【 နိုင်ငံတကာဆောင်းပါး 】 နှစ်ဖက်စလုံးအတွက် အရေးကြီးသည့် ပိုမိုနီးကပ်သော ကုန်သွယ်ရေး

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ဖက်စလုံးအတွက် အရေးကြီးသည့်   ပိုမိုနီးကပ်သော ကုန်သွယ်ရေး

အမေရိကန်နှင့် တရုတ်ကြား နှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သော ဆက်ဆံရေးကာလတွင် မကြာသေးမီရက်များအတွင် ပေကျင်းသို့ ရောက်ရှိလာသော အမေရိကန်စီးပွားရေးကိုယ်စားလှယ်များကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က တွေ့ဆုံခဲ့ပြီး ပိုမိုနီးကပ်သော ကုန်သွယ်ရေး ဖြစ်ထွန်းလာစေရန် တိုက်တွန်းခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။

တရုတ်သွင်းကုန်များအပေါ် အမေရိကန်က ကြီးလေးသော အခွန်စည်းကြပ်မှုနှင့် ကွန်မြူနစ်ပါတီ လွှမ်းမိုးမှု၊ တရားမျှတမှုမရှိသော ကုန်သွယ်မှုအတားအဆီးများနှင့် ဉာဏပစ္စည်းခိုးယူမှုတို့ကို ဝါရှင်တန်က စွပ်စွဲနေသော်လည်း ရှီက ထိုအရာများထက် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အလေးထားကာ ပြောခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတကာအတွက် စိတ်ဝင်စားစရာ သတင်းကောင်းဖြစ်လာခဲ့သည်။

အထူးသဖြင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်မှု ကတောက်ကဆဖြစ်နေမှုသည် ကမ္ဘာ့စီးပွားရေးကို လေးလံထိုင်းမှိုင်းစေသလို  မတည်မငြိမ်လည်းဖြစ်စေသည်။ယခုနှစ်ပိုင်းတွင် အမေရိကန်အစိုးရဘက်က တရုတ်၏ အသစ်သုံးမျိုးဟုခေါ်သော ဆိုလာ၊ အီးဗွီနှင့် ဘတ္ထရီနည်းပညာပိုင်းအပြင် အရေးပါသော တစ်ပိုင်းလျှပ်ကူးနည်းပညာဘက်ကို ကန့်သတ်ပိတ်ဆို့လာသည်ကို တွေ့ရသည်။သို့ရာတွင် ဆန့်ကျင်ဘက်အနေဖြင့် အမေရိကန်ကုမ္ပဏီကြီးများက တရုတ်တွင် ရင်းနှီးမြုပ်နှံမှုကို တိုးချဲ့နေခြင်းဖြင့် သေချာသည့် စျေးကွက်ကို လက်မလွှတ်လိုသည့် သဘောကို ပြနေခဲ့သည်။

အမေရိကန်ဘက်က တရုတ်နှင့် ဆက်ဆံရေးကို နိုင်ငံရေးပေါ် အခြေခံစဉ်းစားသော်လည်း တရုတ်ဘက်ကမူ စီးပွားရေးတွင် နိုင်ငံရေးမထည့်သွင်းဘဲ ရိုးရိုးရှင်းရှင်း စဉ်းစားသည်ကို တွေ့ရသည်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ရှီကျင့်ဖျင်၏ စကားကို ကိုးကားပြီး “တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးတစ်ခုပါပဲ” ဟု ဖော်ပြခဲ့ခြင်းကိုကြည့်လျှင် တရုတ်ဘက်က အမေရိကန်နှင့် ပြေလည်ချင်သည့် သဘောထားကို လက်ကိုင်ထားနေမှန်း သိသာနေသည်။ထိုအတွက် တရုတ်ဘက်က ယူဆချက်ကိုကြည့်လျှင် ရှီ၏ ပြောစကားကို ကြည့်ရမည်ဖြစ်သည်။

ရှီက “တရုတ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်တာပဲဖြစ်ဖြစ်၊ ထိပ်တိုက်ရင်ဆိုင်တာပဲဖြစ်ဖြစ် နှစ်နိုင်ငံပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ လူသားတွေရဲ့ အနာဂတ်နဲ့ ကံကြမ္မာအပေါ် သက်ရောက်မှုရှိပါတယ်” ဟု ဆိုထားသည်။

တရုတ်အပေါ် အမေရိကန်ဘက် ကန့်သတ်မှုရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးတွင် တရုတ်ဘက်က ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၂၇၉ ဘီလီယံကျော်ပြခဲ့ရာ ထိုကိန်းဂဏန်းအပေါ် အခြေပြုပြီး ယခုနှစ်ရွေးကောက်ပွဲတွင် တရုတ်နှင့် ကုန်သွယ်ရေးညီမျှမှုသည် အကောင်းဆုံးမဲဆွယ်စကားဖြစ်နေဖို့ များနေသည်။သို့သော် တရုတ်သည် ကမ္ဘာ့စက်ရုံနှင့် ထောက်ပံ့ရေးကွင်းဆက်နိုင်ငံဖြစ်နေရာ ထိုသို့ ကုန်သွယ်ရေးပိုငွေပြခြင်းသည် စိုးရိမ်စရာအဖြစ် အမေရိကန်ကုမ္ပဏီများက ယူဆခြင်းမပြုဘဲ တရုတ်တွင် ရင်းနှီးမြုပ်နှံမှု တိုးမြင့်လာရန်သာ အားရုံထားကြသည်ကို တွေ့ရသည်။

မတ် ၂၇ ရက်တွင် တရုတ်သို့လာရောက်သည့် အမေရိကန် စီးပွားရေး၊ မဟာဗျူဟာ၊ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။ထိုအမေရိကန်အဖွဲ့တွင် အမေရိကန်-တရုတ်ဆက်ဆံရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ Evan Greenberg ၊ Blackstone Group ဥက္ကဋ္ဌနှင့် စီအီးအို Stephen Schwarzman ၊ Qualcomm ကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို Cristiano Amon ၊ Harvard's John F. Kennedy အစိုးရစာသင်ကျောင်း တည်ထောင်သူဟောင်း Graham Allison ၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Craig Allen တို့ ပါဝင်သည်။

တွေ့ဆုံပွဲမှာ ရှီကျင့်ဖျင်က ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးပွဲမှာ အကြီးဆုံး သဘောတူညီချက်ဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးတည်ငြိမ် ကောင်းမွန်လာသင့်ကြောင်းပဲဖြစ်တယ်လို့ ပြောခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အခြေခံကျသော ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြခဲ့သည်။ယခုသို့ တွေ့ဆုံမှုသည် နွေဦးတွင် အသစ်ပြန်လည်ကြီးထွားလာသည့် တရုတ်-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်၏ ကြီးမားသော နောက်ခံကားချပ်ပင်ဖြစ်သည်။

ဤအဆင့်မြင့်ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ နှစ်ပိုင်းဖြစ်သည်။တစ်ပိုင်းမှာ တရုတ်-အမေရိကန် တက်ကြွလှုပ်ရှားနေသော ကဏ္ဍများတွင် စိုးရိမ်ပူပန်မှုများကို ပြတ်သားစွာ ညှိနှိုင်းဖြေရှင်းရန်နှင့် နောက်တစ်ပိုင်းမှာ အပြန်အလှန်အကျိုးအမြတ်များ အသုံးချနိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ရှင်သန်လာစေရန် လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်။

လက်ရှိခေတ်၏ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် စီးပွားရေးမရေရာမှုများကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုနီးကပ်သော ကုန်သွယ်ရေးဆိုသည့် သမ္မတ ရှီ၏ ပန်ကြားချက်သည် ကမ္ဘာ့အတွက် ပိုမိုအရေးတကြီးနှင့် ပဲ့တင်ထပ်နေသည်။

တွေ့ဆုံမှုတွင် ရှီက ပြောထားသည့်အတိုင်း ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအမံများကို အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး အမေရိကန်ကုမ္ပဏီများအပါအဝင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ရှင်သန်ကြီးထွားစေရန်အတွက် အဓိကပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဟု ကတိပြုခဲ့သည်။

တရုတ်၏ ကြီးမားလှသော စျေးကွက်နှင့် ပိုမိုနက်ရှိုင်းစွာ ဆက်ဆံနိုင်စေရန် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသော ပလက်ဖောင်းများအဖြစ် Belt and Road Initiative နှင့် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကဲ့သို့သော ပွဲများကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ရည်ညွှန်းခဲ့သည်။စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်မှာ နှစ်နိုင်ငံလုံးအတွက် လိုအပ်နေပြီး မဟာဗျူဟာကျသည့် လိုအပ်ချက်မှာ နှစ်ဘက်သဘောထားကွဲလွဲမှုများရှိနေသော်လည်း လွန်လွန်ကဲကဲ ဖော်ပြ၍မရခြင်းဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးတွင် ကစဉ့်ကလျားချိန်များနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံသည် အမြဲတည်မြဲတိုင်း တည်မြဲနေခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများကို ရှောင်ရှားကာ ကွဲပြားမှုများကို စီမံခန့်ခွဲရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်နှင့် အလုံးစုံဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းခဲ့သည်။ဤအဆင့်မြင့်အစည်းအဝေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘောဆောင်သော အချက်ပြမှုတစ်ခုဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ကိုယ်စားလှယ်များကြား ဆွေးနွေးမှုသည် ကမ္ဘာပေါ်တွင် အကျိုးဆက်အရှိဆုံး ဆက်ဆံရေးများထဲမှ တစ်ခုဖြစ်ပြီး သိမ်မွေ့သော ရှုထောင့်များနှင့် တိုးတက်မှုအတွက် လိုလားချက်တို့ကို ထုတ်ဖော်ပြသနေသည်။စိန်ခေါ်မှုများသည် ငြင်းလို့မရနိုင်သလို ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း  အကျိုးသက်ရောက်စေသည့် အခွင့်အလမ်းများဖြစ်သည်။

ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွင် ပိုမိုခိုင်မာသော တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် လမ်းကြောင်းကို ပြသရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်၏ လေးနက်သော ကတိကဝတ်ကိုလည်း စံနမူနာပြနေလေသည်။

စိုးငြိမ်း