【 ဆောင်းပါး 】 သင်္ကြန်ကာလ ပင်လယ်ကမ်းခြေ ခရီးသွားခြင်း

【 ဆောင်းပါး 】 သင်္ကြန်ကာလ ပင်လယ်ကမ်းခြေ ခရီးသွားခြင်း

ရက်ရှည် နားရက်များရသော သင်္ကြန်ကာလတွင် အပန်းဖြေရန် ခရီးများ ရွေးချယ်စရာအများဆုံးကာလဟူ၍ပင် ဆိုနိုင်သည်။

သင်္ကြန်ကာလတွင် ဥပုသ်သီတင်းတည်ဆောက်သူများ၊ ရပ်ရွာထဲမှာပင် အလှူအတန်းပေးသူများ၊ ရေကစားသူများ၊ ဘုရားဖူးခရီး၊ ပင်လယ်ကမ်းခြေ ခရီးထွက်သူများနှင့် ပျော်စရာကောင်းသော နှစ်သစ်ကူးကာလဖြစ်သည်။

ပူအိုက်သော နွေရာသီကာလတွင် ပင်လယ်ကမ်းခြေ ခရီးသွားလာရေးလုပ်ငန်းများသည် အလွန်ပဲတွင်ကျယ်သည်။ပင်လယ်လေ၏ အေးမြခြင်းနှင့် နေဝင်ချိန် သဘာဝအလှတရားများကို ရှုမျှော်ရင်း ရေကူးကြသူ၊ အပန်းဖြေကြသူများနှင့် စည်ကားသည်။ ၂၀၂၄ ခုနှစ် သင်္ကြန်တွင် ယခင်နှစ်များထက် ချောင်းသာ၊ ငွေဆောင်ကမ်းခြေသို့ သွားရောက်သည့်သူများ ပိုများသည်။

သင်္ကြန်မတိုင်မီကတည်းပင် ကြိုတင်ဘိုကင်ယူထားကြသူများနှင့် ဟိုတယ်အခန်းအားလုံးနီးပါး ပြည့်နေသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။မြန်မာနိုင်ငံမှ ကမ်းခြေများထဲတွင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေသည် လာရောက်လည်ပတ်သူအများဆုံး ကမ်းခြေများဖြစ်သည်။ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများသည် ကမ်းခြေဒေသ ခရီးသွားဧည့်သည်များကို မှီခိုသော လုပ်ငန်းများဖြစ်သည်။

ပင်လယ်ကမ်းခြေတွင် ရေကူးအပန်းဖြေရုံသာမက မြင်းစီးအပန်းဖြေခြင်း၊ မော်တော်ဘုတ်စီးခြင်း၊ ဘောကွင်းစီးခြင်း၊ Speed Boat များဖြင့် အခြားလည်ပတ်စရာနေရာများဖြစ်သည့် နီးစပ်ရာ ကျွန်းများသို့ သွားရောက်လေ့လာခြင်း၊ အနီးဝန်းကျင် ဆင်စခန်းများကို လည်ပတ်ခြင်း အစီအစဉ်များလည်း ပါဝင်သဖြင့် မပျင်းရသော ခရီးစဉ်များဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သင်္ကြန်ကာလအတွင်းက ချောင်းသာ၊ ငွေဆောင်၊ ငပလီကမ်းခြေတို့၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် တစ်သိန်းနီးပါး လည်ပတ်ခဲ့ကြောင်း သိရသည်။ချောင်းသာကမ်းခြေတွင် ပြည်တွင်းခရီး သွား ၄၀,၂၄၃ ဦးနှင့် နိုင်ငံခြားသားခရီးသွား ၁၅၁ ဦး လည်ပတ်ခဲ့ပြီး ငွေဆောင်ကမ်းခြေတွင် ပြည်တွင်းခရီးသွား ၃၃,၃၂၄ ဦးနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၉၄၅ ဦး လည်ပတ်ကြောင်း သိရသည်။ငပလီကမ်းခြေတွင် ပြည်တွင်းခရီးသွားဧည့်သည် ၂၈,၀၀၂ ဦးနှင့် နိုင်ငံခြားသားခရီးသွား ၈၀၃ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ ပေါများသော မြန်မာနိုင်ငံတွင် ထင်ရှားသော ပင်လယ်ကမ်းခြေများစွာရှိသည်။မြိတ်ကျွန်းစု၊ ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ စက်စဲကမ်းခြေနှင့် မောင်းမကန်ကမ်းခြေတို့အပြင် ဂေါ်ရင်ဂျီကျွန်း အစရှိသည့် ပင်လယ်ကမ်းခြေများစွာရှိပါသည်။

          မြိတ်ကျွန်းစု

တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသော မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပါသည်။ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး မလေးကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင် တည်ရှိသည်။အရိုင်းဆန်သော သဘာဝအလှအပများနှင့် ပြည့်စုံနေသေးသည့် မြိတ်ကျွန်းစုဒေသရှိ ကမ်းခြေများကို အနီးစပ်ဆုံး ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်ကြသည်။ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား သွားရောက်လည်ပတ်သော ပင်လယ်ကမ်းခြေခရီးစဉ် ဒေသတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ထင်ရှားလာပါသည်။

မြိတ်ကျွန်းစုဒေသတွင် လာရောက်လည်ပတ်သူများသည် ကယပ်လှေလှော်ခြင်း၊ ရေငုပ်၍ ရေအောက်အလှအပများအား ရှာဖွေလေ့လာ၍ စူးစမ်းလေ့လာကြသည်။ဆလုံလူမျိုးများ၏ ဓလေ့ရိုးရာများနှင့် တောတွင်းသဘာဝ အလှအပများကို လေ့လာနိုင်သော ကျွန်းများစွာရှိသည်။

          ငပလီကမ်းခြေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တည်ရှိသော ငပလီကမ်းခြေသည် အလွန်ကျယ်ပြောပြီး လှပသော ကမ်းခြေတစ်ခုဖြစ်သည်။ငပလီကမ်းခြေကို နိုင်ငံခြားသားခရီးသွားဧည့်သည်များက အလွန်နှစ်သက်ပြီး တကူးတက လာရောက်လည်ပတ်ခဲ့ကြသော ကမ်းခြေဖြစ်သည်။ငပလီကမ်းခြေသည် ၂၀၁၇ ခုနှစ်မတိုင်ခင် ကာလများက ကမ္ဘာထိပ်တန်းကမ်းခြေ ၁၀ ခုတွင် တစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရသော ကမ်းခြေတစ်ခုဖြစ်ခဲ့သည်။

          ချောင်းသာကမ်းခြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နယ်တွင် တည်ရှိသော ချောင်းသာကမ်းခြေသည် ပြည်တွင်းခရီးသွားဧည့်သည် အများဆုံးသွားရောက်လည်ပတ်သော ကမ်းခြေဖြစ်သည်။ရန်ကုန်မြို့နှင့် နီးသော ကမ်းခြေဖြစ်၍ ရန်ကုန်မြို့ အပန်းဖြေလည်ပတ်သူ တော်တော်များများသည် ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ချောင်းသာကမ်းခြေသို့ သွားရောက်အပန်းဖြေကြသူများသည်။ရပ်ကွက်၊ ကျေးရွာများနှင့်နီး၍  အရိုင်းဆန်သော သဘာဝအလှအပများ လျော့နည်းလာသော်လည်း အပန်းဖြေလည်ပတ်စရာများရှိသော ကျွန်းများရှိသည်။

သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း၊ ‌ကျောက်မောင်နှမ၊ ငှက်တောင်၊ ဥတိုချောင်း စသဖြင့် သွားလာလည်ပတ်စရာနေရာများ၌ သင်္ကြန်အတွင်း အေးအေးဆေး‌ဆေး‌‌ အနားယူ အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားသည်။

          ငွေဆောင်ကမ်းခြေ

ဧရာဝတီတိုင်းဒေသကြီးထဲမှာပင်ရှိသည့် ငွေဆောင်ကမ်းခြေကလည်း သဘာဝအလှတရားများနှင့် ပြည့်စုံနေသည့် ကမ်းခြေဖြစ်သည်။စိတ်ငြိမ်အေးချမ်းစွာ အပန်းဖြေနိုင်သည့် ကမ်းခြေတစ်ခုဖြစ်ပြီး သဘာဝကျွန်းများကိုလည်း သွားရောက်လည်ပတ်နိုင်သလို ရေငုပ်လေ့လာရေးဝန်ဆောင်မှုများလည်းရှိသည်။

          ဂေါ်ရင်ဂျီကျွန်း

ဧရာဝတီတိုင်းဒေသကြီးထဲတွင်ရှိသည့် ဂေါ်ရင်ဂျီကျွန်းသည် ပြည်တွင်းခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်သူများသော ဒေသအဖြစ် ထင်ရှားလာသည်။ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံ့သာပုကျေးရွာအနီးတွင် တည်ရှိပြီး သဘာဝကျောက်စိုင်ကျောက်သားများဖြင့် သာယာလှပသော ကျွန်းဖြစ်သည်။သဘာဝအရိုင်းဆန်သော အလှအပများအတိုင်း တည်ရှိနေသော ကျွန်းဖြစ်သည်။ကျောက်စိုင်၊ ကျောက်ခဲများ၏ အလွန်လှပသော ရှုခင်းအလှအပများနှင့် ပင်လယ်ပြင်၏ သဘာဝအလှတရားများကို မြင်တွေ့ရ၍ သွားရောက်လည်ပတ်သူများလာသည်။

အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က စက်စဲကမ်းခြေနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက မောင်းမကန်ကမ်းခြေတို့သည် ဒေသတွင်း အပန်းဖြေလိုသူ ခရီးသွားဧည့်သည်များနှင့် သာယာလှပသော ကမ်းခြေတစ်ခုဖြစ်ပါသည်။

နိုင်ငံတော်တော်များများက ခရီးသွားဧည့်သည်များသည် ပင်လယ်ကမ်းခြေများသို့ ခရီးထွက်ခြင်းကို ပိုမိုနှစ်သက်သူများလာကြသည်။ထိုအထဲတွင် တရုတ်ခရီးသွားဧည့်သည်များလည်း ပါဝင်သည်။အင်ဒိုနီးရှားနိုင်ငံမှ ဘာလီကျွန်းနှင့် ထိုင်းနိုင်ငံမှ ဖူးခက်ကမ်းခြေတို့သည် အရှေ့တောင်အာရှတွင် တရုတ်ခရီးသွားဧည့်သည်များ အနှစ်သက်ဆုံး ကမ်းခြေများအဖြစ် ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည်။အဆိုပါကမ်းခြေများသို့ တရုတ်ခရီးသွားဧည့်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုသွားရောက်လည်ပတ်ကြသည်။

မြန်မာနိုင်ငံ၏ ကမ်းခြေများသို့လည်း တရုတ်ခရီးသွားများ လာရောက်လည်ပတ်သူများရှိသည်။တရုတ်နိုင်ငံတွင်လည်း Hainan ကျွန်းနှင့် Gulangyu ကမ်းခြေ အစရှိသည့် ထင်ရှားသော ပင်လယ်ကမ်းခြေများစွာရှိသည်။

တရုတ်နိုင်ငံမှ နှစ်သစ်ကူး အားလပ်ရပ်များတွင်လည်း မြန်မာနိုင်ငံကကဲ့သို့ပင် ကမ်းခြေခရီးသွားလုပ်ငန်းများလည်း ထွန်းကားသည်။ထို့ကြောင့်ပင် မြန်မာတို့၏ နှစ်သစ်ကူးလည်းဖြစ် အစည်ကားဆုံးနှင့် အထင်ရှားဆုံးဖြစ်သည့် အတာသင်္ကြန်ပွဲတော်နှင့်အတူ ကမ်းခြေခရီးသွားလုပ်ငန်းများကလည်း အောင်မြင်လျက်ရှိပါသည်။

အမွန်