【 ဆောင်းပါး 】 တရုတ်-မြန်မာကြားက အကျိုးပြုနေသည့် မဒဲကျွန်းဆိပ်ကမ်း

【 ဆောင်းပါး 】 တရုတ်-မြန်မာကြားက အကျိုးပြုနေသည့် မဒဲကျွန်းဆိပ်ကမ်း

ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စီမံကိန်းများတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား၌ ကျောက်ဖြူမြို့နယ်ရှိ မဒဲကျွန်းဆိပ်ကမ်းမှာ အသုံးဝင်ကာ အကျိုးပြုနေလျက်ရှိသည်။

အဆိုပါဆိပ်ကမ်းတွင် တန်ချိန်သုံးသိန်း ဆံ့သည့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်ပြီး ရေနံအတင်အချပြုလုပ်နိုင်မည့် ဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနက ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ပေးခဲ့သည်။

လက်ရှိတွင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းမှုကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ (SEAOP) က လုပ်ဆောင်သွားရန် စီစဉ်ထားပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ မီတာ ၅၀၀ ပတ်လည်အတွင်းနှင့် ရာသီဥတုဘေးအန္တရာယ် ခိုလှုံမည့် နေရာဧရိယာမှ မီတာ ၂၅၀ ပတ်လည်အတွင်းကို ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း၊ ယင်းဧရိယာအတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းတို့ မပြုလုပ်ကြရန် ရေကြောင်းသတိပေးချက်ကို ထုတ်ပြန်ထားလျက်ရှိသည်။

ယခင် စွမ်းအင်ဝန်ကြီးဌာန (MOE) နှင့် China National Petroleum Corporation (CNPC) တို့က ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းကို MOU လက်မှတ် ရေးထိုးခဲ့ပြီး ကျောက်ဖြူခရိုင်၊ မဒဲကျွန်းတွင် Workboat Wharf တည်ဆောက်သည့် လုပ်ငန်းကို အဆိုပါနှစ် အောက်တိုဘာ ၃၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ် ၃၀ရက်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး DWT ၃၀၀,၀၀၀၊ LOA ၃၀၀ မီတာ၊ အကျယ် ၆၀ မီတာ၊ ရေစူး ၂၃ မီတာရှိသည့် ရေနံတင်သင်္ဘော ဆိုက်ကပ်နိုင်သည့် Crude Oil Terminal တည်ဆောက်သည့် လုပ်ငန်းကိုလည်း ၂၀၁၁ ခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ နှစ်နှစ်ကျော်အကြာဖြစ်သော ၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မှတ်တမ်းများ၌ ဖော်ပြထားလျက်ရှိသည်။

မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းနှင့် South-East Asia Crude Oil Pipeline Co, Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် တန်ချိန် ၃၀၀,၀၀၀ ဆံ့ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ရေနံတင်ဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူနှင့် တရုတ်နိုင်ငံ၊ ရွှေလီအထိကို ဆက်သွယ်ထားလျက်ရှိသည်။

ကီလိုမီတာ ၈၀၀ ခန့် ရှည်လျားကာ Belt and Road တည်ဆောက်ရေးလုပ်ငန်း၏ ရှေ့ပြေး စံပြလုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပြီး ယင်းပိုက်လိုင်း တည်ဆောက်ပြီးစီးခဲ့သည့် ကာလအတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် တည်ငြိမ်လုံခြုံသည့် စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သလို ပိုက်လိုင်းတစ်လျှောက်ရှိ နှစ်နိုင်ငံ ပြည်သူပြည်သားများအတွက်လည်း အကျိုးဆောင်စေခဲ့သည်။

ယခင်ကာလက ၁၂ စတုရန်းကီလိုမီတာသာ ကျယ်ဝန်းသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒဲကျွန်းမှာ ဒေသခံများအနေဖြင့် ရေအခက်အခဲဖြစ်ကြပြီး ရေလှောင်ကန်တွင်းတူး၍ မိုးရေကို ကျွန်းနေဒေသခံများမှ သောက်သုံးခဲ့ကြရသည်။တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၃ နာရီကြာခန့်သာ သုံးစွဲ၍ရခဲ့ပြီး မိုဘိုင်းလ်ဖုန်းလည်း သုံး၍ မရခဲ့သော အခြေအနေမှ ယခုအခါ များစွာပြောင်းလဲလာခဲ့ပြီဖြစ်သည်။

ထိုမဒဲကျွန်းဒေသတွင် ကျေးရွာငါးရွာရှိကာ ကျွန်းနေသူ ၃၀၀၀ ဝန်းကျင်၊ အိမ်ထောင်စု ၆၀၀ ကျော် ရှိပြီး သောက်သုံးရေအတွက် ရေပို့ပိုက်လိုင်းဖြင့် ဘုံပိုင်ရေ ရရှိရန် စီစဉ်ပေးခဲ့ရာ ဒေသခံများအဖို့ ဝမ်းမြောက်စရာဖြစ်ခဲ့ကြရသည်။

ယနေ့ခေတ်အခါတွင် မဒဲကျွန်းသည် ကုဗမီတာ ၁၂ သန်းရှိသည့် ရေနံဆီတိုင်ကီများနှင့် ရေနံစိမ်း တန် ၃ သိန်းရှိသည့် ခေတ်မီဆိပ်ကမ်းကြီးဖြစ်လာပြီး လစဉ် လတိုင်း အကြီးစားရေနံတင်သင်္ဘောကြီး သုံး၊ လေးစင်းလောက် အနည်းဆုံး ဆိုက်ကပ်လာနိုင်ကာ ရေနံစိမ်း တင်ချမှုများကို လုပ်ဆောင်လာခဲ့ကြသည်။

ထိုရေနံစိမ်းကို သိုလှောင်ခြင်း၊ တိုင်းတာစစ်ဆေးကာ ဖိအားသွင်းလုပ်ဆောင်ပြီးနောက် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ်ရှိ နမ်းခမ်းတိုင်းတာရေးဂိတ်မှ ပို့လွှတ် လုပ်ဆောင်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စာရင်းများအရ မဒဲကျွန်းဆိပ်ကမ်းတွင် အကြီးစား ရေနံတင်သင်္ဘောကြီး ၇၄ စင်း ဆိုက်ကပ်ပြီးဖြစ်သလို ရေနံစိမ်း တန်ချိန် ၁၈၂ သိန်းခွဲကို တင်ချမှုများ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကျောက်ဖြူနှင့် တရုတ်နိုင်ငံ၊ ရွှေလီအထိ ဆက်သွယ်ထားသည့် အဆိုပါပိုက်လိုင်းမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းထားပြီး ပိုက်လိုင်း လုံခြုံစွာလည်ပတ်မှုမှာ တရုတ်၏ လုပ်ငန်းစဉ် အရည်အသွေးနှင့် စံချိန်စံနှုန်း မြင့်မားမှုကို ပြသနေလျက်ရှိသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တာဝေးပို့လွှတ်မှု လုပ်ငန်းစဉ်တွင် ၅ ကီလိုမီတာလျှင် စောင့်ကြပ်သူတစ်ဦး သတ်မှတ်ထားရှိပြီး တစ်နှစ် (၃၆၅ ရက်)အတွင်း နေ့စဉ်မပြတ် ခြေလျင်လျှောက်၍ ကင်းလှည့် ကြပ်မတ်မှုများကို လုပ်ဆောင်ကာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံဝန်ထမ်းများက ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြိုးပမ်းနေလျက်ရှိကြသည်။

ပိုက်လိုင်းတစ်လျှောက်တွင် အရေးပေါ်ပြင်ဆင်ရေးကိစ္စများ ကြုံလာပါက ပြင်ဆင်ရေးအဖွဲ့လေးဖွဲ့နှင့် ပြင်ဆင်ရေးစင်တာ တစ်ခုရှိပြီး ယင်းအဖွဲ့မှာ ၂၄ နာရီအတွင်း ပိုက်လိုင်း၏ မည်သည့်နေရာကိုမဆို ရောက်နိုင်သလို ယင်းနယ်ပယ်၌ အင်အားပြည့်အသုံးပြု လုပ်ဆောင်နေလျက်ရှိသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာအစိုးရက Belt and Road လမ်းညွှန်ကော်မတီ  တည်ထောင်ကြောင်း ကြေညာခဲ့ပြီး Belt and Road တည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်အကောင်အထည်ဖော်ခဲ့သည်။ထို့ကြောင့်ပင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော ရှေ့ပြေး စံပြလုပ်ငန်းစဉ်များမှာ မြန်မာအစိုးရနှင့် ပြည်သူများကြားတွင် အပြန်အလှန် အကျိုးရှိစေသည့် အလားအလာမျိုး ဖြစ်လာစေခဲ့သည်။

ယခုအခါတွင် Belt and Road အဆိုပြုချက်ကို မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တစ်ကမ္ဘာလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုများရှိလာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အခြေအနေကောင်းများ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် Belt and Road တည်ဆောက်ရေးလုပ်ငန်း၏ ရှေ့ပြေး စံပြလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မဒဲကျွန်းဆိပ်ကမ်းကို ရေနံတင်သင်္ဘောကြီးများ အန္တရာယ်ကင်းစွာ ဝင်ရောက်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီးများကို စေလွှတ်၍ ဆောင်ရွက်နေပေးနေသလို ဆက်လက်၍လည်း သင်္ဘောကြီးများ ပိုမိုဝင်ထွက်သွားလာနိုင်စေရန်အတွက် Hopper Dredger, XIN HAIFENG ရေယာဉ်များဖြင့် အသုံးပြုပြီး ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းမှုများကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ (SEAOP) က မကြာခင် လုပ်ဆောင်ရန် စီစဉ်နေလျက်ရှိသည်။

ထိုမဒဲကျွန်းရှိ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ (SEAOP) ၏ ရေနံတင်ဆိပ်ကမ်း(Crude Oil Terminal) တွင် အလျား ၃၃၀ မီတာ၊ ရေစူး ၂၃ မီတာ၊ သင်္ဘောတန်ချိန် ၃၀၀,၀၀၀ ရှိသည့် သင်္ဘောကြီးများ ၁၇၀ ကျော် ဆိုက်ကပ်ခဲ့ပြီးဖြစ်သလို ရေနံစိမ်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၃ ဒသမ ၇၄ သန်းခန့် တင်ချမှုများ လုပ်ဆောင်နိုင်ခဲ့ရာ ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပြီးပါက ယခုထက် ပိုမို၍ အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်