【 ဆောင်းပါး 】 တရုတ်စျေးကွက်ကြိုက် မြန်မာမြစ်၀ကျွန်းပေါ် ကဏန်းများ

【 ဆောင်းပါး 】 တရုတ်စျေးကွက်ကြိုက် မြန်မာမြစ်၀ကျွန်းပေါ် ကဏန်းများ

ကာလရှည်ကြာစွာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကြားတွင် ကုန်သွယ်ရေးလုပ်ငန်းများလည်း လုပ်ကိုင်နေသလို ရေထွက်ကုန်စည်များ ကုန်သွယ်လုပ်ဆောင်ရာတွင် မြစ်၀ကျွန်းပေါ်ဒေသထွက် ကဏန်းများမှာလည်း စျေးကွက်အကြိုက် ဖြစ်လာကြသည်။
 
မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူတင်သွင်းခြင်းများရှိသလို ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စာရင်းများအရ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၅၄ သန်း တင်ပို့ခဲ့ပြီး ယင်းပမာဏမှာ မြန်မာ့ရေထွက်ပစ္စည်းများ စုစုပေါင်းတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
 
နောက်ပိုင်းတွင် ကပ်ရောဂါအခြေအနေကြောင့် ကုန်သွယ်မှုများ အနည်းငယ်ဆိုင်းသွားခဲ့ပြီးနောက် နောက်ပိုင်းတွင် ကုန်သွယ်မှုများကို တွင်ကျယ်စွာ ပြန်လည်၍ လုပ်ဆောင်လာခဲ့ကြသည်။ယခုလိုကာလတွင်လည်း ကျိုင်းတုံ-မိုင်းလား လမ်းဘက်မှ တင်ပို့ခြင်းများရှိခဲ့သည်။
 
မြန်မာနိုင်ငံတွင် ကဏန်းကို ဧရာ၀တီတိုင်းဒေသကြီး၊ မွန်၊ တနင်္သာရီနှင့် ရခိုင်ဒေသမှ အများဆုံးဖမ်းဆီး ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် ဧရာ၀တီတိုင်းဒေသကြီးရှိ မြစ်၀ကျွန်းပေါ်ဒေသမှ ကဏန်းများက အများဆုံးစျေးကွက်ဝင်နေလျက်ရှိသည်။
 
သဘာ၀မှ ဖမ်းဆီးရရှိသည့် ကဏန်းများကို စနစ်တကျဖြင့် ပြန်လည်မွေးမြူထုတ်လုပ်၍ ကဏန်းပျော့ထုတ်ကုန်အဖြစ်ဖြင့်လည်း တင်ပို့ခြင်းများရှိသည်။ကဏန်းကို တန်ဖိုးမြှင့်ထုတ်လုပ်ထားသည့် ကဏန်းပျော့ထုတ်ကုန်မှာ ပြည်တွင်းရှိ စားသောက်ဆိုင်များတွင် စျေးနှုန်းကြီးမားသည့် ဟင်းလျာအဖြစ်ရှိနေပြီး တရုတ်စျေးကွက်မှ နှစ်သက်စွာ ဝယ်ယူမှုအများဆုံးသော အခြေအနေကို ပိုင်ဆိုင်ထားသည်။
 
ထို့အပြင် စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် ဒေသများမှလည်း ဝယ်ယူရန် ကမ်းလှမ်းခြင်းများရှိနေပြီး ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းရှင်အချို့က တင်ပို့မှုများရှိလာကြသည်။ကဏန်းများ ဝယ်လိုအားကောင်းလာသလို စျေးကောင်းလည်းရနေပြီး မြစ်၀ကျွန်းပေါ်ဒေသရှိ လပွတ္တာမြို့အတွင်း ကဏန်းအဝယ်ဒိုင် အရေအတွက် ၁၀၀ ကျော်အထိ ဖွင့်လှစ်ကာ ဒေသအနီး ကျေးရွာအသီးသီးမှ လာရောက်ရောင်းချကြ သည့် ကဏန်းများကို ဝယ်ယူနေကြခြင်းဖြစ်သည်။
 
ထိုသို့သော ဝယ်ယူသူသည့် အဝယ်ဒိုင်များက ဘိုကလေးမြို့ရှိ ဒိုင်ကြီးများဆီ တစ်ဆင့် ရောင်းချပြီး ယင်းမှတစ်ဆင့် ရန်ကုန်စျေးကွက်သို့ပို့ဆောင်ကာ ပို့ကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပြည်ပစျေးကွက်သို့ တင်ပို့ကြခြင်းလည်းဖြစ်သည်။စျေးကွက်အတွင်း ကဏန်းအဝယ်ဆွဲမှုများခြင်းကြောင့် ကဏန်းကုန်ကြမ်းများ လည်း ရှားပါးလာသလို စျေးနှုန်းများ မြင့်တက်လာခဲ့သည်။
 
ကဏန်းတင်ပို့နေသော်လည်း ဝင်ငွေပိုမိုစေသည့် တန်ဖိုးမြှင့်ထုတ်ကုန် ကဏန်းပျော့အဖြစ် ပြန် လည်မွေးမြူလုပ်ကိုင်သူများမှာ လက်ရှိတွင် ကုန်ကြမ်းရှားလာခြင်းကြောင့် လုပ်ကိုင်သူ ၂၀ ရာခိုင်နှုန်းဝန်းကျင်လောက်သာ လုပ်ကိုင်နေကြ သော်လည်း ထွက်သမျှ ထုတ်ကုန်တိုင်းသည် စျေးကောင်းရနေသည့်အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်ရရှိနေခြင်းဖြစ်သည်။
 
ပြည်တွင်းစျေးကွက်တွင် ယခင်က ကဏန်းပျော့တစ်ပိဿာကို ၁၄,၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး ၂၀၂၂ ခု နှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ထိ စျေးထိုးကျသွားခဲ့ဖူးသော်လည်း ၂၀၂၃ ခုနှစ်အတွင်း စျေးနှုန်းများ တရိပ်ရိပ်တက်လာကာ လက်ရှိတွင် အရွယ်အစားပေါ်မူတည်၍ ၁၆,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်နီးပါး ရှိနေပြီဖြစ်သည်။
 
ထိုကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို ယခုလိုနွေရာသီကာလအတွင်း အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူသည့် ကန်တစ်ကန်လျှင် လုပ်သားဦးရေ ၂၀ ဝန်းကျင်လောက် အသုံးပြုကြရသည့်အတွက် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်စွမ်းလည်းရှိသည်။
 
ကဏန်းပျော့မွေးမြူသည့်လုပ်ငန်းမှာ ၁၀၀ ဂရမ်အောက် ရွှံ့ကဏန်းများကို ဝယ်ယူ‌‌ပြီး အခွံပျော့ ကဏန်းအဖြစ် မွေးမြူကြခြင်းဖြစ်သည့်အတွက် သဘာ၀ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်စေသည့် အခြေအနေလည်းဖြစ်သည်။မြန်မာတစ်နိုင်ငံလုံးတွင် ကဏန်းပျော့ မွေးမြူရေးကို လုပ်ကိုင်နေသည့် လုပ်ငန်းများစွာရှိနေပြီး ၎င်းတို့ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ၏ ဘဏ္ဍာငွေအဖြစ် ဒေါ်လာ သန်း ၄၀ ဝန်းကျင်ခန့် ရှာဖွေပေးနိုင်သော အခြေအနေမျိုးကို ပိုင်ဆိုင်လျက်ရှိသည်။
 
မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ်နိုင်ငံသို့ တင်ပို့နေသော ပို့ကုန်ဝယ်လက်များနှင့်အပြိုင် ထိုင်းဘက်သို့ တင်ပို့သည့် ဝယ်လက်များကလည်း အပြိုင်ဝယ်ယူနေကြသည်။ထိုင်းနယ်စပ်ဖြစ်သည့် မောတောင်ကုန်သွယ်ရေးစခန်းမှ ယခု ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၃၆၉ သန်းဖိုး တင်ပို့သည့် ပို့ကုန်များတွင် ၃၁ ဒသမ ၃၀၀ တန်ဖြင့် တင်ပို့ခဲ့သည့် ရေထွက်ကုန်ပစ္စည်းများ အတွင်း ကဏန်းများလည်းပါဝင်ခဲ့သလို တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၀၅၈၀ သန်း ရရှိသည့်အနက် ကဏန်းမှာ ၂၂၅၀ ဒသမ ၇၈၀ ဒေါ်လာ ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
 
၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကာလအတွင်း ပုံမှန် ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၈၄၂၄ ဒသမ ၈၃၁ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄၉၂၃ ဒသမ ၉၃၈ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၃၄၈ ဒသမ ၇၆၉ သန်းကိုကုန်သွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။
 
ယင်းအနက်တွင် ရေထွက်ကုန်ပစ္စည်းများ၏ ကုန်သွယ်မှုမှာ ပုံမှန် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၉၄၃ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၈၂၅ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၈ ဒသမ ၇၆၈ သန်းတို့ကို ကုန်သွယ်နိုင်ခဲ့သည်။ထိုရေထွက်ကုန်ပစ္စည်း များအနက်တွင် ကဏန်းပို့ကုန်များမှာလည်း အရေးပါသည့် အခြေအနေမျိုးဖြင့် အပါအဝင်ဖြစ်ခဲ့သည်။
 
လက်ရှိတွင်လည်း ပြည်ပပို့ရန်အတွက် မြစ်၀ကျွန်းပေါ်ဒေသမှ ကဏန်းကုန်သည်များက ရန်ကုန်ရှိ ပို့ကုန်လုပ်ငန်း ကုမ္ပဏီများထံသို့ ပို့ဆောင်လာကြခြင်းဖြစ်သလို ပြည်ပစျေးကွက်အတွင်း မြန်မာ့ကဏန်းများမှာ စျေးကွက်ဝင်နေဦးမည်ဖြစ်သလို စျေးကွက်အကြိုက်အနေအထားဖြင့် တည်ရှိနေဦးမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်