【 ဆောင်းပါး 】 ငါးရှဉ့်နှင့် ကဏန်းတို့၏ တရုတ်ဈေးကွက်

【 ဆောင်းပါး 】 ငါးရှဉ့်နှင့် ကဏန်းတို့၏ တရုတ်ဈေးကွက်

မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင် ပေါများသည့်အတွက် ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များသည် ပြည်တွင်း၊ ပြည်ပ ဈေးကွက်အားသာချက်များရှိသည်။

ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငရှဉ့်၊ ငါးခြောက်များသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ပျမ်းမျှအားဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်မျှ ဝင်ငွေရရှိနေသော ကဏ္ဍဖြစ်သည်။

ပြည်တွင်းမှ ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလအထိ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၀၇၆ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၅၁ ဒသမ ၀၆၃ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဘဏ္ဍာနှစ်အလိုက် ရေထွက်ပို့ကုန် တင်ပို့မှု နှိုင်းယှဉ်ချက်များအရ ယခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပို့ကုန် တင်ပို့မှုသည် ယခင်နှစ်ထက် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းများအရ သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ မတ်လ ၁ ရက်နေ့အထိ ရေထွက်ပို့ကုန်များ ပြည်ပတင်ပို့မှုအခြေအနေမှာ အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၀၁ သန်းရရှိခဲ့ပြီး ယခင်ကာလတူက အမေရိကန်ဒေါ်လာ ၆၉၀ ဒသမ ၈၁၁ သန်း ရရှိခဲ့သဖြင့် ယခင်နှစ်ထက် လျော့ကျသွားသည့် အခြေအနေများရှိသည်။

ပြည်ပသို့ တင်ပို့နေသော ရေထွက်ကုန်များထဲတွင် ငါးရှဉ့်နှင့် ကဏန်းဈေးကွက်သည် ပို့ကုန်ဝင်ငွေများစွာရသော ရေထွက်ကုန်များဖြစ်သည်။အထူးသဖြင့် ငါးရှဉ့်နှင့် ကဏန်းများ၏ ပြည်ပဈေးကွက်သည် တရုတ်နိုင်ငံဖြစ်သည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ထွက်ရှိသော ငါးရှဉ့်နှင့် ကဏန်းအရှင်များကို ရန်ကုန်၊ မန္တလေးနှင့် မူဆယ်တို့တွင် အရည်အသွေး စစ်ဆေးသော ဓာတ်ခွဲခန်းနှင့် ရေလှယ်ရုံတို့၌  ပို့ကုန်အရည်အသွေးစစ်‌ဆေး၍ တင်ပို့ခြင်းဖြစ်သည်။

ငါးရှဉ့်ကို တင်ပို့ရာတွင် ရေလှယ်ရုံကဏ္ဍသည် အဓိကအရေးပါသည်။အရည်အသွေးမြင့်သော ငါး ရှဉ့်၊ ကဏန်းများ တင်ပို့နိုင်ရန်အတွက် ရေလှယ်ရုံများက အရေးပါခြင်းဖြစ်သည်။

ငါးရှဉ့်နှင့် ကဏန်းများသည် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် အရှင်တင်ပို့ရသည့် ကုန်ပစ္စည်းများဖြစ်ပြီး တရုတ်နိုင်ငံသို့ ၉၀ ရာခိုင်နှုန်းကျော် အများဆုံးတင်ပို့သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲ၌ မော်လမြိုင်မြို့ တစ်မြို့တည်းကပင်  ရန်ကုန်သို့ ငါးရှဉ့်ပိဿာချိန် ၇၇,၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံမှ သိရသည်။
 
နယ်များမှ တင်ပို့ရောင်းချသည့် ရန်ကုန်ငါးရှဉ့်ဈေးကွက် သိသိသာသာ ပိုကောင်းလာကြောင်း ရေထွက်ကုန်တင်ပို့သူများထံမှ သိရသည်။

ဒေသထွက် ငါးရှဉ့်များကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ပြီး ရန်ကုန်မြို့မှတစ်ဆင့် တစ်ခြားသော ပြည်တွင်း၊ ပြည်ပဈေးကွက်များကို ဆက်လက်ဖြန့်ဖြူး ရောင်းချခြင်းဖြစ်သည်။

မော်လမြိုင်၊ ဧရာဝတီ စသော နယ်ဒေသများတွင် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းများရှိသလို သဘာဝအတိုင်း မြောင်း၊ အိုင်၊ ချောင်း၊ လယ်ကွင်းများမှ ရှာဖွေဖမ်းဆီးရရှိသည့် ငါးရှဉ့်များစွာလည်းရှိသည်။နောက်ပိုင်းတွင် သဘာဝအလျောက် ဖမ်းဆီးရရှိသည့် ငါးရှဉ့်များ လျော့နည်းလာသည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးရှဉ့်ဈေးကွက်ကလည်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကောင်းပြီး အထူးသဖြင့် မိုးတွင်းကာလများတွင် ဈေးကွက်သို့ ငါးရှဉ့်များ ပိုမိုဝင်ရောက်သည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရှဉ့်များကို (၅) စင်တီမီတာ လုံးပတ် အထက်များကိုသာ ဖမ်းဆီးတင်ပို့ ရောင်းချခွင့်ပြုထားပြီး ဇွန်လမှ နိုဝင်ဘာလအတွင်းသည် ပြည်ပဈေးကွက် တင်ပို့မှုများသော ကာလများဖြစ်သည်။ငါးရှဉ့်ကို ပြည်ပတင်ပို့ရာတွင် ပါးနီနှင့် ပါးမွှားနှစ်မျိုးကို တင်ပို့ခြင်းဖြစ်သည်။

ငါးရှဉ့်သည် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နှင့် သံဓာတ်များလည်း ပါဝင်သည်။ငါးရှဉ့်တွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော်လည်း ပြည်တွင်းစားသုံးမှုနည်းသည်။
ပြည်ပဈေးကွက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ငါးရှဉ့်များကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့မှတစ်ဆင့်လည်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည်ဟု သိရသည်။

ပြည်တွင်းမှ ထွက်ရှိသော ငါးရှဉ့်၊ ကဏန်းဈေးကွက်သည် တရုတ်နိုင်ငံသို့ အဓိကအားထားရခြင်းဖြစ်သဖြင့် ကိုဗစ်ကာလက တရုတ်သို့ တင်ပို့မှု ရပ်ဆိုင်းထားရသည့်ကာလတွင် ဈေးကွက်ပျက်သွားသည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည်။ကိုဗစ်ကာလနောက်ပိုင်းတွင် တရုတ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်ပေးသည့်အချိန်တွင် ငါးရှဉ့်နှင့် ကဏန်း တရုတ်တင်ပို့မှုဈေးကွက် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ပြည်တွင်း၌ ငါးရှဉ့်ကို စားသုံးသူနည်းသော်လည်း တရုတ်နိုင်ငံတွင် ငါးရှဉ့်စားသုံးသူ များပြားသည်။မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးရှဉ့်ကို တရုတ်နိုင်ငံသို့ ၁၉၉၃ ခုနှစ်မှစတင်၍ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကမ္ဘာပေါ်တွင် ငါးရှဉ့်ကို စားသုံးမှုများသော နိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မကာအို၊ အမေရိကန်နှင့် ကနေဒါတို့ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံသို့ ငါးရှဉ့်တန်ချိန် တစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ငါးရှဉ့်နှင့် ကဏန်းဈေးကွက်သည် နိုင်ငံခြားဝင်ငွေ သန်းနှင်းချီပြီး ရှာပေးနိုင်သော ပို့ကုန်အမယ်တစ်မျိုးလည်းဖြစ်သည်။

ကဏန်း ပြည်ပတင်ပို့သည့် ဈေးကွက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော မွေးမြူရေးကဏန်းပျော့များသည် ရန်ကုန်ဈေးကွက်တွင် အဝယ်များလာကြောင်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ ပြန်လည်တင်ပို့ကြောင်း သိရသည်။

ကဏန်းများ ပြည်ပတင်ပို့ရာတွင် ဈေးကွက်အားသာချက်များရှိသော်လည်း ကဏန်းအခွံပျော့နှင့် အခွံမာ ကုန်ကြမ်းများ ရှားပါးလာခြင်းရှိသည်ဟု ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ထို့ကြောင့် ပြည်ပဈေးကွက် အခိုင်အမာရရှိထားသော ကဏန်းများကို စနစ်တကျ မွေးမြူတင်ပို့ရန် လိုအပ်ချက်များရှိလာသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို  GACC နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ရရှိထားသဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးရှိလာမည်ဖြစ်သည်။

သို့ဖြစ်၍ တရုတ်ဈေးကွက်တွင် အဓိကဝင်ငွေရရှိနေသည့် ငါးရှဉ့်နှင့် ကဏန်း တင်ပို့မှုများလည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။

အမွန်