【 ဆောင်းပါး 】 အခက်အခဲများကြားထဲက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

【 ဆောင်းပါး 】 အခက်အခဲများကြားထဲက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံတွင် ပြည်ပတင်ပို့သော ပို့ကုန်ကဏ္ဍထဲ၌ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့သော နယ်စပ်ကုန်သွယ်ရေးက အများဆုံးဖြစ်သည်။ထိုအထဲတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးများက ခေတ်အဆက်ဆက် အများဆုံးဖြစ်သည်။

မြန်မာ-တရုတ် ကုန်သွယ်ရေးကဏ္ဍတွင် ပင်လယ်ရေကြောင်းထက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက အများဆုံးဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေး၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးတို့ဖြင့် ကုန်သွယ်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှစ၍ တိုက်ပွဲများကြောင့် ကုန်သွယ်ရေးစခန်းအချို့ ရပ်နားခဲ့သည်။

အဆိုပါကုန်သွယ်ရေးစခန်းများတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုအများဆုံးစခန်းဖြစ်သည်။လက်ရှိတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်က ပြန်စနိုင်ခြင်းမရှိသေးဘဲ မိုင်းလားကုန်သွယ်ရေးလမ်းကြောင်း၊ လွယ်ဂျယ်၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

မြန်မာ-တရုတ် ကုန်သွယ်ရေး အဓိကဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖရဲ၊ သခွား၊ ပြောင်း အစရှိသည့် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို မိုင်းလားကုန်သွယ်ရေးလမ်းကြောင်းမှ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ စားသောက်ကုန်၊ လူသုံးကုန်၊ မြေသြဇာနှင့် စက်ပစ္စည်းများကို တင်သွင်းကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနယ်စပ်ဂိတ်များ ရပ်ဆိုင်းသွားချိန်တွင် ကျိုင်းတုံ-မိုင်းလားလမ်းက အဓိကကျသော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာသည်။သို့သော် ကုန်ကျစရိတ်အလွန်များသည့်အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် များစွာအခက်အခဲရှိသည်။

မတ်လ ၁၁ ရက်က MNDAA တပ်ဖွဲ့က မူဆယ်မြို့မှ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ကုန်သွယ်မှု မရှိကြောင်း သိရသည်။ပုံမှန်အားဖြင့် ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့ ဆန်၊ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ ရာဘာနှင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များကို တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်၊ အထည်အလိပ်များကို တင်သွင်းခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်း၊ ရော်ဘာ၊ ပဲအမျိုးမျိုး အစရှိသည့် လယ်ယာထွက်ကုန်များ တင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေသြဇာ၊ ဆေးဝါးနှင့် စက်ပစ္စည်းများ၊ ပလက်စတစ်ကုန်ကြမ်းများ အဓိကတင်သွင်းကြခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ် ၁၂ ရက်မှ မတ် ၁၆ ရက်နေ့အထိ ဆန်၊ ပဲ၊ ကြက်သွန်၊ အစရှိသည့် လယ်ယာထွက်ကုန်များ တင်ပို့ခဲ့ရာတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၀ သန်းကျော် တင်ပို့ခဲ့ပြီး သံထည်ပစ္စည်းများ၊ လူသုံးကုန်၊ စက်မှုကုန်ကြမ်းများ တင်သွင်းခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး၊ လက်ပံလှ-ဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းဖြင့်လည်းကောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်များအား ဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိကြောင်း သိရသည်။

သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော် လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော၊ ပဲယင်း၊ မြေထောက်ပဲအပါအဝင် အသီးအနှံများ တင်ပို့ခဲ့ပြီး သွင်းကုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် သွင်းကုန်အားဖြင့် ၂ ဒသမ ၅ သန်းကျော်ဖြစ်ပြီး မတ်လ ၁၆ ရက်နေ့အထိ ကုန်သွယ်မှုလျာထားချက် ၉၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် အတက်၊ အဆင်း ကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့၊ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ပို့ကုန်၊ သွင်းကုန် လိုင်စင်ခွင့်ပြုချက် ရရှိထားသည့် ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို ကြည့်လျှင်  မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁၅၆၇ ဒသမ ၆၈၉ သန်း၊ သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၄၂၀ ဒသမ ၆၆၉ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၃၅၇ သန်း၊ သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၄၇ ဒသမ ၀၆၇ သန်း ကုန်သွယ်မှုရှိကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၅၅၇ သန်း၊ သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၅၂၈ ဒသမ ၅၀၈ သန်း ကုန်သွယ်မှုရှိကြောင်း သိရသည်။

ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၀၀၄ သန်း၊ သွင်းကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇၁ သန်း ကုန်သွယ်မှုရှိကြောင်း သိရသည်။

ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ပို့ကုန်အားဖြင့် အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၇၅၄ သန်း၊ သွင်းကုန်အားဖြင့် ၆၁ ဒသမ ၁၉၈ သန်း ကုန်သွယ်မှုရှိကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန် ကန်ဒေါ်လာ ၇၁၈၇ ဒသမ ၉၃၉ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၃၄၄၇ ဒသမ ၄၉၆ သန်း တင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၆၉၀၈ ဒသမ ၈၈၄ သန်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၃၂၅၈ ဒသမ ၈၀၉ သန်း တင်သွင်းခဲ့သည်။ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တွင် ပို့ကုန်မှာ ကန်ဒေါ်လာ ၂၆၈၇ ဒသမ ၇၈၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၉၂၇ ဒသမ ၂၆၀ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပိုကုန်တင်ပို့မှု ကန်ဒေါ်လာ ၆၁၁၂ ဒသမ ၀၈၃ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အခြေအနေမှာ ကန်ဒေါ်လာ ၂၄၈၄ ဒသမ ၄၂၄ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေသည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးကဏ္ဍသည် မြန်မာ့စီးပွားရေးတွင် များစွာအရေးပါပြီး လယ်ယာနှင့် ရေထွက်ကုန်များ အဓိကတင်ပို့သလို လူသုံးကုန်နှင့် စားသောက်ကုန်များ အဓိကတင်သွင်းသော ကုန်သွယ်ရေးဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ယခင်လို ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ဖို့ကို ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိသည်။

အမွန်