【 နိုင်ငံတကာဆောင်းပါး 】စံချိန်တင်နိုင်ခဲ့သော တရုတ်-ဥရောပရထားခရီးစဉ်

【 နိုင်ငံတကာဆောင်းပါး 】စံချိန်တင်နိုင်ခဲ့သော တရုတ်-ဥရောပရထားခရီးစဉ်

ဥရောပ-အာရှ ရထားလမ်းဟာ ၂၀၂၁ ခုနှစ်တွင်လည်း ဆက်လက်ပြီး တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ တရုတ်-ဥရောပ ရထားလမ်းဟာ တည်ငြိမ်မှုရှိသော၊ ယုံကြည်အားကိုးလို့ရသော၊ ကုန်စည်ပို့ဆောင်မှုအတွက် အလွန်စွမ်းဆောင်ရည်ကောင်းခြင်းအစရှိသော ဝန်ဆောင်မှုများကို ပေးရာတွင် စံချိန်သစ်တင်နိုင်ခဲ့ပြီး နိုင်ငံတကာ ကုန်စည်တင်ပို့မှု တည်ငြိမ်ရေးတွင်လည်း အရေးပါသော ကဏ္ဍတွင် ပါဝင်လာခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောရေးဆိုခွင့်ရှိတဲ့ ဝမ်ဝေဘင်က ပြောကြားခဲ့ပါတယ်။အဲဒီနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ပေကျင်းမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဝမ်က တရုတ်-ဥရောပရထားလမ်းစနစ်ဟာ အပြန်အ လှန်ကုန်စည်တင်ပို့မှုနှင့် အခြားသော လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသော ရထားလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် China Railway က ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် တရုတ်-ဥရောပအကြားက ကုန်တင်ရထား ခရီးစဉ်ဟာ နှစ်စဉ်တိုးတက်မှု ၂၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ခရီးစဉ် ပေါင်း ၁၅၀၀၀ အထိ ပြေးဆွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီကာလအတွင်း ကုန်တင်ရထားဟာ ကွန်တိန်နာ (TEU)ပေါင်း ၁.၄၆ သန်း ရှိသော ကုန်စည်များကို သယ်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်စဉ်တိုးတက်မှု ၂၉ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်းဆိုပါတယ်။ အရေးကြီးသော အပိုင်းကတော့ တရုတ်နိုင်ငံအနောက်ပိုင်းကနေ အနောက်နိုင်ငံများသို့ကုန်စည်များ တင်ပို့မှုဟာ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် TEU ၅၇၀၀၀၀ ခန့်ကို တရုတ်နိုင်ငံအနောက်ဘက်ကနေ တင်ပို့နိုင်ခဲ့ပြီး ဒါဟာ နှစ်စဉ်တိုးတက်မှု ၅၇.၅ ရာခိုင်နှုန်း ရှိတာဖြစ်ပါ တယ်။

ဒီကနေ့ ရထားလမ်းဟာ တရုတ်နိုင်ငံက မြို့ပေါင်း ၈၉ မြို့နဲ့ ချိတ်ဆက်နေပြီး ဥရောပတိုက်က နိုင်ငံပေါင်း ၂၃ နိုင်ငံက မြို့ပေါင်း ၁၇၅ မြို့ကို ဖြတ်သန်းနေပါတယ်။ လန်ဒန်မြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Drewry Shipping ကုမ္ပဏီရဲ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်အရ တရုတ်နှင့် ဥရောပ အကြားက ပေ ၄၀ ရှိသော ကွန်တိန်နာတစ်ခု တင်ပို့ခဟာ ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၉၄၀၈ ကုန်ကျကြောင်း၊ ဒါဟာ ၂၀၂၀ နှစ်စတုန်းကထက် ၅ ဆ ပိုများလာတာဖြစ်ကြောင်းဆိုပါတယ်။

ဒါကို နှိုင်းယှဉ်ကြည့်ပါက တရုတ်ကနေ ပါရီမြို့သို့ ရထားဖြင့် ပေးပို့ပါက ဒေါ်လာ ၈၀၀၀ ခန့်သာ ကုန်ကျကြောင်း တရုတ်-ဥရောပအကြား ကုန်စည်တင်ပို့နေသော ကုမ္ပဏီဖြစ်တဲ့ SNCF တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဇာဗီယာဝန်ဒါပီပန်က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ အပြန်ခရီးတွင် ကုန်တင်ခဟာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုများကြောင့် ဒေါ်လာ ၂၀၀၀ ခန့် သက်သာကြောင်း၊ ဒီလို လုပ်ဆောင်ခြင်းဟာ ဥရောပကုမ္ပဏီများအနေနဲ့ တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုကို အားပေးလိုသောကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

ဒီလိုအကြောင်းအရင်းများကြောင့် ပြီးခဲ့တဲ့နှစ်တွင် ဥရောပကနေ တရုတ်နိုင်ငံသို့ ကုန်တင်ရထားခရီးစဉ်ဟာ ကြီးမားစွာ တိုးတက်လာခဲ့တာဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် China Railways က ထုတ်ပြန်ထားသော အချက်အလက်များအရ ပြီးခဲ့တဲ့နှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံသို့ ရထားခရီးစဉ်ပြေးဆွဲမှုဟာ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း သိရပါတယ်။

ဥရောပနှင့် တရုတ်နိုင်ငံအကြားက ရထားပြေးခရီးစဉ်ကြာချိန်ဟာ ရက်ပေါင်း ၂၀ သာရှိပြီး ရေကြောင်းခရီးဖြင့် ကုန်စည်တင်ပို့ပါက ရက်ပေါင်း ၇၀ အထိ ကြာမြင့်နိုင်ပါတယ်၊ ထို့ကြောင့် ရထားသာ စျေးနှုန်းသက်သော ကုန်စည်များကိုပို့ဆောင်ရာတွင် လူကြိုက်များသော နည်းလမ်းဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီပေးမှုများတွင် နောက်ထပ်အရေးကြီးသော ကူညီပေးမှုကတော့ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အစိုးရက အားပေးလာကြောင်းကို တွေ့မြင်ရပါတယ်။ တရုတ်နိုင်ငံဟာ ရထားဆိုင်ရာ အခြေခံအဆောက်အဦများကို ဆက်လက်အဆင့်မြှင့်တင်မှာဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပနှစ်ဖက်လုံးတွင် တိုးတက်မှုများ ဖော်ဆောင်မှာဖြစ်ပါတယ်။ China Development Bank ကလည်း ဒီကဏ္ဍတွင် ပါဝင်ကူညီမည်ဟုလည်း ထုတ်ပြန်ထားပါတယ်။ ဘဏ်များဟာ လိုအပ်သော နည်းပညာအသစ်တည်ဆောက်မှုအတွက် လိုအပ်သော ဘဏ္ဍာရေး ပံ့ပိုးမှုများကိုလည်း ကူညီပေးမှာဖြစ်ပြီး အသုံးအဆောင်ပစ္စည်းများကိုလည်း အဆင့်မြှင်တင်ရာတွင် ငွေကြေးပံ့ပိုးမှုများ လုပ်မည်ဖြစ်ပါတယ်၊ ဒီလိုကဏ္ဍများတွင် ကူညီမှုများ လုပ်ဆောင်ခြင်းဖြင့် ပို့ဆောင်ဆက်သွယ်ရေးကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်အားကိုလည်း ကောင်းလာစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် တရုတ်နိုင်ငံဟာ နိုင်ငံခြားတွင် ရထားလမ်းဖောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများစွာလည်း လုပ်ဆောင်ခဲ့ပြီး ဥပမာတစ်ခုကတော့ရုရှားနိုင်ငံက ကာလင်နီဂရတ်စီမံကိန်းဖြစ်ပါတယ်။

New Silk Road Intermodal ကုမ္ပဏီရဲ့ စီအီးအိုဖြစ်တဲ့ ဂျက်ကီယန်ရဲ့ ပြောဆိုချက်အရ တရုတ်အစိုးရ တာဝန်ရှိသူများဟာ ထောက်ပံ့ကူညီမှုများကို ၂၀၂၂ နှစ်ကုန်တွင် ပြန်လည်အစားထိုးရန် စီစဉ်နေကြောင်း ဆိုပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ ကြောင့် အစားထိုးမည့် အစီအစဉ်ကို နောက်ထပ် တစ်နှစ်အထိ ထပ်မံတိုးချဲ့ လိုက်ပါတယ်။ ထောက်ပံ့မှုအများဆုံး ရရှိသော အချိန်တွင် ကွန်တိန်နာတစ်ခုအတွက် ဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ အထိ ရရှိပြီး ခုတော့ သတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်အရ ဒေါ်လာ ၁၀၀၀ သို့ ကျဆင်းသွားပြီ ဖြစ်ကြောင်းသိရပါတယ်။ အကယ်၍ ထောက်ပံ့မှုများကိုလည်း ပယ်ဖျက်ရင်တောင်မှ တန်ဖိုးကြီးသော ကုန်စည်များကို ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းဟာ အမြတ်များစွာ ရရှိအုံးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တန်ဖိုးနည်းသော ကုန်စည်များကို ရေကြောင်းဖြင့် တင်ပို့လာနိုင်ခြေကလည်း ရှိလာပါတယ်။

တရုတ်နှင့် ဥရောပကို ဆက်သွယ်ရန် ၁၀ နှစ်ကြာ စမ်းသပ်မှုများ လုပ်ဆောင်လာခဲ့ပြီး ရလဒ်အဖြစ် ကြီးမားသော အကျိုးအမြတ်နှင့် ကြီးမားသော ကတိများကို ယူဆောင်လာပါတယ်။ ဥရောပအပြင် ဒီကုန်သွယ်ရေးလမ်းကြောင်းကနေ အကျိုအမြတ်များ ရရှိနိုင်သော နေရာများကတော့ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများနှင့် အာရှအလယ်ပိုင်းက နိုင်ငံများဖြစ်ပြီး ဒီဒေသများဟာ ရာစုနှစ်ပေါင်းများစွာ နယ်မြေအနေအထားကြောင့် နောက်ကျကျန်ခဲ့သော ဒေသများဖြစ်ပါတယ်။ ခုတော့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ကုန်လမ်းဖြင့် ဆက်သွယ်နိုင်ပြီး အနာဂတ်တွင်လည်း အလားအလာကောင်းများစွာကိုလည်း ပေးနေပါတယ်။ အသစ်သော ပိုးလမ်းဟာ ပြန်လည်စတင်ဖို့ မကြာတော့ပါဘူး။

Naing

Ref: CMG | A new record set in rail transportation on the China-Europe route