအနေများကို လေ့လာနိုင်ရန် စီစဉ်ပေးခဲ့ကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာ နယ်ပယ်၌ သိသာထင်ရှားသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းနေသော အခြေအနေဖြစ်သည်။ ဉာဏ်ရည်တု (AI) နည်းပညာ၊ ဇီဝနည်းပညာ၊ ကွန်ပျူတာနည်းပညာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့် နယ်ပယ်အသီးသီးတွင် နည်းပညာဆန်းသစ်လာကာ တိုးတက်မှုများရှိလာခဲ့သည်။

အာကာသစူးစမ်းလေ့လာရေး နယ်ပယ်တွင်လည်း တရုတ်နိုင်ငံသည် အရေးပါလှသည့် အောင်မြင်မှု မှတ်တိုင်များကို စိုက်ထူနိုင်ခဲ့သည်။လက်ရှိအချိန်အထိလည်း အာကာသမစ်ရှင်များ၊ လစူးစမ်းလေ့လာရေးမစ်ရှင်များနှင့် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးမစ်ရှင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ကမ္ဘာတစ်ဝန်းမှာ တွင်ကျယ်စွာ အသုံးပြုလာသည့် ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။တရုတ်ကုမ္ပဏီများက AI သုတေသနနှင့် Application များတွင် မျက်နှာမှတ်ခြင်း၊ သဘာဝဘာသာစကားဖြင့် လုပ်ဆောင်ခြင်း စသည်ဖြင့်လည်း ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်လာကြပြီး 5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသလို အသုံးပြုမှုများလည်း တိုးတက်နေလျက်ရှိသည်။

မိုဘိုင်းလ်နည်းပညာဆိုင်ရာမျာအတွင်း အခြားနိုင်ငံများမှ လုပ်ဆောင်သည့် ချစ်ပ်ပြားများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ၎င်းတို့၏ တစ်ပိုင်းလျှပ်ကူး စက်လုပ်ငန်းတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများရှိသလို အရေးကြီးသော နည်းပညာကဏ္ဍအတွက် အထောက်အကူပြုရန် ရည်ရွယ်လာကြသည်။သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်သာမကဘဲ ကမ္ဘာတစ်ဝန်းမှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိလာခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် တစ်နေ့ထက် တစ်နေ့ နည်းပညာအသစ်အဆန်းများဖြင့် တိုးတက်ဖန်တီးလျက်ရှိသည်။လျင်မြန်လှသော တိုးတက်ပြောင်းလဲမှု များပြားနေသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ နယ်ပယ်များတွင်လည်း တရုတ်နိုင်ငံကလည်း ရပ်တည်နေလျက်ရှိသည်။ထိုသို့တိုးတက်သည့် နည်းပညာများက စီးပွားရေးနယ်ပယ်များအတွက်လည်း အကျိုးပြုစေခဲ့သည်။စီးပွားရေးကဏ္ဍတွင် လုပ်ငန်းများချဲ့ထွင်ခြင်း၊ စျေးကွက်ချဲ့ထွင်ခြင်းများအပါအဝင် လုပ်ငန်းများကို တိုးတက်လာအောင် လုပ်ဆောင်ရာတွင် ခေတ်မီတိုးတက်လာသည့် နည်းပညာများကြောင့် အချိန်တိုအတွင်း ပိုမိုကျယ်ပြန့်စွာ ထိုးဖောက်နိုင်သော အခြေအနေမျိုးကို ကြုံလာစေသည်။

နည်းပညာဆိုင်ရာကဏ္ဍများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာကဏ္ဍများတွင် ကမ္ဘာတစ်ဝန်း၌ ထိပ်ဆုံးရောက်နေသည့် တရုတ်နိုင်ငံနှင့်အတူ ရေမြေထိစပ်နေသော မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုများနှင့်အတူ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးနေကြခြင်းများလည်း ရှိလာခဲ့သည်။ကုန်ပစ္စည်းများကို သာမန်အားဖြင့် ထုတ်လုပ်ရောင်းချနေခြင်းထက် အဆင့်မြင့်သော ခေတ်မီနည်းပညာများ သုံးစွဲကာ တီထွင်ထုတ်လုပ်ခြင်းဖြင့် စျေးကွက်အလားအလာများလည်း များစွာကျယ်ပြန့်လာကာ အကျိုးများစွာ ဖြစ်ထွန်းစေလျက်ရှိသည်။

“ကျွန်တော်ပြောတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ဆိုတာ တီထွင်ဆန်းသစ်ပြီး ထုတ်လုပ်တာမျိုးပေါ့၊ ဥပမာပြောရင် သမားရိုးကျအနေနဲ့ ကုန်ကြမ်းအဆင့်သာသာလောက်လိုမျိုး ထုတ်လုပ်တင်ပို့နေတာထက်စာရင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ဆောင်တဲ့အခါ စျေးကွက်ထဲ စျေးနှုန်းလည်း ပိုရလာမယ့်အပြင် ကိုယ့်ရဲ့ ကောက်ပဲသီးနှံတွေ၊ ကုန်စည်တွေဟာ အရင်လို ပျက်စီးနိုင်တဲ့အခြေအနေ အင်မတန်လျော့ပါးတဲ့အတွက် ဆုံးရှုံးမှုသက်သာစေတာ အသေအချာပါပဲ၊ ဒါကြောင့်လည်း ကျွန်တော်တို့ ပြောပြောနေတာ Value added ကို ဦးတည်ပါဆိုတာ အဲဒါပါ” ဟုလည်း ကုန်သည်/စက်မှုအသင်းချုပ်မှ  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံက သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ ချုံချင့်မြို့တွင် တွေ့ဆုံခဲ့ရာတွင် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြပြီး ပူးတွဲအကောင်အထည်ဖော်ကာ လုပ်ဆောင်ရန်အတွက် စာချွန်လွှာတစ်ရပ်ကို နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့အကြားတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းလည်းဖြစ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေး သဘောတူညီချက်များတွင် သတင်းအချက်အလက်နည်းပညာ (ICT) သုတေသနစင်တာများ ထူထောင်သွားကြမည့် အခြေအနေများကိုလည်းကောင်း၊ ဉာဏ်ရည်တု (AI) ဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားကြမည့် အခြေအနေများ၊ နည်းပညာဆိုင်ရာ အတိအကျတိုင်းတာမှုများအတွက်ကိုလည်းကောင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး ဘေးကင်းလုံခြုံ၍ စားသုံးသူအတွက် အာဟာရပြည့်ဝသော တန်ဖိုးမြင့် အစားအသောက်များကို ထုတ်လုပ်ရန် ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စများတွင် ခေတ်မီသော အဆင့်မြင့်နည်းပညာများအပြင် ဓာတုနည်းပညာများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စများအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်း သိပ္ပံဆိုင်ရာ သုတေသနများကို အတူပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြုလုပ်ရန် ရည်ရွယ်ထားလျက်ရှိသည်။ထိုသို့ရည်ရွယ်ထားကြသည့်အတိုင်းပင် ယင်းကဏ္ဍများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပညာတော်သင် စေလွှတ်ရေး ကိစ္စများအတွက် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုများ တိုးတက်စေရေး အထောက်အကူကောင်းများ ဖြစ်လာစေရန်အတွက်ကိုလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် သိပ္ပံနည်းပညာဦးစီးဌာန၊ တက်ဟုန်းပြည်နယ်ခွဲ၊ စက်မှုသတင်းအချက်အလက်နှင့် သိပ္ပံနည်းပညာဦးစီးဌာန၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး)၊ တက်ဟုန်းပြည်နယ်ခွဲ သိပ္ပံနည်းပညာ စွန့်ဦးတီထွင်မှုစင်တာနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန သုတေသနနှင့် တီထွင်စမ်းသစ်မှုဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်းများလည်း ရှိလာခဲ့ကြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတို့မှာ ပထဝီတည်နေရာချင်း နီးစပ်သည့်အပြင် ကံကြမ္မာတူ အသိုက်ဝန်းရှိသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ် သမိုင်းကြောင်းဖြင့် လက်ရှိတွင် နှစ်နိုင်ငံကြား နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက်လည်း များစွာအကျိုးပြု၍ ဖွံ့ဖြိုးတိုးတက်မှုရှိလာစေမှာဖြစ်ပြီး ခိုင်မြဲလှသော ရင်းနှီးချစ်ကြည်မှုများ ပို၍တိုးလာစေမည် ဖြစ်ပေတော့သည်။

ဧပရယ်လ်