【 ဆောင်းပါး 】 ဝဥ၏ တန်ဖိုးမြှင့် ထုတ်ကုန်မျိုးစုံနှင့် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 ဝဥ၏ တန်ဖိုးမြှင့် ထုတ်ကုန်မျိုးစုံနှင့် ပြည်ပဈေးကွက်

ဝဥတုံးလေးများကို ပါးပါးလှီးကာ ကြက်သွန်စိမ်း၊ မြေပဲလှော်၊ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်းတို့နှင့် ရောနှောသုတ်ထားသည့် အသုတ်သည် စားချင်စဖွယ် အစားအစာတစ်မျိုးဖြစ်လာသည်။

ယနေ့ခေတ်တွင် သစ်သီးသစ်ဥများကို နည်းလမ်းအမျိုးမျိုးပြုလုပ်၍ စားသုံးလာကြသည်။ထိုအထဲတွင် လူကြိုက်များလာသော ပင်ဖိန်းဂျယ်လီတစ်မျိုးလည်း ပါဝင်သည်။ပင်ဖိန်းဂျယ်လီသည် ယနေ့ခေတ်တွင် ခေတ်စားလာသော အစားအစာတစ်မျိုးဖြစ်သည်။

ပင်ဖိန်းသည် နွေရာသီတွင် လူကြိုက်များသော အစားတစ်မျိုးဖြစ်လာပြီး ပင်ဖိန်းသင်တန်းများစွာလည်း ပေါ်ပေါက်လာသည်။ပင်ဖိန်းသည် ဝဥမှ ထုတ်လုပ်ထားသည့် ဂျယ်လီတစ်မျိုးဖြစ်သည်။ဝဥသည် ခန္ဓာကိုယ်အလေးချိန် လျော့နည်းချင်သော အမျိုးသား၊ အမျိုးသမီးတို့အတွက် စားသောက်ကုန်တစ်မျိုးလည်းဖြစ်သည်။ထို့ကြောင့် ဝဥဖြင့်ပြုလုပ်သော ပင်ဖိန်းကို ဝမ်းအေးပြီး အပူအပုတ်ကင်းသည်ဟူ၍ စားသုံးကြသည်။ထို့ပြင် ဂျုံဖြင့်ပြုလုပ်သော အစားအစာများနေရာတွင် ဝဥတန်ဖိုးမြှင့်ထုတ်ကုန်များကလည်း နေရာယူလာသည်။

ဝဥခေါက်ဆွဲ၊ ဝဥကြာဇံ စသဖြင့် အသင့်စား အစားအစာမျိုးစုံအပြင် ဝဥဆန်၊ ဝတုန်ခြောက်၊ ဝဥမာလာမြေအိုး စသဖြင့်လည်း စွယ်စုံအစားအစာမျိုးစုံရှိသည်။ထိုကဲ့သို့ အစားအစာမျိုးစုံရသော ဝဥသည် ပိန်းဥအနွယ်ဝင်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ဝဥသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်လေ့ရှိကြောင်း သိရသည်။

စားသုံးသူဈေးကွက် တွင်ကျယ်လာသော ဝဥကို စီးပွားဖြစ်စိုက်ပျိုးမှု တိုးလာသည်။ဝဥကို ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ဝဥသည် အပူပိုင်းမိုးများသည့်ဒေသ၊ မြေနိမ့်လွင်ပြင်သစ်တောဒေသများနှင့် ပေ ၅၀၀၀ ခန့် မြင့်မားသော မိုးများသည့် ကုန်းမြင့်ဒေသများတွင် ဖြစ်ထွန်းသည်ဟု သိရသည်။ဈေးကွက်ထဲတွင် ဝဥကို အနီ၊ အဝါ နှင့် အဖြူရောင်ဟူ၍ သုံးမျိုးမြင်တွေ့နိုင်ပြီး အနီရောင်က ဈေးကွက်အရောင်းအဝယ် ပိုတွင်ကျယ်သည်။

ကမ္ဘာပေါ်မှာတော့ ဝဥမျိုးစေ့ပေါင်း ၁၃၀ ခန့်ရှိပြီး ၁၂ မျိုးခန့်ကို လူအများက  ဖော်ထုတ်စားသုံးခြင်း၊ အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သည်။မြန်မာနိုင်ငံတွင် ဝဥကို နွေရာသီကုန်လွန်ပြီး မိုးဦးကျတွင် စိုက်ပျိုး၍ မိုးအကုန် ဆောင်းရာသီကာလများတွင် တူးဖော်ရိတ်သိမ်းကြသည်။

ဝဥစားသုံးသူများလာခြင်းမှာ ဝဥသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများခြင်းကြောင့်ဖြစ်သည်။ဝဥတွင် ကစီဓာတ်၊ ရေဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်ဓာတ်နှင့် သံဓာတ် အစရှိသည့် ခန္ဓာကိုယ်အား အကျိုးပြုဓာတ်များစွာ ပါဝင်သည်။ထို့ကြောင့် ဝဥအစားအစာများကို စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာချေစနစ်ကို အထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားနိုင်ခြင်းနှင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ပေးစွမ်းသည်ဟု ဆေးပညာရှင်များက ဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ဝဥများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲပြီးနောက် စားသုံးသူဈေးကွက်လည်း တွင်ကျယ်လာသည်။

ပြည်ပဈေးကွက်တွင် ဝဥကို တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နယ်စပ်၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံတွင် စီးပွားဖြစ် ဝဥစိုက်ဧကပေါင်း ၁၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသော ဝဥ၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ဝဥများ ပြည်ပတင်ပို့ရာတွင် မျိုးစေ့၊ ဝဥအစို၊ အခြောက်၊ အမှုန့် စသည်ဖြင့် ထုတ်ကုန်များပြုလုပ်၍ တင်ပို့ခြင်းဖြစ်သည်။ဝဥအခြောက်တင်ပို့မှုကို တရုတ်နိုင်ငံတွင် GACC လျှောက်ထားရကြောင်း သိရသည်။ဝဥအခြောက်များကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချပြီး ဝဥအမှုန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချသည်။

ယခင်က တရုတ်နိုင်ငံသို့ ဝဥတင်ပို့ရာတွင် မန္တလေးမြို့၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း ယခုအခါတွင် ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်း ဆိပ်ကမ်းသို့ တင်ပို့ကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ဝဥသည် ယခုလို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် မတွင်ကျယ်ခင်က မြေကြီးမှတူး၍ မူလအတိုင်း ရောင်းကြခြင်းဖြစ်သည်။ပြည်ပနိုင်ငံများတွင် ဝဥကုန်ကြမ်းသီးနှံများကို ခေတ်မှီနည်းစနစ်ဖြင့်ပြုလုပ်၍ အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်းရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများတွင် အသုံးပြုခြင်းဖြစ်သည်။

ဝဥကို စက်မှုကုန်ကြမ်းအဖြစ်အသုံးပြုရာတွင် ဆေးဆိုးပန်းရိုက်လုပ်ငန်များတွင်လည်းကောင်း၊ စာရေးကိရိယာလုပ်ငန်းများတွင် အသုံးပြုသည့် ကော်အဖြစ်လည်းကောင်း အသုံးပြုကြသည်။ဂျပန်နိုင်ငံတွင် ဝဥကို အမှု့န်ပြုလုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲအဖြစ် စားသုံးပြီး ဖိလစ်ပိုင်နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင်ချက် လုပ်ရာတွင် အသုံးပြုကြသည်။

တရုတ်နိုင်ငံတွင် ဝဥကို အစားအစာ၊ ခေါက်ဆွဲ၊ အသားတုနှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းစားသုံးကြပြီး ဆေးဝါးအဖြစ် အဆီကျဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြသည်။မြန်မာနိုင်ငံတွင် ဝဥကို စားသုံးသူများလာသည်ဆိုသော်လည်း ဂျုံဖြင့်ပြုလုပ်သော အစားအစာများကဲ့သို့ လူအများစု စားသုံးသည့် အစားအစာမျိုးတော့ မဟုတ်သေးပေ။

ပြည်တွင်းဈေးကွက်တွင် ဝဥအခြောက် တစ်ပိဿာ ငွေကျပ် ၁၀,၀၀၀ ကျပ်ဈေးရှိပြီး ဝဥအမှုန့် တစ်ပိဿာ ငွေကျပ် ၁၃,၀၀၀ ဝန်းကျင် ဈေးရှိသည်။ချင်းပြည်နယ်၊ မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥများသည် အခြားဒေသများက ထွက်ရှိသော ဝဥများထက် အရည်အသွေးအရသာ ပိုမိုကောင်းမွန်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ဝဥအခြောက်ထုတ်လုပ်မှုနှင့် အမှုန့်ကြိတ်လုပ်ငန်းထုတ်လုပ်သည့် စက်ရုံများစွာရှိသည်။မြန်မာနိုင်ငံတွင် ဝဥများကို ပြည်ပတင်ပို့နိုင်ရန် စက်ကိရိယာများအသုံးပြု၍ ဝဥ ရေဆေးခြင်း၊ အခွံခွာခြင်း၊ အခြောက်ခံခြင်း စသဖြင့် ဆောင်ရွက်နိုင်သော်လည်း တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် အဆင့်များတွင် လိုအပ်ချက်ရှိနေသေးကြောင်း သိရသည်။

ဝဥသည် ဆန်၊ ပဲ၊ ဂျုံတို့ကဲ့သို့ပင် လူတို့၏ အစာအဟာရအတွက် အရေးပါသော စားသောက်ကုန်တစ်မျိုးအဖြစ်  ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ဆက်လက်တွင်ကျယ်နေမည်ဖြစ်သည်။

အမွန်