【 နိုင်ငံတကာဆောင်းပါး 】ဘိုအောဖိုရမ်နှင့် တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်

【 နိုင်ငံတကာဆောင်းပါး 】ဘိုအောဖိုရမ်နှင့် တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်

မတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဟိုင်နန်းပြည်နယ်၊ ဘိုအော၌ ကျင်းပခဲ့သည် ဘိုအောအာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။

ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေးသို့ ကာဇက်စတန်သမ္မတ တိုကာယိက်ဗ်၊ Nauru သမ္မတ Adeang ၊ သီရိလင်္ကာဝန်ကြီးချုပ် ဂန်နာဝါဒီနာ၊ ဒိုမီနီကာဝန်ကြီးချုပ် စကက်ရီက်၊ ကမ္ဘောဒီးယားဘုရင်၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဟွန်ဆန်၊ ရုရှားဒုဝန်ကြီးချုပ် အို ဝေချုခ်၊ ကမ္ဘာ့ပညာ မူပိုင်ခွင့်အဖွဲ့ ဒါရိုက်တာချုပ် Daren Tang ၊ OECD အဖွဲ့အတွင်းရေးမှူးချုပ် ကိုးလ်မန်း၊ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn ၊ ဖိုရမ်ကောင်စီ ဥက္ကဋ္ဌ ဘန်ကီမွန်း စသည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်မှ နိုင်ငံရေး၊ စက်မှုနှင့် ကုန်သွယ်ရေးနှင့် တတ်သိပညာရှင်လောကမှ ကိုယ်စားလှယ် ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

ယခုနှစ် ဘိုအောဖိုရမ် ဆောင်ပုဒ်မှာ “အာရှနှင့်ကမ္ဘာ -- ဘုံစိန်ခေါ်မှုများနှင့် ဘုံတာဝန်များ” ဖြစ်ပြီး ဖိုရမ်အတွင်း “ကမ္ဘာ့စီးပွားရေး” ၊ “သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး” ၊ “လူမှုဖွံ့ဖြိုးတိုးတက်ရေး” ၊ “နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး” စတဲ့ ကဏ္ဍကြီး ၄ ခုကို မဏ္ဍိုင်ထားကာ  ဖိုရမ်ခွဲလှုပ်ရှားမှု ၄၀ ကျော်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် ယခုဖိုရမ်တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Zhao Leji က “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ကာ အာရှနှင့် ကမ္ဘာကြီး၏ သာယာသော အနာဂတ်ကို လက်တွဲဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

Zhao Leji က ဖိုရမ်အဖွင့်မိန့်ခွန်းတွင် နည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် FDI မူဝါဒများကို ဖြေလျှော့ရန်အတွက် တရုတ်နိုင်ငံမှ လုပ်ဆောင်နေသည့် အဆင့်အချို့ကို ပြောခဲ့သည်။၎င်းက ယနေ့ ကမ္ဘာကြီးတွင် ရာစုနှစ်အပြောင်းအလဲကြီးများ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ “လူသားတို့ မည်သည့်လမ်းကြောင်းသို့ တက်လှမ်းမည်နည်း” ဟူသော ခေတ်ကာလ၏ မေးခွန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အဖြေမှာ လူသားကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ဆောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယနေ့ကမ္ဘာတွင် များပြားလှသော စိန်ခေါ်မှုများနှင့်အတူ အကျပ်အတည်းများ လိမ်ယှက်နေကြောင်း ပြောခဲ့ပြီး အခြေအနေခက်ခဲကြမ်းတမ်းလေလေ ဘုံသဘောတူညီချက်၊ သွေးစည်းခိုင်မာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်လေလေဖြစ်ကြောင်း ပြောခဲ့သည်။

Zhao Leji က တရုတ်စီးပွားရေး အလားအလာကို အလေးနက်ထားပြောခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး ဒေသတွင်း ချမ်းသာကြွယ်ဝမှုအတွက် အာရှတစ်လွှား သွေးစည်းခိုင်မာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

Zhao က စီးပွားရေးနှင့် သဟဇာတရှိသော ပတ်ဝန်းကျင်အတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး “ပထဝီဝင်နိုင်ငံရေးတိုက်ပွဲများ” ကို တားဆီးရန် အာရှအတွက် အရေးကြီးကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။

Zhao Leji က “zero-sum ဂိမ်းနှင့် အစုအဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု အကျင့်ဟောင်းကို ကျော်ဖြတ်ပြီး စစ်မှန်သော နိုင်ငံစုံဝါဒကို ကျင့်သုံးကာ ပွင့်လင်း ကမ္ဘာ့စီးပွားရေးကို ပူးတွဲတည်ဆောက်ရန်” တောင်းဆိုခဲ့သည်။ထို့အပြင် တရုတ်နိုင်ငံသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေရေး မူဝါဒများကို ကတိကဝတ်ပြုကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တွင်လည်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

တရုတ်နှင့် ပြည်ပလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် Zhao က တရုတ်နိုင်ငံသည် ဈေးကွက်အတိုင်းအတာကြီးမားခြင်း၊ တောင့်တင်းကြံ့ခိုင်သည့် စက်မှုစနစ်၊ ပါရမီနှင့် တီထွင်ဆန်းသစ်မှု စသည့် အားသာချက်များနှင့် သိသာထင်ရှားသော အင်စတီကျူးရှင်းဆိုင်ရာ အားသာချက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ ရေရှည်စီးပွားရေး တိုးတက်မှုအခြေခံများသည် ပြောင်းလဲသွားခြင်းမရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံတွင် အသစ်တည်ထောင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီအရေအတွက်သည် ယခင်နှစ်ကာလတူထက် ၃၄.၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံသို့ FDI ဝင်ရောက်မှုမှာလည်း ၂၀၂၃ ခုနှစ်က  အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံရှိခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့် မှန်းထားသည်။

၂၀၂၃နှစ်က တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၅.၂ ရာခိုင်နှုန်းရှိခဲ့ရာ အဓိကစီးပွားရေးနိုင်ငံများကြား ထိပ်တန်းအဆင့်တွင်ရှိခဲ့သည်။ထို့အခြေအနေများကြောင့် တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ်တွင် ၅ ရာခိုင်နှုန်းပတ်ဝန်းကျင်ရှိမည်ဟု IMF က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဖိုရမ်တက်ရောက်လာသူ အများအပြားက တရုတ်နိုင်ငံတွင် အလွန်ကြီးမားသော စျေးကွက်ရှိပြီး အဆင့်မြင့်မားသော တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်နေရာ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းစနစ်၊ ထူးချွန်သော လူသားအရင်းအမြစ်နှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်များတွင် အားသာချက်များရှိနေကြောင်း၊ တရုတ်စီးပွားရေးသည် ရေရှည်ခံနိုင်ရည်အားကောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာသစ်များရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် စွမ်းအင်သစ်ဖြစ်သော စိမ်းလန်းသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် တရုတ်က ကမ္ဘာကို ဦးဆောင်နေသည်။သက်ဆိုင်ရာအချက်အလက်များအရ တရုတ်နိုင်ငံသည် မြစိမ်းရောင်အခြေခံအဆောက်အအုံ၊ မြစိမ်းရောင်စွမ်းအင်၊ မြစိမ်းရောင်နေထိုင်မှု စသည့် နယ်ပယ်များတွင် အတိုင်းအတာကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုဈေးကွက်ပမာဏ တိုးတက်မှုသည် နှစ်စဉ် တရုတ် ယွမ်ငွေ ၁၀ ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ် ဖိုရမ်သည် ဘိုအောအာရှဖိုရမ် သုညကာဗွန် စံပြဇုန် (Zero-Carbon Demonstration Zone) ကို စတင်ပြီးနောက် ကျင်းပသည့် ပထမဆုံးအကြိမ် နှစ်ပတ်လည်အစည်းအဝေးဖြစ်ရာ ဖိုရမ်၏ ခေါင်းစဉ်ခွဲ ဆွေးနွေးပွဲပေါင်း ၄၀ ကျော်တွင် “ကာဗွန်သုည” နှင့် “ရာသီဥတုလုပ်ဆောင်ချက်” ကဲ့သို့သော အဓိကအကြောင်းအရာများသာဖြစ်ခဲ့သည်။

ဘိုအောအာရှဖိုရမ်သည် အာရှနှင့် ကမ္ဘာနှစ်ရပ်စလုံးတွင် ကြီးမားသော အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။အာရှတွင် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာတွင် တောက်ပသော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း အမေရိကန်သည် ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံကြား ကွဲပြားမှုနှင့် တင်းမာမှုတို့ကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိနေရာ ကမ္ဘာကြီးသည် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၊ စီးပွားရေးကျဆင်းမှုနှင့် ရာသီဥတုအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်မှုသည် အခြားနိုင်ငံများအတွက် အလွန်ကြီးမားသော စျေးကွက်နှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများပေးအပ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် တည်ငြိမ်မှုမြှင့်တင်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေသည်။

IMF က တရုတ်စီးပွားရေးအားကောင်းမှုက ပတ်ဝန်းကျင်နိုင်ငံများသို့ သက်ရောက်မှုကို ခန့်မှန်းရာတွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၁ ရာခိုင်နှုန်း တိုးခြင်းသည် အခြားအာရှအဓိကစီးပွားရေးနိုင်ငံများတွင် ဝ.၃ ရာခိုင်နှုန်းတိုးစေလိမ့်မည်ဟု ဆိုသည်။

ထို့ကြောင့်လည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း Fukuda Yasuo က တရုတ်စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးအပေါ် သြဇာသက်ရောက်မှု အလွန်ကြီးမားကြောင်း ပြောခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် ကမ္ဘာအတွက် ရွေးချယ်စရာအသစ်ဖြစ်သည်။

ဇမ်ဘီယာနိုင်ငံ စီးပွားရေးပညာရှင် Ikabongo က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် ကမ္ဘာပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် တည်ငြိမ်မှုကို ထိန်းထားနိုင်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုအတွက် ဓာတ်ခွဲခန်းဖြစ်ကာ စားသုံးမှုအတွက် အရှိန်မြှင့်တင်နိုင်သူဖြစ်သည်။

“တရုတ်မှာ ရင်းနှီးမြှုပ်နှံခြင်းက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းလို့ ယုံကြည်ပါတယ်” ဟု ဖိုရမ်တက်ရောက်သူများက ဆိုထားကြရာ ကမ္ဘာ့စီးပွားရေးအတွက် တရုတ်က ဦးဆောင်သည့် လမ်းကြောင်းအပေါ် ကမ္ဘာက မည်မျှယုံကြည်မှုရှိသည်ကို ယခုကျင်းပသည့် ဖိုရမ်တွင် တွေ့မြင်ခဲ့ရပြီ ဖြစ်လေသည်။

စိုးငြိမ်း