【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စီးပွားရေး ပြိုလဲခြင်း အယူအဆ အလုပ်ဖြစ်/မဖြစ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စီးပွားရေး ပြိုလဲခြင်း အယူအဆ အလုပ်ဖြစ်/မဖြစ်

တရုတ်စီးပွားရေးနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ခန့်မှန်းချက်များမှာ တောက်လျှောက်ဆိုသလို လွဲမှားလေ့ရှိခဲ့သည်။

ထင်ရှားသည့် ဖြစ်ရပ်မှာ ကိုဗစ်ကာလ တရုတ်စီးပွားရေးအပေါ် ခန့်မှန်းချက်ဖြစ်ပြီး ကိုဗစ်ရိုက်ခတ်မှုကြောင့် တရုတ်စီးပွားရေး ဗုန်းဗုန်းလဲသွားနိုင်ကြောင်း ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်ခေါင်းဆောင်များက ကိုဗစ်မူဝါဒ အတိုးအလျှော့များ၊ နိုင်ငံတော်ဘက်မှ ဝင်ရောက်ကိုင်တွယ်သည့် စီးပွားရေးဆိုင်ရာ စိုက်ထုတ်လုပ်ဆောင်ပေးမှုများကြောင့် ခန့်မှန်းမှုများသည် တက်တက်စင်အောင် လွဲချော်ခဲ့လေသည်။ထိုအစား တရုတ်နိုင်ငံမှာ ကိုဗစ်အလွန်ကာလတွင် ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံအဖြစ် ကမ္ဘာနှင့် ဒေသတွင်း၌ ငြင်းပယ်၍မရအောင် ပေါ်ထွက်လာခဲ့သည်။

ထိုသို့ မကြာခဏဆိုသလို တရုတ်စီးပွားရေး “ပြိုလဲခြင်း” ဆိုသည့် အယူအဆကို ရိုက်သွင်းနေသည့် အနောက်နိုင်ငံအချို့နှင့်ပတ်သက်ပြီး တရုတ်ဘက်က တုံ့ပြန်သည်မှာ ထိုယူဆချက်များသည် နိုင်ငံရေးတိုက်ခိုက်မှုသက်သက်သာဖြစ်ပြီး တရုတ်စီးပွားရေး ပြိုလဲစေရန် ထိုးနှက်ချက်ဖြစ်ကြောင်းကို ပိုအားကောင်းအောင် လုပ်ဆောင်ခြင်းဖြင့် သက်သေပြခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက် အမေရိကန် နယူးယောက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ဧည့်ခံပွဲတွင် တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းက တက်ရောက်လာသူများအား “တရုတ်စီးပွားရေး ပြိုလဲသည်” ဟု ပြောဆိုတိုင်း ထိုပြောဆိုချက်တွေသာ ထပ်ခါတလဲလဲ ပြိုလဲသွားကြောင်းနှင့် “တရုတ်စီးပွားရေးသည် အထွတ်အထိပ်သို့ရောက်ပြီးနောက် ပြိုလဲသွားပြီဆိုသည့်” အထောက်အထားလည်း လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်စီးပွားရေးမှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တည်ငြိမ်စွာ အသွင်ကူးပြောင်းလာခဲ့နိုင်သဖြင့် အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး ဇောက်ချပြုလုပ်နိုင်ခဲ့ပြီး တံခါးဖွင့်ဝါဒကို အဆင့်မြင့်စွာ ဆက်တိုက်တိုးချဲ့ဆောင်ရွက်၍ တရုတ်ပုံစံခေတ်မီရေးလမ်းကြောင်းကို ပိုမိုကျယ်ပြန့်လာစေကြောင်း၊ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာတွင် “အရေအတွက်” တရားမျှတစွာ များပြားလာပြီး “အရည်အသွေး” ကို ထိရောက်စွာ မြင့်တင်လာနိုင်သဖြင့် “တည်ငြိမ်မှု” အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ရှိပြီး “တိုးတက်မှု” အတွက် အလားအလာများစွာရှိနေကြောင်း၊ အကောက်ခွန်တိုက်ပွဲ၊ သိပ္ပံနည်းပညာတိုက်ပွဲနှင့် သိမြင်မှုတိုက်ပွဲများသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မတားဆီးနိုင်ကြောင်း ပြောခဲ့သည်။

တရုတ်ဘက်က ထိုသို့ပြောနိုင်အောင်ပင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများမှာ ကိုဗစ်နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုနှင့် ယူကရိန်းကို ရုရှားကျူးကျော်မှု၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲများကြောင့်နှင့် ယိုင်နဲ့လာသည့် ကမ္ဘာ့စီးပွားရေးကြောင့် ပြည်တွင်းပြဿနာများစွာနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှု အရှိန်အဟုန်မရှိခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အဓိကစီးပွားရေးနိုင်ငံများ စီးပွားရေးစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရချိန်တွင် တရုတ်က ထိုပြဿနာထဲမှ ထိုးထွက်နိုင်ခဲ့သည်။ထိုသည်မှာ ကြွယ်ဝသော လုပ်သားရင်းမြစ်နှင့် နည်းပညာဆိုင်ရာ တိုးတက်မှုကို တရုတ်ခေါင်းဆောင်များ၏ တည်ငြိမ်သောခေါင်းဆောင်မှုဖြင့် စဉ်ဆက်မပြတ် တံခါးဖွင့်ဝါဒကို အရည်အသွေးတိုးမြင့်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့ပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လက်တွေ့ကျ အာမခံချက်နှစ်ခုကို ပေးနိုင်မှုကြောင့်လည်း တရုတ်မှထွက်သွားသော ရင်းနှီးမြှုပ်နှံမှုထက် ဝင်လာသော ရင်းနှီးမြှုပ်နှံမှုက ပိုများခဲ့ခြင်းကြောင့်လည်း တရုတ်စီးပွားရေးက ပို၍ကောင်းမွန်လာခဲ့သည်။

ထိုနှစ်ချက်မှာ လူဦးရေတစ်ဘီလီယံခွဲခန့်ရှိသည့် တရုတ်ပြည်မစျေးကွက်ကြီးမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သေချာသည့် အမြတ်ရရှိမှုနှင့် ရင်းနှီးမြုပ်နှံသူများကို ကာကွယ်ပေးသည့် တရုတ်စီးပွားရေးမူဝါဒတို့ဖြစ်သည်။ထို့ကြောင့် နှစ်တိုင်းနှစ်တိုင်းထွက်ပေါ်လာသည့် တရုတ်စီးပွားရေး ပြိုလဲမည်ဟု ခန့်မှန်းပြောဆိုမှုများသည် လွဲမှားခဲ့ခြင်းဖြစ်သည်။

တရုတ်စီးပွားရေး ပြိုလဲမည်ဟု ခန့်မှန်းပြောဆိုမှုများသည် ယခုမှသာမဟုတ် ယခင်ကတည်းကရှိခဲ့သလို ယခင်ကတည်းကပင် မှားယွင်းခဲ့သည်။ဟောင်ကောင်ဖွား  အမေရိကန်အခြေစိုက် သမိုင်းပညာရှင် Gordon H. Chang က ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ ပြိုလဲမည်ဟု ခန့်မှန်းခဲ့သော်လည်း ၂၀၁၁ ခုနှစ် ကုန်ဆုံးခါနီးတွင် Chang က ၎င်း၏ ခန့်မှန်းချက်သည် မှားယွင်းကြောင်း ဝန်ခံခဲ့သည်။ထို့ကြောင့် ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ထိုနှစ်၏ “တစ်နှစ်တာ အဆိုးရွားဆုံး ခန့်မှန်းချက် ၁၀ ခု” စာရင်းထဲ ထည့်သွင်းခံရသည်။

၂၀၁၈ ခုနှစ်တွင် “တရုတ်ပြိုလဲခြင်း” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံဆိုင်ရာ သြစတြေးလျပညာရှင် Richard McGregor က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။အခြားသော အနောက်မီဒီယာအချို့တွင်လည်း ထိုယူဆချက်သည် မကြာခဏပေါ်ထွက်လာလေ့ရှိသည်။သို့သော် ထိုအယူအဆသည် တကယ်တမ်းစဉ်းစားပါက ကမ္ဘာအတွက် အလွန်အန္တရာယ်များသော ယူဆချက်ဖြစ်သည်။တရုတ်ဖြစ်စေ၊ အမေရိကန်ဖြစ်စေ စီးပွားရေးပြိုလဲပါက ထိုအကျိုးဆက်သည် ကမ္ဘာတစ်ဝန်းရှိ လူများအတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကို ဖြစ်လာစေမည်ဖြစ်သည်။

လက်ရှိတွင် တရုတ်စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံနီးပါးထိရှိနေသည်။ ၂၀၂၃ တွင် တရုတ်နိုင်ငံ၏ GDP သည် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာ့အဓိကစီးပွားရေးနိုင်ငံတွေထဲ အမြင့်ဆုံးဖြစ်ခဲ့သည်။ကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံများတွင် ကြီးမားသော ရင်းနှီးမြုပ်နှံမှုများကြောင့် အောင်မြင်မှုများစွာရရှိခဲ့သည်။တရုတ်နိုင်ငံတွင် မြို့ပြအိမ်ထောင်စု သန်း ၃၀၀ ၏ ၉၆ ရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်တွင် အနည်းဆုံး တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ခဲ့ကြောင်း ဗဟိုဘဏ်၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။တရုတ်တွင် အိမ်ထောင်စု စုငွေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို အိမ်ခြံမြေတွင် မြှုပ်နှံထားသည်။တစ်စိတ်တစ်ပိုင်းအားဖြင့် တရုတ်လူမျိုးများသည် ၎င်းတို့ဝင်ငွေ၏ သုံးပုံတစ်ပုံကို စုဆောင်းငွေအဖြစ် ဖယ်ထုတ်ကာ ဘဏ်စနစ်တွင် ယွမ် ၁၂၀ ထရီလျံကို စုဆောင်းခဲ့ကြသည်။

ထို့သို့သောအကြောင်းအချက်များကြောင့်လည်း တရုတ်နိုင်ငံသားများနှင့် တရုတ်တွင် လာရောက်ရင်းနှီးမြုပ်နှံသူများက တရုတ်နိုင်ငံ၏ စီးပွားရေးသည် တာရှည်ခံပြီး ရေရှည်တည်တံ့မည်ဟု ယုံကြည်ထားသည်။

တရုတ်စီးပွားရေး ပြိုလဲခြင်း အယူအဆသည် ဖြစ်လာနိုင်နိုးဆိုသည့် အကြောင်းအချက်အပေါ် မူတည်ကာ ပေါ်ပေါက်လာခြင်းနှင့် နိုင်ငံရေးအရဖြစ်သော်လည်း တကယ်တမ်းတွင် ယန္တရားသဖွယ် လုပ်ဆောင်နေသည့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်နှင့် ယိုပေါက်ဟာပေါက်ကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ပေးနေသည့် တရုတ်စီးပွားရေးမူဝါဒ ချမှတ်နေသူများကြောင့် ထင်သလိုဖြစ်လာရန် မလွယ်ချေ။ထိုသို့ဖြစ်လာခဲ့သည်ရှိပါက တစ်ကမ္ဘာလုံး ကသောင်းကနင်းဖြစ်ကုန်မည် ဖြစ်လေသည်။

ထူးခြားစွာသတိပြုရမည့် အချက်မှာ တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်ကတည်းက နိုင်ငံတွင်း ဆင်းရဲမွဲတေမှု အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ခြင်းပင်ဖြစ်သည်။ Caixin Media ၏ စစ်တမ်းတစ်ခုအရ ယနေ့ခေတ် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် တရုတ်နိုင်ငံသား ၈၄ ရာခိုင်နှုန်းသည် ဘွဲ့ရပြီး အလုပ်ရှာရန် ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်ကြသည်ဟု ဆိုသည်။ထိုသည်က ကမ္ဘာ့အရပ်ရပ်ရှိ နိုင်ငံများထက် တရုတ်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ပေါများနေခြင်းကို ပြသနေသည်။

တရုတ်စီးပွားရေး ပြိုလဲခြင်း မဖြစ်နိုင်ကြောင်းကို ဗြိတိန်အွန်လိုင်းမဂ္ဂဇင်း Spiked က ထောက်ပြရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအနှောင့်အယှက်များကို ခံနိုင်ရည်ရှိမှုသည် ၎င်း၏ထုတ်လုပ်မှု အခြေခံများ အားကောင်းခြင်းဖြစ်ပြီး အနောက်နိုင်ငံများနှင့် မတူကြောင်း ဖော်ပြခဲ့သည်။၎င်းဆောင်းပါးတွင်ပင် တရုတ်နိုင်ငံသည် ယခုအခါ လျှပ်စစ်ကားများ၊ လျှပ်စစ်ကားဘက်ထရီများ၊ 5G ဆက်သွယ်ရေးစက်များ၊ လုပ်ငန်းသုံးဒရုန်းများ၊ အင်တာနက်သုံးပစ္စည်းများ၊ မိုဘိုင်းငွေပေးချေမှုများနှင့် ဆိုလာဗို့ဓာတ်ပြားများ ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာကို ဦးဆောင်နေကြောင်း ဖော်ပြထားသည်။

ထိုအကြောင်းချက်များကို အခြေခံပါက အထူးသဖြင့် တရုတ်နှင့် ပတ်သက်သော အမေရိကန်၏ “စီးပွားရေး ပြိုလဲခြင်း” သီအိုရီသည် စိတ်ကူးယဉ်ဆန်သော တွေးခေါ်မှုနှင့် အချက်အလက် လျစ်လျူရှုမှု ကင်းမဲ့မှုတစ်ခုသာဖြစ်နေသည်ကို မြင်ရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို စီးပွားရေးအရ ပြိုလဲခြင်းသည် ဒိုမီနိုသက်ရောက်မှုလို ကမ္ဘာကို အနှေးနှင့် အမြန် သက်ရောက်မည်ဖြစ်သည်။ထို့ကြောင့် လက်တွေ့ကျကျဆိုပါက နိုင်ငံတစ်နိုင်ငံအား “စီးပွားရေး ပြိုလဲခြင်း” သီအိုရီဖြင့် တိုက်ခိုက်ခြင်းသည် ကမ္ဘာအတွက် အန္တရာယ်ကြီးသော အယူအဆတစ်ခုပင်ဖြစ်လေသည်။

စိုးငြိမ်း