【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု မြင့်တက်စေခဲ့သည့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု မြင့်တက်စေခဲ့သည့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်

တရုတ်သည် ၂၀၂၀ ခုနှစ်မှ စတင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်ကို အကောင်အထည်ဖော်ချိန်မှစကာ ပြည်တွင်းဈေးကွက်သည် အဓိကဖြစ်လာပြီး ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များသည် အချင်းချင်း အားအင်ဖြည့်တင်းလျက်ရှိသည်။

တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်သည် နိုင်ငံ၏ တိုးတက်မှုဆိုင်ရာ အခြေအနေများနှင့် ရေရှည်အတွက် အရည်အသွေးမြင့် တိုးတက်ခြင်းဆိုင်ရာ လိုလားချက်များကို အခြေခံထားခြင်းဖြစ်ပြီး ပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို တုံ့ပြန်ရန်လည်းဖြစ်သည်။

ထိုမဟာဗျူဟာမှတစ်ဆင့် တရုတ်သည် ပြည်တွင်းဈေးကွက် စွမ်းရည်များကို အားကောင်းစေကာ တံခါးဖွင့်မူဝါဒဖြင့် ပြည်ပနိုင်ငံများသို့ ဖွင့်လှစ်လျက်ရှိသည်။တရုတ်ပြည်တွင်းဈေးကွက် အားကောင်းလာသည်နှင့်အမျှ တရုတ်နိုင်ငံအပြင် အခြားသောနိုင်ငံများအတွက်လည်း ဝယ်လိုအားတက်လာမည်ဖြစ်သည်။လူဦးရေ ၁.၄ ဘီလီယံကျော်ရှိပြီး ဝင်ငွေအလယ်အလတ်ရှိသူပေါင်း သန်း ၄၀၀ ကျော်သော တရုတ်သည် ကမ္ဘာ့စီးပွားရေးအတွက် အကြီးဆုံးသုံးစွဲသူဖြစ်သည်။

တရုတ်သည် နှစ်ပေါင်း ၄၀အတွင်းတွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒများမှတစ်ဆင့် အကျိုးအမြတ်များရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ တရုတ်သို့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းနှင့် အဆင့်မြင့်နည်းပညာ နယ်ပယ်များတွင် ပိုမိုမြင့်တက်လာကြောင်း သိရသည်။တရုတ်၏ တံခါးဖွင့်ဝါဒကြောင့် ပြည်ပနိုင်ငံများအတွက်လည်း တရုတ်ဈေးကွက်တွင် နေရာရလာခြင်းဖြစ်သည်။

“ကမ္ဘာ့စီးပွားရေးမှာ တရုတ်ကို လိုအပ်ပါတယ်။တရုတ်က စီးပွားရေးလုပ်ဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်။တရုတ်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနမူနာဖြစ်ပါတယ်။အထူးသဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပါ။တရုတ်က အဓိကကုန်သွယ်သူဖြစ်နေတာကြောင့် ကမ္ဘာကြီးအတွက် ပိုပြီးစိတ်ချရပါတယ်” ဟု ဗြိတိန်၏ 48 Group Club မှ ဥက္ကဋ္ဌဖြစ်သူ စတက်ဖန် ပယ်ရီက ဆိုသည်

တရုတ်သည် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်ဖြစ်သည့် ဒေသတွင်းဆိုင်ရာ ဘက်စုံစီးပွားရေးမိတ်ဖက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ရလဒ်အားဖြင့် တရုတ်နှင့် အခြားအဖွဲ့ဝင်များအကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၇.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်သည် ကမ္ဘာကြီးအတွက် နယ်ပယ်ပေါင်းစုံတွင် အခွင့်အလမ်းများစွာ ယူဆောင်လာပေးခဲ့သည်။ဥပမာများအနက် တစ်ခုမှာ ခါးပတ်နှင့်လမ်း အစီအစဉ်ဖြစ်သည်။ခါးပတ်နှင့်လမ်း အစီအစဉ်မှတစ်ဆင့် တရုတ်သည် အရည်အသွေးပိုမိုမြင့်မားသော ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်များသို့ ယူဆောင်ပေးနိုင်ပြီး နိုင်ငံများအတွက် တရုတ်နိုင်ငံသို့ တင်ပို့ရန်လည်း လမ်းကြောင်းဖြစ်လာသည်။

ခါးပတ်နှင့်လမ်း အစီအစဉ် စတင်သည့် ဆယ်စုနှစ်ကာလအတွင်းတွင် တရုတ်သည် နိုင်ငံပေါင်း ၁၅၀၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂၀၀ ကျော်တို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့သည်သာမက တိုးတက်ပြီး နိုင်ငံများမှ နိုင်ငံတကာအခြေစိုက် ကုမ္ပဏီများအတွက်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖြစ်စေခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်တွင် ပြည်တွင်းထုတ်လုပ်မှုနှင့် သုံးစွဲမှုကို အာရုံစိုက်ထားသည်ဟုဆိုသော်လည်း တရုတ်သည် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးကာ နည်းပညာဖလှယ်ရေး၊ အရင်းအမြစ် ဝယ်ယူရေးနှင့် ဈေးကွက်ရရှိရေးတို့ကို လုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်ရေးကုမ္ပဏီ တက်စလာက ရှန်ဟိုင်းတွင် အကြီးစားစက်ရုံ တည်ဆောက်မည်ဟု ကြေညာခဲ့ပြီး ဂျာမန်မှ ကျွမ်းကျင် ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen အဖွဲ့ကလည်း တရုတ်၏ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီသစ် Xpeng နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။ထို့အပြင် မတ်လတွင် ကမ္ဘာ့ရေနည်းပညာဝန်ဆောင်မှုကုမ္ပဏီ Xylem က တရုတ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ စတင်လည်ပတ်ပြီး ပြင်သစ်မှ နိုင်ငံတကာအခြေစိုက် Schneider လျှပ်စစ်ကုမ္ပဏီကလည်း ကားဆိုင်ရာ သုတေသနစင်တာတစ်ခု တည်ဆောက်ခဲ့သည်။

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် တည်ငြိမ်မှုကို ထိန်းထားနိုင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုအတွက် ဓာတ်ခွဲခန်းဖြစ်ကာ စားသုံးမှုအတွက် အရှိန်မြှင့်တင်နိုင်သူဖြစ်သည်ဟု L'Oreal ကုမ္ပဏီ ဥက္ကဋ္ဌ ယန်း-ပေါလ် အာဂွန်က ဆိုသည်။

“တရုတ်မှာ ရင်းနှီးမြှုပ်နှံခြင်းက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းလို့ ယုံကြည်ပါတယ်” ဟု အာဂွန်က ဆိုသည်။

“ဈေးကွက်ကို ထပ်မံဖွင့်လှစ်လိုက်ပြီး စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်စေကာ ပြည်တွင်းဝယ်လိုအားကို ခိုင်မာစေမယ်ဆိုရင် တရုတ်ဟာ ကမ္ဘာကြီးကို အခွင့်အလမ်းအသစ်တွေနဲ့ ကြိုဆိုနေမှာဖြစ်ပါတယ်။ဒီအခွင့်အရေးကို များစွာသော ကုမ္ပဏီတွေရရှိဖို့ မျှော်လင့်ပါတယ်” ဟု အာဂွန်က ပြောခဲ့သည်။

စိုးနိုင်ထွန်း
Ref - CMG | Explainer: How China's new development pattern boosts opening-up, global growth