【နိုင်ငံတကာဆောင်းပါး】ဖွံ့ဖြိုးတိုးတက်ခြင်းဟူသည့်"ရွှေသော့"( GoldenKey )ဖြင့်သာ လက်ရှိကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်မည်

【နိုင်ငံတကာဆောင်းပါး】ဖွံ့ဖြိုးတိုးတက်ခြင်းဟူသည့်"ရွှေသော့"( GoldenKey )ဖြင့်သာ လက်ရှိကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်မည်

မကြာသေးမီကာလ၂၀၂၃ခုနှစ် နိုဝင်ဘာ၁၆ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ပြောကြားခဲ့တဲ့ ဖွင့်ဆိုချက်တစ်ခုကို မောင်ဒီမိုအလွန်ပဲ သဘောကျခဲ့မိပါတယ်။ အဲဒီဖွင့်ဆိုချက်ကတော့-
"စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းဟူသည့် ရွှေသော့ဖြင့်သာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည်""Sustainable development is the'Golden Key' to solving current global problem."ဟူ၍ဖြစ်ပါတယ်။
 
ဒီဖွင့်ဆိုချက်ကို သမ္မတရှီဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပတဲ့ အကြိမ်( ၃၀ )မြောက် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များအစည်းအဝေးအတွင်း အလွတ်သဘောဆွေးနွေးခြင်း အလုပ်သဘော နေ့လယ်စာသုံးဆောင်စဥ် ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဆက်လက်ပြီးသမ္မတရှီက"မကြာသေးမီနှစ်များအတွင်း APECဟာ Putrajaya Vision 2040 ကို ထုတ်ပြန်ခဲ့ပြီး Bio-Circular -Green(BCG)စီးပွားရေးဆိုင်ရာ ဘန်ကောက် ရည်မှန်းချက်များကို တက်ကြွစွာအကောင်အထည်ဖော်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်နှင့် စဥ်ဆက်မပြတ်တိုးတက်မှုအတွက် အပြုသဘော ပံ့ပိုးမှုများပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွေအရ မိမိတို့အနေနဲ့ သဘောတူညီချက်တွေကို ထပ်မံတည်ဆောက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကြီးမားတဲ့ တွန်းအားတွေဖြည့်တင်းဖို့ ဆောင်ရွက်မှုတွေကို အာရုံစိုက်ရမှာဖြစ်ကြောင်း" ထည့်သွင်း ပြောကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်သုံးရပ်ကို ချပြခဲ့ပါတယ်။
 
ပထမအချက်အနေနဲ့ "စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂ ၂၀၃၀ အစီအစဥ် အကောင်အထည်ဖော်မှုကို အရှိန်မြှင့်ရမည်"ဟု အဆိုပြုခဲ့ပြီး"မိမိတို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာလုံးဆိုင်ရာ အစီအစဥ်ရဲ့အလယ်ဗဟိုမှာ အခိုင်အမာထားရှိရမှာဖြစ်ကြောင်း၊နိုင်ငံရေးဆိုင်ရာသဘောတူညီချက်တွေကို တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်မှုကို အားလုံးက တန်ဖိုးထားပြီး နိုင်ငံအားလုံးကလည်း အတူတကွပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ယခုအခါမှာ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်ကို ရှေ့ဆက်ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကြား ပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
ဒုတိယအဆိုပြုချက်ကတော့ "အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသွင်ကူးပြောင်းမှုလမ်းကြောင်းသစ်ကို တွန်းအားပေးရမည်"ဟူ၍ ဖြစ်ပါတယ်။ဒီနေရာမှာ သမ္မတရှီက"နိုင်ငံများအနေနဲ့ စွမ်းအင်၊စက်မှုလုပ်ငန်း
နှင့် သယ်ယူပို့ဆောင်ရေးအဆောက်အအုံများ အသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို ပူးတွဲဆောင်ရွက်ရန်၊ ကာဗွန်လျှော့ချခြင်း၊လေထုညစ်ညမ်းမှုလျှော့ချခြင်း၊အစိမ်းရောင်တိုးချဲ့မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုသဘောထား တိုးတက်ရေးမြှင့်တင်ရန်၊လုပ်သားအင်အားကို မျှတစွာအသွင်ပြောင်းလျက် အရည်အသွေးမြင့် အလုပ်ခန့်အပ်မှုတိုးမြှင့်တင်ရန် စတာတွေကို ပူးတွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း"ပြောကြားခဲ့ပါတယ်။
 
တတိယအဆိုပြုချက်ကတော့"ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ကမ္ဘာလုံးဆိုင်ရာ စုပေါင်းဆောင်ရွက်မှုထူထောင်တည်ဆောက်ရမည်"ဟူ၍ဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ သမ္မတရှီက ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ကို ကမ္ဘာ့ရာသီဥတု စီမံအုပ်ချုပ်မှု၌ အဓိကလမ်းကြောင်းအဖြစ် ထားရှိရန်၊ဘုံစည်မျဥ်းဖြစ်သော်လည်း မတူညီသောတာဝန်အသီးသီးကို ထိန်းသိမ်းဆောင်ရွက်ရန်၊နိုင်ငံအသီး သီး၏ အခြေအနေများအရ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ဖော်ဆောင်ရန်၊ဘဏ္ဍာရေးဆိုင်ရာ၊စွမ်းရည်မြှင့်တင်ရေးဆိုင်ရာနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ကွန်ဗင်းရှင်းနှင့်ပဲရစ် သဘောတူညီချက်ကို ထိရောက်စွာအပြည့်အဝအကောင်အထည်ဖော် မြှင့်တင်ရန် တိုက်တွန်းခဲ့ပါတယ်။
 
တစ်ဆက်တည်းမှာပင် သမ္မတရှီက တရုတ်နိုင်ငံက အလေးထားဖော်ဆောင်လျှက်ရှိတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက်ကို မြှင့်တင်ခြင်းနှင့်အတူ အစိမ်းရောင်အခြေခံအဆောက်အအုံ၊အစိမ်းရောင် စွမ်းအင်၊ အစိမ်းရောင်သယ်ယူပို့ဆောင်မှု၊ အခြားနယ်ပယ်များ၌ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ရာသီဥတုဆိုင်ရာ အထူးရန်ပုံငွေမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စွမ်းရည်မြှင့်တင်ရေးကို ပံ့ပိုးပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
ဒီနေရာမှာသမ္မတရှီဟာ လက်တွေ့ကျတဲ့ အဆိုပြုချက်ကို ဖွင့်ဆိုချပြခဲ့တယ်လို့ မောင်ဒီမိုမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ တရုတ်နိုင်ငံဟာ ဒေသတွင်းနိုင်ငံများအကြား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားတဲ့ Belt and Road လို့ခေါ်တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက်ကို အောင်မြင်စွာဖော်ဆောင်နေလို့ ပဲဖြစ်ပါတယ်။
           
Belt and Road လို့လည်းခေါ်၊ One Belt ,One Road လို့လည်းခေါ်တဲ့ရှေးခေတ်ပိုးလမ်းမကြီးကို အခြေခံပြီး၊အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်တဲ့"ခါးပတ် တစ်ကွင်း၊လမ်းတစ်စင်း"အဆိုပြုချက်ကိုတရုတ်နိုင်ငံရဲ့ဦးဆောင်မှုနဲ့ဖော်ဆောင်ခဲ့တာယခုဆိုရင်ဆယ်နှစ်တာကာလရှိခဲ့ပြီဖြစ်ပါတယ်။
               
မူလရည်မှန်းချက်
 
အဆိုပြုချက်ရဲ့မူလရည်မှန်းချက်ဟာ ရှေးဟောင်းပိုးလမ်းမကြီးကို မှီငြမ်းပြီး အပြန်အလှန်ချိတ်ဆက်မှုကို အဓိကလမ်းကြောင်းအဖြစ် ထားရှိကာ နိုင်ငံများနှင့်မူဝါဒဆိုင်ရာ ချိတ်ဆက်မှု၊အဆောက်အအုံပိုင်းဆိုင်ရာချိတ်ဆက်မှု၊ကုန်သွယ်ရေးအဆင်ပြေချောမွေ့မှု၊အရင်းအနှီးဆိုင်ရာ ပေါင်းစပ်ပါဝင်မှု၊ ပြည်သူများချစ်ခင်ရင်းနှီးစွာဖြင့် စိတ်နှလုံးချင်းဆက်နွယ်မှုတို့ကို မြှင့်တင်ပေးပြီး နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် စွမ်းအင်သစ်ထည့်သွင်းပေးကာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာသစ်ဖန်တီးလို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းသစ်ဖန်တီးပေးဖို့ဖြစ်ကြောင်း သိရပါတယ်။
         
အဆိုပါရည်မှန်းချက်နဲ့အညီ ရပ်ဝန်းနဲ့လမ်းကြောင်းပေါ်မှ နိုင်ငံနဲ့ဒေသများအကြား စီးပွားရေး စင်္ကြံကြီးတည်ဆောက်မှုကို ဦးဆောင်မှုအဖြစ်၊ လမ်းကြောင်းကြီးနဲ့သတင်းအချက်အလက်များကို မူဘောင်အဖြစ်၊ရထားလမ်း၊ကားလမ်း၊လေဆိပ်၊ဆိပ်ကမ်း၊ပိုက်လိုင်းကွန်ရက်ကို အားကိုးရာအဖြစ်ထားရှိကာ ကုန်း၊ရေ၊ဝေဟင်ကွန်ရက်တွေပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အပြန်အလှန် ချိတ်ဆက်တည်ဆောက်နိုင်ခဲ့ပါတယ်။နိုင်ငံများက ကုန်ပစ္စည်း၊အရင်းအနှီး၊နည်းပညာ၊ဝန်ထမ်းသွားလာစီးဆင်းမှုကြီးကို ထိရောက်စွာမြှင့်တင်ခဲ့ပြီး နှစ်ထောင်ချီဆက်လက်တည်ရှိနေတဲ့ ရှေးဟောင်းပိုးလမ်းမကြီးကို ခေတ်သစ်မှာအားသစ်တွေနဲ့သစ်လွင်နေဖို့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
 
အကျိုးရလဒ်ကောင်း
 
တစ်ကယ်တော့Belt and Road ရပ်ဝန်းအတွင်း လမ်းမများကို ချိတ်ဆက်ရင်း နိုင်ငံပေါင်းစုံ၊ ဒေသပေါင်းစုံမှာ ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးရလဒ်ကောင်းတွေရရှိခဲ့ပါတယ်။ အလားတူအနာဂတ်မှာလည်း တည်ဆောက်ရေးဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ချနိုင်ခဲ့ပါတယ်။ ဆယ်နှစ်တာကာလအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံဟာ နိုင်ငံပေါင်း၁၅၁နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၃၂ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်၂၀၀‌ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ကုန်သွယ်မှုအနေနဲ့ Belt and Roadအဆိုပြုချက် စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ကစလို့ နှစ်စဥ်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ( ၁ဒသမ၀၄ )ထရီလီယံရှိခဲ့ရာကနေ၂၀၂၁ ခုနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၁ဒသမ၈ )ထရီလီယံ ရှိလာခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရပ်ဝန်းပေါ်က နိုင်ငံတွေမှာ ထူထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းပေါင်းဟာ (၃၂၀၀၀)မျှ ရှိတယ်လို့ သိရပါတယ်။
 
ဒါတွေဟာသမ္မတရှီရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက်မှရတဲ့ အောင်မြင်မှုအသီးအပွင့်တွေပဲ ဖြစ်ပါတယ်။လက်တွေ့ကျတဲ့ အကျိုးရလဒ်တွေလို့လည်း ပြောလို့ရပါတယ်။ဒီအောင်မြင်မှုအကျိုးရလဒ်တွေကတစ်ဆင့်ရပ်ဝန်းနဲ့ပိုးလမ်းမပေါ်မှ မိတ်ဖက်နိုင်ငံတွေနဲ့ ဒေသတွေဟာ ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအချို့ကို လျှော့ချနိုင်ပြီး ပြည်သူတွေရဲ့လူမှုစီးပွားဘဝလိုအပ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။
       
ဒီလိုရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက်ရဲ့ လက်တွေ့ကျတဲ့အောင်မြင်မှုအကျိုးရလဒ်တွေကို အခြေခံလို့လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ပြဿနာတွေကို လျှောချဖြေရှင်းနိုင်ဖို့ဆိုတာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသည်သာအဓိကကျကြောင်း၊တစ်နည်းအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုရွှေသော့ဖြင့်သာ ကမ္ဘာ့ပြဿနာတွေဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သမ္မတရှီက အကြိမ်၃၀မြောက် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) စီးပွားရေးခေါင်းဆောင်များထိပ်သီးအစည်းအဝေး ကျင်းပနေစဥ် ဖွင့်ဆိုထောက်ပြခဲ့တာဖြစ်မယ်လို့ မောင်ဒီမိုသုံးသပ်မိပါတယ်။
 
ဒါ့အပြင် အောက်တိုဘာ၁၇ရက်နဲ့၁၈ရက်နေ့များက ပေကျင်းမှာကျင်းပတဲ့ Belt and Road အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ သမ္မတရှီက နိုင်ငံနဲ့ဒေသတွေအကြား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သတ်လို့ ခုလိုပဲ ထည့်သွင်းပြောကြားခဲ့ပါတယ်-
             
"လက်ရှိမှာကမ္ဘာကြီးပြောင်းလဲမှု၊ခေတ်ပြောင်းလဲမှု၊သမိုင်းပြောင်းလဲမှုတွေဟာ ယခင်ကမရှိခဲ့ဖူးတဲ့ပုံစံနဲ့ ဖြစ်ပေါ်နေပါတယ်။တရုတ်နိုင်ငံဟာ တရုတ်အသွင်ပုံစံ ခေတ်မီမှုနဲ့ အင်အားကြီးနိုင်ငံတည်ဆောက်ရေး၊အမျိုးသားပြန်လည်နိုးထရေးဆိုတဲ့ ကြီးမြတ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ဖော်ဆောင်ချင်တာဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်း ကောင်းမွန်တဲ့ခေတ်မီမှုမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများအပါအ ဝင် နိုင်ငံအသီးသီးဖွံ့ဖြိုးဖို့ အတူဖော်ဆောင်လိုတာဖြစ်ပါတယ်။ ခေတ်မီတဲ့ ကမ္ဘာကြီးဆိုတာ  ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်တဲ့ခေတ်မီမှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ခေတ်မီမှု၊ အတူတကွစည်ပင်ဝပြောတဲ့ခေတ်မီမှုဖြစ်သင့်ပါတယ်။ ရှေ့ဆက်ရမယ့်လမ်းမှာ ဖြောင့်ဖြူးနိုင်သလို အခက်အခဲတွေလည်းရှိနိုင်ပါတယ်။ကျွန်တော်တို့ဟာ ရည်မှန်းချက်၊လှုပ်ရှားမှုတွေကို ဦးတည်အာရုံစိုက်ပြီး ပန်းတိုင်ကိုမရောက်မချင်းအကောင်အထည် ဖော်သွားရမှာဖြစ်တယ်။"လို့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
         
သမ္မတရှီရဲ့ဒီပြောကြားချက်ထဲမှာလည်း ဖွံ့ဖြိုးတိုးတက်မှုရဲ့အရေးပါမှုကို ဖော်ညွှန်းသွားပြီး တရုတ်အသွင်ပုံစံ ခေတ်မီမှုကို ဖော်ဆောင်ရာမှာ တရုတ်တစ်နိုင်ငံတည်းဖွံ့ဖြိုးဖို့မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင်ဒေသတွင်း နိုင်ငံများအကြားပါ ဖွံ့ဖြိုးဖို့ပူးပေါင်းဆောင်မှုဟာ အရေးကြီးကြောင်း ထောက်ပြပြောဆိုသွားတာဖြစ်ပါတယ်။တရုတ်အသွင်ပုံစံ ခေတ်မီမှုဟာ လွတ်လပ်စွာဖြင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခြင်း၊ပြည်သူများကို ထိပ်ဆုံးနေရာမှာထားခြင်း၊ငြိမ်းချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း၊သွေးစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ခြင်း စတဲ့အချက်တွေကို အခြေခံထားပါတယ်။တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြစ်စဥ်ဟာ ကမ္ဘာ့ငြိမ်း ချမ်းရေး၊တရားမျှတရေးနှင့်အပြုသဘောဆောင်တဲ့ အင်အားများ တိုးပွားရေးဖြစ်စဥ်ပဲဖြစ်ပါတယ်။ဒီအသွင်ပုံစံခေတ်မီမှုကို အခြေခံမှသာ ကမ္ဘာ့နိုင်ငံတွေဟာ ခေတ်မီတဲ့လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ကြပြီးလူသားကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ယုံကြည်တဲ့အတွက် သမ္မတရှီက နိုဝင်ဘာ၁၆ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပတဲ့ APEC စီးပွားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို" စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ပြီး အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ်ကို ရေးသားခြင်း" ခေါင်းစဥ်နဲ့ မိန့်ခွန်းလွှာပေးပို့ခဲ့ပါတယ်။အဲဒီမိန့်ခွန်းလွှာထဲမှာ သမ္မတရှီက တရုတ်နိုင်ငံမှာကျင့်သုံးနေတဲ့ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေတဲ့ နိုင်ငံအတွင်း တရုတ်ပုံစံအသွင်ခေတ်မီရေးလုပ်ငန်းစဥ်ကို ဖော်ညွှန်းပြီး ကမ္ဘာကြီးခေတ်မီတိုးတက်ရေးအတွက် တစ်ကမ္ဘာလုံးရှိ စီးပွားရေးနယ်ပယ်များမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားတာခုလိုပဲတွေ့ရပါတယ်။
 
သမ္မတရှီက-
 
                 "တရုတ်အသွင်ပုံစံခေတ်မီမှု၏ ရည်မှန်းချက်နှင့် ပန်းတိုင်မှာ တရုတ်ပြည်သူ(၁ဒသမ၄)ဘီလီယံကျော်ကို ပိုမိုသာယာကောင်းမွန်သောဘဝများ ပိုင်ဆိုင်နိုင်စေရန်ဖြစ်ကြောင်း၊ယင်းသည် ကမ္ဘာကြီးအတွက်ပိုမိုကျယ်ပြန့်သော စျေးကွက်နှင့် မကြုံစဖူးပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဖြစ်ပြီး ကမ္ဘာကြီးခေတ်မီတိုးတက်ရေးအတွက် အားကောင်းသောခွန်အားများကိုလည်း ဖြည့်တင်းပေးနေကြောင်း၊တရုတ်အသွင်ပုံစံ ခေတ်မီမှုလုပ်ငန်းစဥ်တွင် တစ်ကမ္ဘာလုံးရှိ စီးပွားရေးနယ်ပယ်မှ တက်တက်ကြွကြွပါဝင်လာရန်နှင့် တရုတ်နိုင်ငံ၏အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုမှ ဆောင်ကြဥ်းပေးလာသည့် ကြီးမားသောအခွင့်အလမ်းများကို အတူရယူမျှဝေကြရန် ကြိုဆိုတိုက်တွန်းကြောင်း" အလေးပေးပြောကြားထားတာတွေ့ရပါတယ်။
 
တကယ်တော့သမ္မတရှီဟာ နိုင်ငံအတွင်း ၁ဒသမ၄ဘီလီယံကျော်သော ပြည်သူများအကြား အားကောင်းလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အခြေခံပြီးလည်းကောင်း၊ထို့ပြင်တရုတ်နိုင်ငံကဦးဆောင်ပြီး နိုင်ငံပေါင်း၁၅၀
နှင့်အတူ ပူးပေါင်းဖော်ဆောင်နေတဲ့ Belt and Road ရပ်ဝန်းအတွင်း တိုးတက်အောင်မြင်မှုများကို အခြေခံပြီးလည်းကောင်း နိုင်ငံနဲ့ဒေသများအကြား ဖွံ့ဖြိုးမှုကို အလေးထားလို့ ပူးပေါင်းဖော်ဆောင်ခြင်းသည်သာကြုံတွေ့နေရတဲ့ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းရွှေသော့(Golden Key)ဖြင့်သာ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း တင်စားဖော်ညွှန်းခဲ့တာဖြစ်တယ်လို့ မောင်ဒီမို ဒီလိုပဲရှုမြင်သုံးသပ်ရေးသားလိုက်ရပါတယ်။ ။
 
ရေးသူ-မောင်ဒီမို