【 ပြည်တွင်း 】 အပူရှိန်မြင့်တက်လာသည့်အတွက် နေပြည်တော် ပေါင်းလောင်းမြစ်ဘေးမှာ အပန်းဖြေသူများလာ

【 ပြည်တွင်း 】 အပူရှိန်မြင့်တက်လာသည့်အတွက် နေပြည်တော် ပေါင်းလောင်းမြစ်ဘေးမှာ အပန်းဖြေသူများလာ

နေပြည်တော်၊ မတ် - ၂၉

လက်ရှိကာလအတွင် အပူရှိန်မြင့်တက်လာသည့်အတွက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်အတွင်း အပန်းဖြေလာရောက်နားနေသူများ ပိုများလာကြောင်း ဒေသခံများထံမှ သိရပါ တယ်။

“နေပြည်တော်မှာက အပန်းဖြေသွားလာစရာတွေ အများကြီးရှိပါတယ်ဆိုပေမယ့် အပူရှိန်မြင့်တော့ အေးအေးချမ်းချမ်း အပန်းဖြေစရာဆိုလို့ လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်ကမ်းပဲရှိတာ။အဲဒီမှာက မြစ်ကမ်းတစ်လျှောက် စားသောက်ဆိုင်တွေရှိတယ်၊ မြစ်ထဲ ရေစိမ်၊ ရေချိုး၊ စားသောက်ဆိုင်တွေမှာ စားကြသောက်ကြနဲ့ အရမ်းစည်တယ်၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တို့ဆို လူပိုများတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နေပြည်တော်တွင် လည်ပတ်စရာ ဘုရားစေတီများအပြင် အပန်းဖြေစရာများဖြစ်သည့် ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ် တို့အပြင် ပျဉ်းမနားမြို့ အရှေ့ဖျားတွင် ရေပူစမ်းနှင့် ရေတံခွန်များ ရှိနေသော်လည်း အသွားအလာနည်းပါးကြောင်း သိရပါတယ်။

လက်ရှိအသွားအလာများပြီး လူစည်ကားသည့်နေရာမှာ လှေခွင်းတောင်အနီးမှ ပေါင်းလောင်းမြစ်ကမ်း အပန်းဖြေစခန်းကိုသာ အသွားအလာများကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

လင်းလင်း