【 ဆောင်းပါး 】 တရုတ်စျေးကွက်အကြိုက် ဖြစ်လာသည့် မြန်မာ့ကွမ်းသီးများ

【 ဆောင်းပါး 】 တရုတ်စျေးကွက်အကြိုက် ဖြစ်လာသည့် မြန်မာ့ကွမ်းသီးများ

ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိလာသည့် ကွမ်းသီးများကို တရုတ်နိုင်ငံက စျေးကောင်းပေးကာ ဝယ်ယူလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကွမ်းသီးကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသမျိုးဖြစ်သည့် ကွမ်းသီးအချွန်နှင့် ထိုင်းမျိုးဖြစ်သည့် ကွမ်းသီးအဝိုင်းတို့ကို အများဆုံးစိုက်ပျိုးကြခြင်းဖြစ်သည်။

လယ်ယာထွက်ကုန် အုပ်စုဝင် သီးနှံတစ်ခုဖြစ်သည့် ကွမ်းသီးကို အာရှတိုက်ရှိ နိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အရှနိုင်ငံများတွင် ရိုးရာအစဉ်အလာတစ်ခုအနေဖြင့် ရိုးရာပွဲတော်များတွင် စားသုံးသည့် သီးနှံတစ်ခုအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ယဉ်ကျေးမှုနှင့် ဘာသာရေးအလိုက် အသုံးပြုကြပြီး အသုံးပြုသည့်ပုံစံများ အနည်းငယ်စီကွဲပြားသော်လည်း ကွမ်းသီးကို တွင်ကျယ်စွာ အသုံးပြုနေလျက်ရှိသည်။

ယခုနောက်ပိုင်းတွင် ခေတ်မီဖွံ့ဖြိုးသော နည်းပညာများ တိုးတက်လာကာ ကွမ်းသီးမှာ ပိုမိုအသုံးဝင်လာပြီး ကမ္ဘာ့ကုန်သွယ်မှုတွင် အရေးပါသည့် သီးနှံတစ်ခုအဖြစ်အထိပင် ရောက်လာခဲ့သည်။

စိုက်ပျိုးသူများမှာ ကွမ်းသီးများကိုခူး၍ အခြောက်လှန်းပြီး သက်ဆိုင်ရာထောက်ခံချက်များ အဆင့်ဆင့်ယူ၍ ပြည်ပစျေးကွက်သို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ခြင်းလည်းဖြစ်သည်။တရုတ်စျေးကွက်မှလည်း မှာယူမှုများရှိခြင်းကြောင့် လက်ရှိတွင် မွန်ပြည်နယ်မှ ကွမ်းသီးများကို တင်ပို့ရန် ပြင်ဆင်နေပြီး ခူးဆွတ် အခြောက်လှန်းပြီးနောက် သတ်မှတ်အရည်အသွေးအတိုင်းရရှိသည့်အခါ ကွမ်းသီးထုတ်လုပ်သူများအသင်းမှ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရ၏ ထောက်ခံချက်၊ မြို့နယ်အထွက်နှုန်း ထောက်ခံချက်များရယူ၍  ပွဲရုံများမှ အဆင့်ဆင့်လက်ခံရကာ ပြင်ပစျေးကွက် တင်ပို့ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာ့ကွမ်းသီးများကို တရုတ်နိုင်ငံအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှလည်း ဝယ်ယူခြင်းရှိပြီး ယခင်နှစ်များကတည်းက တရုတ်နိုင်ငံက ဝယ်ယူခြင်းများရှိခဲ့သည်။ယခုနောက်ပိုင်းတွင် ပိုမိုဝယ်ယူလာခြင်းဖြစ်သလို ပို့ကုန်ဝယ်လက်များက စျေးကွက်အရောက်ချိတ်ဆက်၍ ဝယ်ယူခြင်းများရှိလာခဲ့သည်။ထိုပို့ကုန်ဝယ်လက်များက ဝယ်ယူကြသည့်အခါတွင် ကွမ်းသီးနုများနှင့် ကွမ်းသီးခြောက်များကိုလည်း ဝယ်ယူခြင်းများရှိသည်။

တရုတ်လူမျိုးများသည် ကွမ်းသီးကို အရသာပိုကောင်းအောင် ပေါင်းစပ်ဖော်ထုတ်၍ အဆာပြေ သရေစာအဖြစ် လူကြီးလူငယ်မရွေး စားသုံးလေ့ရှိကြသည်။ကွမ်းသီးကို အဆာပြေ သရေစာအဖြစ် ယင်းကဲ့သို့စားသုံးမှုကို နောက်ပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများ၌ပါ ရေပန်းစားလာခဲ့သည်။ထို့အပြင် ကွမ်းသီးနုများစွာကိုလည်း တရုတ်နိုင်ငံက ဝယ်ယူ၍ ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချခြင်းများရှိသလို ယင်းကဲ့သို့ ရောင်းချမှုမှ ဝင်ငွေ တစ်နှစ်လျှင် ယွမ်ဘီလီယံ ၃၀ လောက် ရလေ့ရှိတတ်ကြောင်း ဆိုထားကြသည်။

အပြင်ပိုင်း အခွံစိမ်းလျှင် ယေဘုယျအားဖြင့် ကွမ်းသီးနုဟု သတ်မှတ်ကြပြီး ကွမ်းသီးအနုများကို အခိုင်လိုက်ဖြင့်လည်းကောင်း၊ အလုံးလိုက်ဖြင့်လည်းကောင်း၊ ကီလိုချိန်ဖြင့်လည်း အရောင်းအဝယ်ပြုလုပ်ကြသည်။ကွမ်းသီးနု၏အပေါ်မှ အခွံကို သရေစာအဖြစ်လည်းကောင်း၊ အစာခြေဆေး၊ သန်ချဆေး၊ ခံတွင်းရနံ့ သန့်စင်ဆေး စသည်ဖြင့် ဆေးဝါးဖော်စပ်ခြင်းဖြင့်လည်းကောင်း၊ အသုံးပြုလေ့ရှိကြပြီး စိတ်နှင့်ပတ်သက်သည့် စိတ်ကျရောဂါဆိုင်ရာ ဆေးဝါးများတွင် အသုံးပြုလေ့ရှိကြသည်။ကွမ်းသီးနုများ၏ အပေါ်ခွံမှာ ဆေးရွက်ကြီးနှင့် ကဖင်းတို့ကဲ့သို့ လူ၏စိတ်ကို တက်ကြွလန်းဆန်းစေခြင်းဖြစ်သည့်တွက် ယင်းကဲ့သို့ သုံးစွဲကြခြင်းလည်းဖြစ်သည်။

ကွမ်းပင်မှာ အပူပိုင်းဒေသတွင် ကြီးထွားသော အပင်မျိုးဖြစ်သည့်အတွက် အာရှနိုင်ငံအများစုဖြစ်သည့် မြန်မာအပါအဝင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဘူတန်၊ သီရိလင်္ကာ၊ နီပေါတို့တွင် စိုက်ပျိုးဖြစ်ထွန်းပြီး အာဖရိကတိုက်ရှိ ကင်ညာနှင့် မော်လဒိုက်တို့တွင်လည်း စိုက်ပျိုးလေ့ရှိကြသည်။

ကမ္ဘာ့စျေးကွက်တွင် ၁၉၆၅ ခုနှစ်နောက်ပိုင်းမှစ၍ ကွမ်းသီးများကို ကုန်သွယ်မှုများရှိလာခဲ့ပြီး ကွမ်းသီးစိုက်ပျိုးရာ နိုင်ငံများတွင် စိုက်ပျိုးဧရိယာများကို တိုးချဲ့လာကြသည်။ကမ္ဘာတစ်ဝန်း ကွမ်းသီးစိုက်ပျိုးမှုအခြေအနေမှာ ၁၉၆၁ ခုနှစ်မှစ၍ ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း နှစ်စဉ် ပျမ်းမျှ စိုက်ပျိုးမှုနှုန်း ၃ ဒသမ ၆၆ ရာခိုင်နှုန်း တိုးလာကြောင်း ကွမ်းသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လေ့လာထားသော သုတေသနစာတမ်းတစ်စောင်၌ ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း ကွမ်းသီးတင်ပို့သော နိုင်ငံပေါင်း ၃၀ ကျော်ရှိနေပြီး ယင်းအနက် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သလို တစ်ကမ္ဘာလုံး ကွမ်းသီးအများဆုံးတင်ပို့သည့် နိုင်ငံများအနက်တွင် နံပါတ် (၂) ဖြစ်သည့် အိန္ဒိယပြီးနောက် ဒုတိယအများဆုံးတင်ပို့ရာ နိုင်ငံအဖြစ် တည်ရှိနေလျက်ရှိသည်။ကွမ်းသီးကုန်သွယ်မှုတွင် စျေးကွက်တွင်ကျယ်လာခြင်းမှာ အခြေခံကွမ်းသီးကုန်ကြမ်းကို အသုံးပြုပြီး စားသောက်ကုန်လုပ်ငန်းအပါအဝင် ဆေးဝါးလုပ်ငန်း၊ ဆိုးဆေးနှင့် လူသုံးကုန်လုပ်ငန်းများတွင်လည်း တွင်ကျယ်စွာ အသုံးပြုလာခြင်းတို့ကြောင့်ဖြစ်သည်။

ထို့ကြောင့် တရုတ်အပါအဝင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီရန်နိုင်ငံတို့မှာ ကွမ်းသီးများကို အဓိကတင်သွင်းနေသည့် ထိပ်တန်း (၅) နိုင်ငံအဖြစ် ရှိနေသလို အာရှနိုင်ငံများမဟုတ်သည့် မော်လဒိုက်၊ အမေရိကန်ပြည်ထောင်စုနှင့် အာရပ်စော်ဘွားများနိုင်ငံတို့မှလည်း တင်သွင်း ဝယ်ယူမှုများကို လုပ်ဆောင်နေကြသည်။ထိုကဲ့သို့ ကွမ်းသီးများကို စျေးကွက်လိုအပ်ချက်များလာသလို တွင်ကျယ်သည့် စျေးကွက်အခြေအနေမျိုး ဖြစ်လာခဲ့ရသည်။

တရုတ်နိုင်ငံမှ ယခုဝယ်ယူနေသည့် အရည်အသွေးမီ ကွမ်းသီးနုမှာ အလေးချိန် ၂၀ ဂရမ်မှ ၃၀ ဂရမ်အတွင်းရှိရန် သတ်မှတ်ထားလျက်ရှိပြီး ဝယ်ယူပြီးနောက်တွင် ကုန်ချောထုတ်လုပ်သည့်အခါ ကွမ်းသီး၏ အတွင်းမှ အဆံကို အသုံးမပြုဘဲ အပေါ်မှ အစိမ်းရောင်အခွံကိုသာ အသုံးပြုမှုများကြခြင်းဖြစ်သည်။တရုတ်နိုင်ငံတွင် ကွမ်းသီးကို ချောကလက်မုန့်လုပ်ငန်းတွင်လည်း အသုံးပြုလေ့ရှိသလို အခြားသော လုပ်ငန်းအသီးသီး၌ အသုံးပြုခြင်းများရှိသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးများကို တရုတ်နိုင်ငံက အခွန်ကင်းလွတ်ခွင့် (၀ ရာခိုင်နှုန်း) အဖြစ် ခွင့်ပြုထားခြင်းကြောင့်လည်း မြန်မာနိုင်ငံမှ ကွမ်းသီးတင်ပို့သူများအနေဖြင့် အခွင့်အလမ်းကောင်းများကို ကြုံလာကာ အကျိုးအမြတ် များပြားစေခဲ့သည်။လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကွမ်းသီး တစ်ပိဿာလျှင် ဒေသပေါက်စျေး ၆၀၀၀ ကျပ်ဝန်းကျင် ရရှိလာပြီး ဝယ်လက်များမှာ ထွက်သလောက် ဝယ်ယူနေခြင်းကြောင့် စျေးကွက်အခြေအနေကောင်းကို ကြုံလာရခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်တာ ကာလအတွင်း၌ပင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး စာရင်းများတွင် အမေရိကန်ဒေါ်လာ ၂၂၁ သန်း ရရှိနေပြီး ယင်းတင်ပို့သော ပို့ကုန်များအတွင်း ကွမ်းသီးများလည်း အပါအဝင်ဖြစ်နေသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလအထိ) ကာလအတွင်း စာရင်းများတွင် မြန်မာနိုင်ငံမှ ပို့ကုန်မှာ ပင်လယ်ရေကြောင်း ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၅၈၄၈ ဒသမ ၄၉၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၇၇၉ ဒသမ ၁၉၆ သန်း၊ စုစုပေါင်း ၉၆၂၇ ဒသမ ၆၉၃ သန်းရှိပြီး ယင်းအနက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၄၀၂ ဒသမ ၆၅၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆၂၃ ဒသမ ၃၈၇ သန်း စုစုပေါင်း ၂၀၂၆ ဒသမ ၀၄၄ သန်း ကုန်သွယ်နိုင်ခဲ့သည်။

လယ်ယာထွက်ကုန်များ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်ပို့ဆောင်မှုတွင် ကွမ်းသီးများမှာလည်း အပါအဝင်ဖြစ်ခဲ့သည်။

ယခုကာလအတွင်း၌လည်း တရုတ်ဘက်သို့တင်ပို့မည့် ဝယ်လက်များက မြန်မာနိုင်ငံမှ ကွမ်းသီးများကို အောက်ခြေပွဲရုံများအထိ ချိတ်ဆက်ဝယ်ယူခြင်းများရှိလာရာ ကွမ်းသီးစိုက်ပျိုးသည့် တောင်သူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည့်အပြင် နိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူကောင်းများ ဖြစ်လာစေမည်ဟု ရေးသားလိုက်ရပေသည်။

ဧပရယ်လ်
Photo Credit - Win Moe Kyaw FB