【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း မြန်မာ့ရေထွက်ကုန်တင်ပို့မှု

【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း မြန်မာ့ရေထွက်ကုန်တင်ပို့မှု

မြန်မာနိုင်ငံကနေ ထွက်ရှိတဲ့ ပို့ကုန်တွေကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများဟူ၍ ကဏ္ဍအလိုက် တင်ပို့နေခြင်းဖြစ်ပါတယ်။

ဒီထဲမှာ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ပမာဏဟာလည်း နိုင်ငံရဲ့ ပြည်ပဝင်ငွေရရှိမှုမှာ အားထားရတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်ပစ္စည်း တင်ပို့ရာတွင် ပင်လယ်ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေအပြင် လေကြောင်းနဲ့ပါ တင်ပို့နေခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်အပါအဝင် ရေထွက်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ နှစ်စဉ်တင်ပို့လျက်ရှိပါတယ်။မြန်မာ့ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများမှရရှိသော ရေထွက်ကုန်များကို ကုန်ကြမ်းများအဖြစ် တိုက်ရိုက်တင်ပို့နေသလို အအေးခန်းစက်ရုံများတွင် စနစ်တကျ ပြုပြင်ထုပ်ပိုးပြီးမှ တင်ပို့မှုများလည်းရှိပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ မြန်မာနိုင်ငံကနေ နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁၆ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၄၂၁ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆၉ သန်း ၊ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၈၁ သန်းကျော်နဲ့  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး တင်ပို့ခဲ့ရပါတယ်။

အလားတူ ၂၀၁၈ မီနီဘတ်ဂျက်တွင်လည်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၃၀ ကျော်၊ ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၈ သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၈၅ သန်းကျော်၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော်နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ  ၇၆၅ သန်းကျော်ဖြင့် အသီးသီးတင်ပို့ခဲ့ပါတယ်။

ယခုလက်ရှိ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလဆန်းပိုင်းအထိ ၁၀ လနီးပါးကာလအတွင်းမှာ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ပမာဏဟာလည်း  အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော် တန်ဖိုး တင်ပို့ခဲ့ပြီးဖြစ်တယ်လို့  စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့ခဲ့မှုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၈၅၈ သန်းကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ မြန်မာ့ရေထွက်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့မှုတွင် ၁၀ နှစ်အတွင်း သိသိသာသာ တိုးတက်လာခြင်း မရှိသေးတာကိုလည်း ထုတ်ပြန်ချက်ကိန်းဂဏန်းတွေမှာ တွေ့နေရပါတယ်။အထူးသဖြင့် အခုနောက်ပိုင်းကာလ သုံးနှစ်အတွင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၈၅၈ သန်းကျော် တန်ဖိုးဖြင့် အများဆုံးတင်ပို့ခဲ့ရတဲ့ ပမာဏကိုတောင် ပြန်လည်ရောက်ရှိလာခြင်း မရှိသေးတာ တွေ့ရပါတယ်။

အလားတူပဲ လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏဟာ အိမ်နီးချင်းနိုင်ငံများမှ တင်ပို့နေသော ပမာဏနှင့် နှိုင်းယှဉ်ပါကလည်း အလွန်နည်းနေသေးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရေထွက်ကုန်တွေကို ပြည်ပသို့ တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်၍ တင်ပို့သင့်ကြောင်း အကြံပြုမှုတွေလည်း ရှိနေပါ တယ်။ ၂၀၂၀ ခုနှစ် မတိုင်ခင်က မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေကို ရေထွက်ပစ္စည်းများ တင်ပို့ခဲ့ရာတွင် တရုတ်နိုင်ငံသို့ နှစ်စဉ် ရေထွက်ကုန်ပစ္စည်း ၅၀ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့ရပါတယ်။

လက်ရှိတွင်လည်း  မြန်မာနိုင်ငံက ထွက်ရှိသည့် ရေထွက်ကုန် ၃၀ ရာခိုင်နှုန်းဝန်းကျင်ကို   တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိခြင်းကြောင့်  တရုတ်နိုင်ငံဟာ မြန်မာ့ရေထွက်ကုန်တင်ပို့မှု၏ အဓိကဈေးကွက်တစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။

ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင်တင်ပို့နေပြီဖြစ်ပါတယ်။ယခုကဲ့သို့ မွေးမြူရေး ရေထွက်ကုန်များကို တရားဝင် တင်ပို့ခွင့်ရရန်အတွက် လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကတည်းကပင် ဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်အပါအဝင် ရေထွက်ကုန်တို့ကို ပင်လယ်ရေလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံကတော့ မြန်မာ့ရေထွက်ကုန်တင်ပို့မှုရဲ့ အဓိကဈေးကွက်တစ်ခု ဖြစ်နေဆဲပါ။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး၊ အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းမှာ လက်မှတ်ရေးထိုးထားပါတယ်။

တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန်အတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း စည်းကမ်းချက်များနှင့်အညီ မွေးမြူထုတ်လုပ် တင်ပို့ရန် လိုအပ်တယ်လို့ အကြံပြုချက်တွေလည်းရှိနေပါတယ်။တရုတ်နိုင်ငံဟာ လက်ရှိအချိန်ထိ မြန်မာ့ရေထွက်ကုန်တင်ပို့မှုရဲ့ အဓိကဈေးကွက်တစ်ခုဖြစ်နေဆဲဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေပါ တင်ပို့နိုင်တဲ့ အားသာချက်တွေရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းကနေထွက်ရှိတဲ့ ရေထွက်ကုန်တွေကို ပြည်ပတင်ပို့မှုပမာဏ တိုးမြှင့်နိုင်ရေးမှာလည်း တရုတ်နိုင်ငံဟာ အရေးပါတဲ့ စျေးကွက်တစ်ခုဖြစ်နေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။

ခန့်မောင်